• Today is: Friday, August 12, 2022

တိုင်းပြည်အတွက် တာဝန်ခံမှု ပျောက်ဆုံးနေပြီလား

“တာဝန်ခံမှု ပျောက်ဆုံးနေသော တိုင်းပြည် (သို့မဟုတ်) မြန်မာနိုင်ငံ” ဟူသည့် ခေါင်းစဉ်ဖြစ် ဥပဒေ အထောက်အကူပြု ကွန်ရက်က အများပြည်သူ လူထုများထံ အစီရင်ခံ ထုတ်ပြန် တင်ဆက်ထားသော စာတမ်းတစောင်ကို တွေ့ရသည်။ ယင်းအစီရင်ခံစာ၏ မာတိကာတွင်

  • နိဒါန်း
  • အကျဉ်းချုပ် တင်ပြချက်
  • ထောက်ခံတင်ပြချက်
  • ဥပဒေ အထောက်အကူပြု ကွန်ရက် မိတ်ဆက်
  • အပိုင်း ၁။ ထူးခြင်းသည့် အခြေအနေများအပေါ် ရှုမြင်ချက်
  • အပိုင်း ၂။ ပြစ်မှုကျူးလွန်ထားသော်လည်း ကင်းလွတ်ခွင့်ရနေသည့် အခြေအနေကို အဆုံးသတ်နိုင်ရန် နှင့် ဥပဒေစိုးမိုးရေး အခြေခံအုတ်မြစ်များကို တည်ဆောက်နိုင်ရန် ဆောင်ရွက်ချက်များ
  • အပိုင်း ၃။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ နောက်ခံဖြင့် ဥပဒေ စိုးမိုးရေးကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းမှု
  • အပိုင်း ၄။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ လူထု၏ အသိပညာမြင့်မားရေးကို ပံ့ပိုးခြင်း
  • အပိုင်း ၅။ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများ၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ဥပ​ဒေတို့နှင့် စပ်လျဉ်းသော ပြဿနာများကို ထောက်ပြခြင်း
  • အပိုင်း ၆။ အသိပညာပေးရေး လုပ်ငန်းများ
  • အပိုင်း ၇။ အခြားအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မှုများ
  • အပိုင်း ၈။ နိုင်ငံတကာဥပဒေများ နှင့် နိုင်ငံတကာစံချိန်စံညွန်းများအား တိုင်းရင်းသား ခုခံစစ်ဆင် အဖွဲ့အစည်းများ (EROs/ANSAs) အနေဖြင့် လိုက်နာရန် တာဝန်ရှိခြင်း
  • အပိုင်း ၉။ နိဂုံးချုပ် သုံးသပ်တင်ပြချက်

စသည့် ကဏ္ဍတို့ကို အပိုင်းများ နံပတ်အလိုက် ဖက်ဒရယ် ဥပဒေ အကယ်ဒမီ၏ လူမှုကွန်ရက် စာမျက်နှာ (Federal Law Academy- Facebook Page)မှ အစီရင်ခံတင်ဆက်ထားသည်ကို တွေ့ရသည်။

တင်ဆက်ထားသည့် မူရင်းလင့်တွင် ရှာဖွေ ဖတ်ရှုနိုင်ရန်။

https://www.facebook.com/384443295086628/posts/1746548452209432/ 

နိဒါန်း

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဥပဒေစိုးမိုးရေးပျက်စီးမှု အဆိုးဆုံးဖြစ်ပွား နေသည်။ နိုင်ငံတကာအရ မှားယွင်းသောပြုမူမှုများ အတွက် ပြည်နယ်များအများစုကြီးတွင်ဖြစ်စေ၊ ပြည်ထောင်စု အဆင့်တွင်ဖြစ်စေ၊ တိုင်းပြည် (State) ကို ကိုယ်စားပြုကာ လူထု၏လုံခြုံမှုကို အဓိက ကာကွယ်စောင့်ရှောက်မည့် အစိုးရသည် မည်သူမှန်းသေချာစွာ မပြောနိုင်တော့။ ငြိမ်းချမ်း၊ တည်ငြိမ်၊ တိုးတက် ဖွံ့ဖြိုးမှုကို စိုးစဉ်းမျှပင် ဦးမတည်နိုင်တော့။

ပြည်ထောင်စု တခုလုံးအား တာဝန်ခံ ကိုယ်စားပြု၍ဖော်ဆောင်မည့် အစိုးရ (State Actor) သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲရလာဒ်အပေါ်အခြေခံ၍ ဖွဲ့စည်းထားသည့် NUG ဖြစ်ခြင်ဖြစ်မည်။ စစ်ကောင်စီကလည်း အိမ်စောင့်အစိုးရအနေဖြင့် ကြေညာကာအစိုးရအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးပမ်းနေသည်။ တိုင်းပြည်ကို တာဝန်ခံကိုယ်စားပြုသည့် အစိုးရ နေရာတွင် ရှုတ်ထွေးမှုများရှိလာသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်ရ ပြည်နယ်တချို့တွင် စနစ်တကျဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ရှိရုံသာမက နယ်မြေဒေသများနှင့် ယင်းတို့တွင် နေထိုင်ကြသော လူထုများအပေါ် အုပ်ချုပ်ရေးချမှတ်ထားသော တိုင်းရင်းသားခုခံ စစ်ဆင်အဖွဲ့ အစည်းများ ရှိကြသည်။ ၎င်းတို့သည် နိုင်ငံတကာဥပဒေအရ ၎င်းပြည်နယ်ကို ကိုယ်စားပြုသည့်အစိုးရများသဘွယ် တာဝန်ရှိလာသော်လည်း သက်ဆိုင်ရာပြည်နယ်များတွင် နိုင်ငံရေး အင်အားစုများနှင့် ပေါင်းစည်းကာ တိတိကျကျတာဝန်ယူမှုကို မတွေ့ရသေး။

ယင်းပြည်နယ်များ အနက်မှနေ၍ သီးခြားလွတ်လပ်သည့် နိုင်ငံတည်ထောင်နိုင်ရေးအတွက် အစိုးရဖွဲ့စည်းပြီး တရားဝင် အသိအမှတ်ပြုမှုကို ရှာသည့်နိုင်ငံရေးအင်အားစုများ နှင့် တိုင်းရင်းသားခုခံ စစ်ဆင်အဖွဲ့အစည်းများလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်သည်။ မျက်မှောက်အချိန်တွင်မူ ပြည်ထောင်စု နိုင်ငံတခုလုံးတွင် တာဝန်ခံမှု ပျောက်ဆုံးနေပါပြီ။

နိုင်ငံတဝှမ်းလုံးကို ကိုယ်စားပြုရပ်တည်ခွင့်ရနိုင်ဘွယ်ရှိသည့် အစိုးရများ State Actors တို့အနေဖြင့် ဖြစ်စေ၊ တိုင်းရင်းသားခုခံစစ်ဆင်နွှဲ သည့်အဖွဲ့(ANSAs) များက သက်ဆိုင်ရာပြည်နယ်များတွင် နယ်မြေ နှင့် လူထုကို ထိန်းချုပ်နိုင်မှုအရအစိုးရများ (Defacto Governments) များအနေဖြင့်ဖြစ်စေ ၎င်းတို့အားလုံး သည် မြန်မာနိုင်ငံအတွင်း ကျူးလွန်ဖြစ်ပွားခဲ့သော နိုင်ငံတကာအဆင့်ပြင်းထန်သည့် ပြစ်မှုကြီးများ အား (အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်တွင်) မည်ကဲ့သို့အရေးယူကိုင်တွယ် ဆောင်ရွက်သည်ကို အလေးထားလေ့လာ ရန်လိုအပ်လာသည်။ ယင်းမှာ ဥပဒေစိုးမိုးမှုအခြေခံမှနေ၍ ငြိမ်းချမ်း၊ တည်ငြိမ်၊ တိုးတက်သော ပြည်ထောင်စု နိုင်ငံကြီးပေါ်ထွန်းလာစေရေးအတွက် သော့ချက်ဖြစ်လာသည်။

ယင်းနောက်ခံများမှနေ၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တရက်နေ့မှ ဇူလိုင်လ ၃၁ ရက်အထိ ခြောက်လတာ ကာလအတွင်း ဥပဒေအထောက်အကူပြု ကွန်ရက်က လှုပ်ရှားလုပ်ဆောင်လုပ်ဆောင်ခဲ့သည့်အတွေ့အကြုံကို အခြေခံ၍ ဤ အစီရင်ခံစာ၏ အပိုင်း(၁) မှ (၇) အထိအတွင်း သုံးသပ်တင်ပြခြင်းဖြစ်ပါသည်။ အပိုင်း (၈) တွင် ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံ ၌ သက်ဆိုင်ရာပြည်နယ်များအတွင်း အုပ်ချုပ်ရေးချထား နိုင်သော တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့ အစည်းများ (EROs/ANSAs) အနေဖြင့် လွတ်လပ်ရေးကြိုးပမ်းသွား သည်ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအတွင်း ဆက်လက်ရပ်တည်ကြသည်ဖြစ်စေ၊ တိုင်းပြည်နှင့် လူုထုအပေါ် တာဝန်ခံသော အစိုးများအဖြစ်ရပ်တည်နိုင်ကြစေရန် ဥပဒေစိုးမိုးရေးအခြေခံတွင် နိုင်ငံတကာဥပဒေများ နှင့် နိုင်ငံတကာစံချိန်စံညွှန်းများအား အဘယ်ကြောင့် လိုက်နာသင့်ကြောင်းဖော်ပြထားပါသည်။ အထက်ပါတို့အားလုံးအပေါ် အပိုင်း (၉) တွင် နိဂုံးချုပ်၍ ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်တင်ပြထားပါသည်။

စာရှုသူများအလွယ်တကူ လေ့လာခွင့်ရစေရေးအတွက်ဤအစီရင်ခံစာ၏ အစပိုင်း (အကျဉ်းချုပ်တင်ပြချက်ပြီးလျင်) ဥပဒေအထောက်အကူပြု ကွန်ရက်၏ ထောက်ခံတင်ပြချက်အား တဆက်တည်းဖော်ပြထားပါသည်။ ယင်းမှာ တာဝန်ခံမှုရှိသော တိုင်းပြည်အဖြစ်သို့ပြောင်းလဲ တည်ဆောက်နိုင်ရေးကြိုးပမ်းရာတွင် အထောက်အပံ့ဖြစ်နိုင်စေရေးအတွက် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ က NUG အား မြန်မာနိင်ငံ၏ တရားဝင်အစိုးရအနေဖြင့် အသိအမှတ်ပြုသင့်သည့် အခြေအနေများနှင့် လိုအပ်ချက်များအား တင်ပြတောင်းဆိုထားခြင်းဖြစ်ပါသည်။

  • အကျဉ်းချုပ်တင်ပြချက် (Executive Summary)

တိုင်းပြည်ကိုကံဆိုးမိုးအမှောင်ဆုံးအခြေအနေသို့ထပ်မံကျရောက်စေသည့် စစ်တပ်အာဏာ သိမ်းမှု ကြီးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပွားခဲ့ပါပြီ။ အာဏာသိမ်းမှုအား ပြည်သူလူထု ကြီးတရပ်လုံးနီးပါးက နည်းလမ်းပေါင်းစုံ အသုံးပြု၍ တခဲနက်ဆန့်ကျင်လာခဲ့ကြ၊ ဆန့်ကျင်နေကြဆဲ ဖြစ်ခြင်းမှာ မြန်မာနိုင်ငံ၏ အရေးပါသောသမိုင်းဖြစ်စဉ်တရပ်ဖြစ်သွားခဲ့ပါပြီ။ ယင်းတွင် ဥပဒေ အထောက်အကူပြုကွန်ရက် (LAN) သည် အဓိကအားဖြင့် ဥပဒေစိုးမိုးရေးရှုထောင့်မှ တခန်းတကဏ္ဍမျှ ပါဝင်ခဲ့ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီလ မှ ဇူလိုင်လ အထိ (၆) လတာကြိုးပမ်းဆောင်ရွက်မှုများအား အောက်ပါ အခြေခံအကြောင်းရပ်ကြီးများ ကိုထင်ဟပ်လျက် ဤအစီရင်ခံစာဖြင့် မှတ်တမ်းတင်လိုက်ခြင်း ဖြစ်ပါသည်။

(၁) စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နိုင်စေရေးအတွက် ဥပဒေစိုးမိုးရေးကိုဖျက်ဆီးသည့် အာဏာဟောင်း အုပ်ချုပ်မှုအား ဖက်ဒရယ်ဒီမိုကရေစီအခြေခံတွင် ဥပဒေစိုးမိုးရေးကို တည်ဆောက်သည့် အာဏာသစ် အုပ်ချုပ်မှုဖြင့်အစားထိုးရပါမည်။ ဥပဒေစိုးမိုးရေးကိုစနစ်တကျ မတည်ဆောက်နိုင်ပါက လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်တို့သည် မည်သည့်အခါတွင်မျှ မအောင်မြင်နိုင်။

(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဥပဒေစိုးမိုးရေးအခြေခံမှ ချဉ်းကပ်ရန်လိုပါမည်။ နိုင်ငံတကာအဆင့် ပြစ်မှုကြီးများကျူး လွန်ထားသူများအား ထိုက်သင့်သည့်ပြစ်ဒဏ်များ ပေးအပ်ခြင်းမပြု၊ ပြစ်မှုကျူးလွန်ခံထား ရသူများ၏ဘဝနှင့် နစ်နာမှုများ အားကုစားရေးကို အဓိကမထားဘဲ ပြစ်မှုကျူးလွန်သူများနှင့် အဆင်ပြေအောင် ပေါင်းရေးကို အဓိကထားခဲ့သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးသည် ကျဆုံးသွားခဲ့ပါပြီ။ ဥပဒေစိုးမိုးရေးကို လုံး၀ မျက်ကွယ်ပြုခဲ့သောကြောင့်ဖြစ်သည်။ မည်သည့်နည်းနှင့်မျှ ယင်းကို ပြန်လည်အသက်မသွင်းသင့်တော့။

(၃) စစ်အာဏာရှင်စနစ်ကိုဖော်ဆောင်သည့် စစ်ကောင်စီကတဘက်၊ ပြည်သူလူထု အများစုကြီးက တဘက် ဖြစ်ပွားနေသည်မှာ အဓိကပဋိပက္ခဖြစ်သည်။ တချိန်တည်းတွင် အဓိကမဟုတ်သော ပဋိပက္ခများနှင့် အားပြိုင်မှုများအား မှန်ကန်စွာကိုင်တွယ်ဖြေရှင်းနိုင်၊ အင်အားစုများအားစနစ်တကျ နေရာချထားနိုင်မှသာ စစ်ကောင်စီကိုအောင်မြင်စွာ တိုက်ပွဲဝင်နိုင်ပါမည်။ ယင်းကိုဦးတည်ပါမူ အချင်းချင်းအကြား ညှိနိုင်းဖြေရှင်း ၍မရသော ပြဿနာများအားလွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်ပြီး လိုအပ်သောရင်းမြစ်များ ဖြည့်ဆည်း ခြင်းခံရသည့် တရားစီရင်ရေး၏ အဆုံးအဖြတ်ကိုခံယူပြီး ဖြေရှင်းသည့် အစဉ်အလာကို တည်ဆောက်ရန် လိုအပ်ပါသည်။ ယင်းမှာဥပဒေစိုးမိုးရေး၏ ဝင်ရိုးဖြစ်ခြင်းကြောင့်ပင်။

(၄) နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ရှင်းမည်ဟူသည့် ကြွေးကြော်သံမှာ ရှစ်လေးလုံးမတိုင်ခင်ကာလ အထိလက်တွေ့ဖော်ဆောင်၍ ရနိုင်ခဲ့ပါသည်။ သို့ရာတွင် ယင်းနောက်ပိုင်းမှစတင်၍ တပ်မတော် စစ်ခေါင်းဆောင်များက အဆက်မပြတ် ကျူးလွန်ခဲ့သည့် ပြစ်မှုကြီးများ၊ ယင်းသို့ကျူး လွန်ခဲ့မှုများအားလွတ် ကင်းခွင့်ရနိုင်စေမည့် ဥပဒေစနစ်ချမှတ် ကျင့်သုံးခဲ့မှုများကြောင့် ယနေ့ကာလတွင်လက်တွေ့ မကျတော့။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ရှင်းမည်ဟူသည်ကို အသံကောင်းဟစ်နေမှုသည် ပြည်ထောင်စုနိုင်ငံကြီး အတွက် မည်သည့်အခါတွင်မျှ ငြိမ်းချမ်းမှုကိုဖော်ဆောင်ပေးနိုင်မည် မဟုတ်တော့။ နိုင်ငံရေးပြဿနာများ အားဥပဒေစိုးမိုးရေးအခြေခံဖြင့် ကိုင်တွယ်ဖြေရှင်းရန်လိုအပ်ကြောင်း အာဏာသိမ်းပြီး နောက်ပိုင်းဆက် တိုက်ဖြစ်ပေါ်နေသောဖြစ်ရပ်များက သက်သေထူလျက်ရှိပါပြီ။

(၅) လွတ်လပ်၊ တရားမျှတ၊ ဖွံ့ဖြိုးတိုးတက်၊ ငြိမ်းချမ်းတည်ငြိမ်သည့် ပြည်ထောင်စုနိုင်ငံကြီးအဖြစ် အသွင်ပြောင်းနိုင်ရေးအတွက် ဥပဒေစိုးမိုးရေးအား အုတ်မြစ်ချရန်ကိုမူ နိုင်ငံရေးအင်အားစုအားလုံးနီးပါးက ယေဘုယျလက်ခံကြသည်။ သို့ရာတွင် စစ်ကောင်စီ ကိုအရင်တိုက်၊ ကျန်သည့်ကိစ္စများအား ပြီးမှရှင်းဟူ သည့်အသံများက ကျယ်လောင်စွာ ထွက်ပေါ်လျက် ရှိနေသေးသည်။ ဥပဒေအထောက်အကူပြုကွန်ရက် အနေဖြင့် မူစစ်အာဏာရှင်စနစ်နှင့် စစ်ကောင်စီကို တိုက်နေစဉ်မှာပင် ဥပဒေစိုးမိုးရေးအား အုတ်မြစ်ချတည် ဆောက်သွားရန် အခိုင်အမာ တိုက်တွန်းတောင်း ဆိုနေဆဲဖြစ်သည်။

(၆) (အနည်းဆုံးသော ကန့်သတ်မှုဖြင့်) လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကျင့်သုံးခြင်းသည် ဒီမိုကရေစီ၏ အသက်သွေးကြောဖြစ်သည်။ အာဏာရှင် စစ်ခေါင်းဆောင်များ နှင့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုံချရန် လိုအပ်သလို၊ ယင်းတို့ကို ဆန့်ကျင်တိုက်ပွဲဝင်လျှက်ရှိသော မည်သည့် အင်အားစုများကို မဆို ဆန္ဒစွဲမဟုတ်ဘဲ၊ အချက်အလက်အပေါ် အခြေခံလျှက် အကျိုုးအကြောင်းနှင့် သင့်တင့်လျောက်ပတ်စွာ ဝေဖန်ထောက်ပြရန် လိုပါမည်။ ယင်းတို့ဖြင့် အာဏာရှင်စနစ်ကို တိုက်နေစဉ်မှာပင် ဒီမိုကရေစီကို မှန်ကန်စွာ ကျင့်သုံးခြင်းဖြစ်သလို ဥပဒေစိုးမိုးရေးကိုလည်း အုတ်မြစ်ချရာ ရောက်ပါမည်။

(၇) စစ်ကောင်စီကို တိုက်ပွဲဝင်နေစဉ်မှာပင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်အား အတည်ပြုကျင့်သုံးဘို့လိုပါမည်။ ယင်းသို့ဖြင့် CRPH/NUG သည် ပြည်နယ်အားလုံးကို ယေဘုယျ လွှမ်းခြုံကာ အားကောင်းသည့် စုဖွဲ့မှုကြီးတရပ် ဖြစ်လာစေလိုသည်။ သို့ရာတွင် ယင်းစုဖွဲ့မှုကြီးမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရ ပြည်နယ်များ၏ (ရာခိုင်နှုန်းအပြည့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကန့်သတ်ရန် ထိန်းချုပ်ရန် မဟုတ်။ ပံ့ပိုးနိုင်စေရန်ဖြစ်သည်။ ယင်းအခြေခံမှ သင့်တင့်လျောက်ပတ်သည့် ဗဟိုကွပ်ကဲမှု (Optimal Centralization) ကိုရှာဖွေသွားရန်ဖြစ်သည်။ တင်းကြပ်သည့် ဗဟိုချုပ်ကိုင်မှု (Rigid Centralization) ကိုစွန့်လွှတ်ရန်ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ခြင်းကြောင့် ဗဟိုချုပ်ကိုင်မှု အထိုက်အလျောက်ရှိ ရမည်ဖြစ်သည်။ သို့ရာတွင် ဗဟိုချုပ်ကိုင်မှုလိုအပ်သည်ဟု ကြွေးကြော်ကာ တပြည်ထောင်စနစ်အား ပုံစံတမျိုးဖြင့် ကျင့်သုံးခြင်းမျိုးမဖြစ်သင့်။

(၈) စစ်ကောင်စီကို တိုက်ပွဲဝင်နေစဉ်မှာပင် ပြည်နယ်အသီးသီးတွင် ပြည်နယ်အစိုးရများအနေဖြင့် ရပ်တည် လာနိုင် ဘွယ်ရှိသည့် နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားခုခံစစ်ဆင်နွှဲနေကြသည့်အဖွဲ့များ (EROs/ANSAs) အနေဖြင့်ဖြစ်စေ၊ ပြည်ထောင်စု အဆင့်ကိုကိုယ်စားပြုခွင့်ရနိုင်သည့် NUG (State Actor) အနေဖြင့် ဖြစ်စေ၊ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာပြစ်မှုဆိုင်ရာဥပဒေ၊ နိုင်ငံ တကာ လူ့အခွင့်အရေးဥပဒေများ နှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့အား အတတ်နိုင် ဆုံး လေးစားလိုက်နာ ဖော်ဆောင်ခြင်း ဖြင့် ဥပဒေ စိုးမိုးရေးကို တည်ဆောက်ရန်ဖြစ်သည်။

(၉) အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံရင်ဆိုင်နေရသောမှုခင်းတွင် (တိုင်းပြည် အဆောက် အအုံကို ကာကွယ်သည်ဟူ၍ အသံကောင်းဟစ်ကာ) မြန်မာစစ်တပ်ကကျူးလွန်ခဲ့သည့် ပြစ်မှုကြီး များအား ဖုံးဖိပေးခဲ့သည့်မူဝါဒကို စွန်လွှတ်သင့်သည်။ ရိုဟင်ဂျာလူထုများအား တပ်မတော် (မြန်မာစစ်တပ်) က နိုင်ငံတကာအဆင့်ပြစ်မှုကြီးများ ကျူးလွန်သည့်အခြေခံမှ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ပြောင်းလဲရပ်တည် ရင်ဆိုင်သင့်သည်။ နိုင်ငံတကာပြစ်မှု ဆိုင်ရာတရားရုံး (ICC) တွင်လည်း အာဏာသိမ်းပြီး နောက်ပိုင်း မြို့ကြီးမြို့ငယ်များတွင် ကျူးလွန်သောမှုခင်းများသာမက အနည်းဆုံးအားဖြင့် ၂၀၁၁ ခုနှစ် နောက်ပိုင်းမှနေ၍ တိုင်းရင်းသား ပြည်နယ်များတွင် ဖြစ်ပွားခဲ့သောမှုခင်းကြီးများကို လည်းတင်သွင်းအရေး ယူဆောင်ရွက်နိုင်ရေး ကြိုးပမ်းရန်လိုပါသည်။

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာလ ၁၇ ရက်၊ ၂၀၂၁

PDF မူရင်း အပြည့်အစုံလင့် အခမဲ့ ဒေါင်းလုတ်၍ ဖတ်ရှုနိုင်သည်။

https://drive.google.com/file/d/1O1IzDCWD9gc_gMiBgGrt5pbmGisCGtuH/view?fbclid=IwAR0AHgyRo8DdNnReB75O0jLSsg3lzGJw9JKij7D1Q37zpz3YAb4ztYCSuZQ