• Today is: Wednesday, December 7, 2022

မြန်မာ့နိုင်ငံရေးကစားကွင်း

မြန်မာ့နိုင်ငံရေးကစားကွင်း

ဦးထွန်းအောင်ကျော် (ABSDF ဥက္ကဌဟောင်း) ဆောင်းပါး

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၁

အာစီယံရဲ့ ညှိနိုင်းရေး ပုဂ္ဂိုလ်က စကစကို လူမှုရေးအကူအညီတွေ ပေးနိုင်ဖို့အတွက် အပစ်အခတ် ၄ လ ရပ်ဖို့ဆိုတယ်။ စကစက ချက်ချင်း သဘောတူလိုက်တယ်။ သူတို့ဟာ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတဲ့ အကြောင်းကို ကမ္ဘာကို ကြော်ငြာ ထိုးခွင့် ရသွားတယ်။

မြန်မာ့နိုင်ငံရေး ကစားကွင်းထဲကို ဝင်ကြည့်တဲ့အခါ ဒီဒေး၊ ဒီဒေးနဲ့ ပြည်သူတွေက မေးနေကြတယ်။ ဘယ်တော့လာမှာလဲ မလာသေးဘူးလားနဲ့ အသံတွေ လှိုင်နေတော့ ပြည်သူတွေက တောင်းဆိုနေကြပြီ၊ ဒီဒေးကြေညာမှ ရတော့မယ် အချိန်ဆွဲလို့ မရတော့ဘူးဆိုပြီး NUG က ထပြီး ကြေညာလိုက်တယ်။ ပြည်သူတွေထဲကလည်း ထကကြတဲ့သူ ကကြပေါ့။ ဝမ်းသာ အားရလည်း ဖြစ်ကြနဲ့ပေါ့။ မကြာခင် တိုက်ပွဲတွေ ပြင်းထန်လာ ကြတော့မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ စကစက ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ဖို့ သဘောတူတဲ့အချိန်နဲ့ မရှေးမနှောင်း NUG က တိုက်မယ်လို့ နှိုးဆော်လိုက်တာက ကမ္ဘာ့ဒီမိုကရေစီ အင်အားစုတွေလိုလားချက်တွေ သဘောထားတွေနဲ့ ဆန့်ကျင်ဖက် ဖြစ်သွားခဲ့တယ်။ အနောက်အုပ်စုက စစ်မက်ဖြစ်တာမျိုး အပြန်အလှန်တိုက်ခိုက်တာမျိုးကို မလိုလားဘူး သူတို့ကငြိမ်းချမ်းတဲ့ နည်းနဲ့ပဲသွားစေချင်တယ်။ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့သွားနေသူတွေကို သူတို့ကထောက်ပံ့ကူညီမယ်။ လူအမြင်လည်းလှတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ သူတို့ အကျိုးစီးပွား ရှိမယ်ဆိုရင်တော့ ဝင်တိုက်မှာပဲ။ ဥပမာ အီရတ်နဲ့ လစ်ဗျားမှာ ရေနံရှိတော့ အမေရိကန်က Weapon of Mass Destruction အင်အားကြီး ဖျက်စီးရေး လက်နက်ရှိတယ်ဆိုပြီး အကြောင်းပြ ဝင်တိုက်တာ တကယ်တော့ ဘာမှမရှိဘူး။ အမေရိကန်ကဝင်ရင် တရုတ်ကလည်း နေမှာမဟုတ်ဘူး။ သူ့အိမ်နီးချင်းနိုင်ငံကို သူ့ပြိုင်ဖက် အမေရိကန်ကဝင်ရင် သူကလည်း ဘယ်နေမလဲ ဝင်မှာပဲ။ တရုတ်ဝင်ရင် အိန္ဒိယကလည်း ဝင်လာမှာပဲဆိုတော့ မြန်မာပြည်ကြီး အပိုင်းပိုင်း ကွဲသွားနိုင်တယ်။ တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံလိုဖြစ်သွားနိုင်တယ်။ ဒီထက်လည်း ဆိုးနိုင်တယ်။ ထိုင်းကလည်း သူပိုင်တယ်လို့ ကြေညာထားတဲ့ တနင်္သာရီကို ဝင်ယူနိုင်တယ်။ ဒါကြောင့် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နိုင်ငံကြီးနှစ်ခု အလယ်က မြန်မာပြည်ဟာ မြေဇာပင် ဖြစ်သွားနိုင်လို့ မဝင်ကြတာပဲ။

အဓိက အနောက်နိုင်ငံတွေရော တရုတ်ရော နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးတာကို လိုလားတယ်။ အာဆီယံကလည်း Stake Holders ပတ်သက်သူတွေအားလုံး ပါဝင်ဆွေးနွေးဖို့ အဆိုပြုတယ်။ ဒါကို မင်းအောင်လှိုင်က ပယ်ချတယ်။ NUG ရဲ့ ကာဝန်ကလည်း ဘယ်လိုစေ့စပ်ရေးကိုမှ လက်မခံနိုင်တော့ဘူး၊ အဆုံးထိ သွားမယ်လို့ ဆိုတယ်။ စေ့စပ်ဆွေးနွေးရေးဆိုတာ ကိုယ့်ဖက်က သာလာမှ ကိုယ်ကအပေါ်စီးကနေ ဆွေးနွေးလို့ရမှာ၊ အခုအချိန်မှာ မအလက မြို့တွေနယ်တွေမှာ သူတို့တပ်ရင်း တပ်ဖွဲ့တွေ ချထားနိုင်တုံးပဲ ဖြစ်သလို လေဆိပ်၊ သင်္ဘောဆိပ်၊ ကားဂိတ်တွေမှာလည်း သူတို့က စိုးမိုးထားတော့ သူတို့အနေနဲ့ ဆွေးနွေးမယ် ဆိုရင်တောင် အပေါ်စီးကလာမှာ ကိုယ့်ခေါင်းဆောင်တွေကလည်း သူတို့လက်ထဲမှာ တရားစွဲခံထားရတာကို ရင်ဆိုင်နေရတယ်။ ဒါကြောင့် ဆွေးနွေးညှိနှိုင်းတာတွေထက် ကိုယ်က အသာစီးရလာအောင် အရင် ကြိုးစားဆောင်ရွက်ရမယ်။ Leverage Power လို့ ခေါ်တဲ့ ဆွေးနွေးညှိနှိုင်းစွမ်းအားရှိအောင် လုပ်ဖို့လိုတယ်။ AA ကို ဘာကြောင့် ငြိမ်းချမ်းရေးခေါ်လဲ၊ ဘာကြောင့် ညှိနှိုင်းရသလဲလို့ဆိုရင် AA မှာ Leverage Power ရှိလာတဲ့အတွက်ပဲ။ ဒါကြောင့် NUG ရဲ့ PDF တပ်တွေ အင်အား ကောင်းလာရင် တိုက်အား ကောင်းလာရင် Leverage Power ရှိလာမှာ ဖြစ်တယ်။ ဒီလိုဖြစ်ဖို့က အမြန်ဆုံး လက်နက် တပ်ဆင်နိုင်ရမယ်။ ထိုင်နေပြီး ဘယ်သူလာပေးမလဲ မျှော်နေရုံနဲ့ မရဘူး။ ဝမ်းနှုတ်ဆေးစားထားတာနဲ့မရဘူး ကိုယ်တိုင်လဲ ညှစ်ပေးဖို့ အားစိုက် ပေးဖို့လိုတယ်။ ပြည်သူတွေက တာဝန်ကြေတယ်။ ပြည်တွင်းမှာ ရရာလက်နက်နဲ့ တိုက်နေကြတယ် ပြည်ပက လိုသမျှ ငွေကြေး စိုက်ထုတ်လှူဒါန်းနေကြတယ်။ ကိုယ်ရောက်နေတဲ့ နိုင်ငံအသီးသီးမှာရှိတဲ့ အစိုးရတွေကို စစ်အကြမ်းဖက်အုပ်စုကို မထောက်ခံဖို့ NUG ကို ထောက်ခံဖို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေကြတယ်။

မြန်မာပြည်အခြေအနေက ငြိမ်းချမ်းရေးနည်းနဲ့ ကိုယ်လိုချင်တာကို တောင်းဆိုလို့ မရဘူးဆိုတာ ခံစားနေရတဲ့ မြန်မာပြည်သားတွေပဲ သိတယ်။ ဒါကြောင့် လက်နက်ကိုင်တိုက်ပွဲကို ပြင်ဆင်လာတာ ဖြစ်တယ်။ NUG ရဲ့ လက်နက်ကိုင် တပ်ထောင်တာကို အားပေးတယ်။ ဒါပေမဲ့ မိမိတပ်တွေ လက်နက် မတပ်ဆင်နိုင်သေးဘဲနဲ့ တိုက်ပွဲခေါ်တာကိုတော့ နားမလည်နိုင်ဘူး။

ဒီလိုကြေညာလိုက်လို့ ပြည်သူအများစုက ထင်ထားသလို တပြိုင်ထဲ တိုက်ပွဲတွေ နေရာအနှံပေါ်လာတာတွေ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်မလာဘဲ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေ ရှိတဲ့နေရာမှာ တချို့တလေပဲ တိုက်ပွဲက ဖြစ်လာတယ်။ NUG အနေနဲ့ သူတို့ရဲ့ PDF တွေကို လက်နက် မတပ်ဆင်နိုင်သေးဘဲ အခုလို တိုက်ပွဲခေါ်လိုက်တာကြောင့် PDF တွေက ထွက်မတိုက်နိုင်ဘဲ ဒေသခံကာကွယ်ရေး အဖွဲ့တွေကပဲ တိုက်ရတဲ့ အခြေအနေမျိုး ဖြစ်သွားတယ်။ ဂန့်ဂေါ၊ မြင်သားရွာမှာ ကလေးတွေ အများကြီး သေတာတွေ့တော့ သူတို့သုံးခဲ့တဲ့ လက်လုပ်သေနတ်လေးတွေကို ကြည့်ပြီး ပြည်သူတွေက ဝမ်းနည်းကြေကွဲကြတယ်၊ NUG ကို ဝေဖန်လာကြတယ်။ NUG ကို ဒေါ်လာ ငွေသန်းချီဝင်ပြီး ဘာကြောင့် လက်နက်တွေ မတပ်ဆင်နိုင်သေးတာလဲဆိုတဲ့ မေးခွန်းတွေ တက်လာတယ်။ ပြည်သူတွေ ရုံးမတက်ကြပါနဲ့ အစားအသောက်တွေ စုထားကြပါလို့ သမတကြီးက ပြောခဲ့ပေမဲ့ ဘာမှ အထွေအထူး ဖြစ်မလာဘူး။ ဒီတော့ ရုံးတက်သူတွေကတော့ တက်နေမှာပဲ။ အစားအစာ စုထားတဲ့ သူတွေအဖို့တော့ အပြင်ထွက် ဈေးဝယ်စရာ မလိုတော့ဘူးပေါ့။

NUG က နိုင်ငံခြားကို အားကိုးလို့မရဘူး ကိုယ့်အားကိုယ်ကိုးရတော့မယ်လို့ ပြောတာမှန်တယ် ၈၈တုံးကလဲ ABSDF ဥက္ကဋ္ဌဖြစ်စဉ် ငါတို့ကဒီမိုကရေစီလိုလားသူတွေဖြစ်တယ် ဒါကြောင့် အနောက်ဒီမိုနိုင်ငံတွေက ငါတို့ကို လက်နက်တွေ ပေးမှာပဲလို့မျှော်လင့်ခဲ့သလို NUG ကလည်းမျှော်လင့်ခဲ့တယ် ဒါပေမဲ့ ၇လကျော် ၈လအတွင်း ရောက်လာပြီး လက်နက် ထောက်ပံ့မှုမရမှ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးရမှာဖြစ်တယ်လို့ မြင်လာတာဖြစ်လို့ ကြိုဆိုတယ်။ ဒါပေမဲ့ နိုင်ငံခြားချိတ်ဆက်မှုတွေ အကူအညီတွေကိုတော့ ရှာဖွေနေရမယ် ကြိုးစားနေရမယ် ပုဂ္ဂလိကစိတ်ဝင်စားသူတွေ အဖွဲ့အစည်းတွေကို ချည်းကပ်ရမယ် ရှာကြံနေရမယ်။ ဒါဟာခေါင်းဆောင်နေရာယူထားသူတွေရဲ့အလုပ်ပဲ ။

အထက်ကကိစ္စတွေကို ခြုံငုံသုံးသပ်ရရင် ဒီဒေး ခေါ်ပါ၊ ဒီဒေး မခေါ်သေးဘူးလားဆိုတဲ့ တွန်းအားကို ပြည်သူတွေက ပေးတာထက် စကစက အကွက်ချပြီး သတ်ကွင်းထဲကို ဆွဲခေါ်တာ ဖြစ်နိုင်တယ်။ စကစမှာ စိတ်ဓါတ်စစ်ဆင်ရေးဌာန (Psychological Warfare) ရှိတယ်။ သူတို့က စနစ်တကျ ဖွဲ့စည်းထားတာ။ ဖြစ်နိုင်တာက PDF တပ်တွေမှာ လက်နက် မရှိဘူးဆိုတာ စကစက သိတယ်။ ဒါဟာလည်း ဘာမှမခက်ဘူး တော်လှန်ရေးနယ်မြေနဲ့ ထဲထဲဝင်ဝင်လုပ်နေတဲ့ လူတိုင်း သိနေတာပဲ၊ ဒလံတွေလည်း ရှိနေတာပဲ။ နောက်ဒေသခံ ကာကွယ်ရေး အဖွဲ့တွေမှာလည်း တူးမီးနဲ့ ခေါက်ချိုး သေနတ်တွေပဲ ရှိတယ်။ အဆက်အသွယ်ကောင်းတဲ့အဖွဲ့၊ ငွေကြေးအင်အားကောင်းတဲ့အဖွဲ့ဆိုရင် အမ် ၁၆ တို့ အေကေ ၄၇ တို့ ၂လက် ၃ လက် လောက်ရှိတယ်။ ဒါတောင် ကိုယ့်ဟာကိုယ် ရှာထားတဲ့ ငွေနဲ့ဝယ်ကိုင်လို့။

ဒီလိုအခြေအနေမှာ စကစက တကွက် ထပ်ရွှေ့လိုက်တယ်။ ဒါက သူတို့ဖက်မှာ ၉၃၃ ယောက်သေပြီး အဲဒီထဲမှာ အုပ်ချုပ်ရေးမှူး ၁၀၂ ယောက်၊ ဒလံ ၃၆၉ယောက်၊ ကြံခိုင်ဖြိုးပါတီဝင်အများစုပါတဲ့ ပါတီဝင် ၂၅၃ နဲ့ လုံခြုံရေး ၁၄၀ သေဆုံးပြီး ၁၃၀၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ နိုင်ငံခြား သံတမန်တွေကို ထုတ်ပြောလာတယ်။ ဆိုလိုချင်တာက သူတို့က ငြိမ်းချမ်းရေးလိုလားပေမဲ့ သူတို့ကို ဒီလို သေကြေဒဏ်ရာရအောင် လုပ်နေပါတယ်။ အခုလည်း သူတို့က အပစ်ရပ်ရေးကို သဘောတူတဲ့အခါ တဖက်က စစ်ကြေညာနေပါတယ် ဆိုတာကို ပါးပါးနပ်နပ် ပုံဖော်လာတာ ဖြစ်တယ်။ နောက်ပိုင်း သူတို့က တိုက်ချင်တဲ့အချိန် ပြင်းပြင်းထန်ထန် တိုက်လာခဲ့ရင် သူတို့အလွန် မဟုတ်ဘူးဆိုတာကို ကြိုကာထားတဲ့အကွက်လို့ မြင်တယ်။ အဲ့ဒီအကွက်ထဲကို NUG က ဝင်သွားတယ်လို့မြင်တယ်။ စာရေးသူအနေနဲ့ သိချင်တာက လက်နက်မတပ်ဆင် နိုင်သေးခင် ဘယ်သူက ဒီဒေးခေါ်မှ ရမယ် ခေါ်ရင် တပြည်လုံး ထကြွလာပြီး တိုက်ခိုက်ကြမယ်၊ ပြီးတော့ တပ်တွေထဲက အရာရှိ အရာခံတွေလည်း ပြည်သူ့ဖက်ကို ပြောင်းလာလိမ့်မယ်လို့ ဘယ်သူတွေက မစားရဝခမန်း တိုက်တွန်း အကြံပေးခဲ့သလဲ ဆိုတာပါပဲ။

စကစမှာ ကင်းထောက်နိုင်တဲ့ ခေတ်သစ် ဒရုန်းတွေ ရှိနေတာကြာပြီ။ နောက် လက်နက်စက်ရုံတွေ ဒုံးစက်ရုံတွေ၊ အမြောက် စက်ရုံတွေလည်း ရှိတယ်။ နိုင်ငံအနှံ့အပြား လက်နက်စက်ရုံတွေ ခွဲချထားတယ်။ မြေပြင်၊ ရေပြင်၊ ဝေဟင်သုံးယာဉ်တွေ ရှိတယ်။ ကမ်းရိုးတန်းတွေကို သူတို့ကထိန်းချုပ်ထားတယ်။ ဒီလိုအခြေအနေမှာ သူတို့ကို တိုက်မယ်ဆိုရင် စနစ်တကျ မဟာဗျူဟာဆွဲပြီး အဲ့ဒီမဟာဗျူဟာကို အောင်မြင်အောင် ပံ့ပိုးနိုင်တဲ့ နည်းဗျူဟာတွေ ချပြီး လုပ်ဖို့လိုတယ်။ အခုတော့ NUG က ဖြိုးမင်းသိန်း YBS လုပ်သမျိုး လုပ်သွားတယ်။ မတူတာက ဒီတခါ ရင်းနှီးရမှာက လူ့အသက်တွေပဲ ဖြစ်တယ်။

ဒီနေရာမှာ NUG ရဲ့ ပကဖတပ်တွေကို လက်နက်အပြည့်အစုံ တပ်ဆင်နိုင်ဖို့ နည်းလမ်း ရှာရမယ်။ အဲဒါအပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (ဒကဖ) တွေကိုလည်း ကျောသားရင်သားမခွဲပဲ ပံ့ပိုးကူညီရမယ်။ ဒီအချက်ဟာ စစ်အောင်ရေးမှာ သော့ချက် ကျတယ်လို့ မြင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ပကဖတွေက တပ်တွေအနေနဲ့ တောတောင်တွေထဲက ဆင်းလာတိုက်ဖို့ဆိုတာ ကြာမယ်။ ရန်သူတပ်တွေက အောက်ခြေမှာ အဆင့်ဆင့် ရှိနေတယ်။ မြို့တွေ၊ ရွာတွေမှာ တကယ် တိုက်နေတာက ဒကဖတွေပဲ ဖြစ်တယ်။ ပကဖတွေ မြို့ရွာထဲ ဆင်းလာပြီး ပျောက်ကျားစစ်ကို ဆင်နွဲမယ်ဆိုရင်လဲ နယ်မြေခံဒကဖတွေကို ချဉ်းကပ်ပူးပေါင်းပြီး လုပ်မှ ပိုပြီး ထိရောက်မှာ ဖြစ်တယ်။ ဒါကြောင့် ဒကဖတွေကို အခုထဲက အမြင်ကျယ်ကျယ် ထားပြီး စည်းရုံးထားသင့်တယ်။ ဘယ်လိုစည်းရုံးရမလဲဆိုတော့ သူတို့ကိုလိုနေတဲ့ ရိက္ခာ၊ ဆေးဝါးနဲ့ လက်နက်၊ ကျည်၊ ယမ်း စတာတွေကို ထောက်ပံ့ပေးကမ်းရင်း ယုံကြည်မှုကို တည်ဆောက်ရမှာဖြစ်တယ်။

နောက်အရေးကြီးဆုံးတချက်က EAOs တွေနဲ့ ပကဖတွေ၊ ဒကဖတွေ ရင်းနှီးလာပြီး ပြည်မကြီးနဲ့ ပြည်နယ်တွေ သွေးစည်း လာရေးပဲ။ ဒါကို NUG က လမ်းဖွင့်ပေးရမယ်။ Gate Keeper တံခါးစောင့် မလုပ်သင့်ဘူး ပေါင်းကူး နေရာမှာ ယူသင့်တယ်။ PDF တွေကို ကချင်မှာ ချိတ်ဆက်သင်တန်းပေးထားနိုင်ပေမဲ့ ကရင်ဖက်မှာ အရမ်းအားနည်းနေတယ်။ ကရင်က ကချင်လို လက်နက် မထုတ်လုပ်နိုင်ဘူး။ ကရင်တွေ ၄ ပိုင်းလောက် ကွဲသွားပြီးနောက် အင်အားလျော့သွားတာကြောင့် လက်နက် ထုတ်လုပ်ရေးကို မလှည့်နိုင်တော့ဘူး၊ အဓိက လက်နက်ပေးနိုင်တာက ကချင် ဖြစ်နေတယ်။ ဒီနေရာမှာ ကာကွယ်ရေးဝန်ကြီး (MOD) က သူတို့ PDF ဝင်ထားသူတွေကိုသာ လက်နက်ပေးရမယ်ဆိုပြီး ကန့်သတ်ထားပြန်တယ်။ မြေပြင်က တကယ်တိုက်နေသူတွေက လက်နက်ရဖို့ လွှတ်တော်အမတ်က ထောက်ခံရမယ် ဖြစ်လာတယ်။ ဘာမှမသိမတတ်ဘဲ နေရာယူချင်တဲ့ လွှတ်တော် အမတ်တွေကလည်း ရှိနေတော့ အခက်သားပဲ။ အမှန်တော့ ဒီလို မချုပ်ဘဲ တကယ်တိုက်နေတဲ့ ဒကဖတွေကို MOD ကနေ စစ်ကော်မရှင် ဖွဲ့ပေးထားပြီး ထောက်ခံပေးလိုက်ရင် EAOs တွေနဲ့ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေ အားကောင်းလာစေမှာဖြစ်တယ်။ အမြင်ကျယ်ကျယ်နဲ့ ကြည့်ရင် EAOs တွေနဲ့ ဒေသခံ ကာကွယ်ရေး ခေါင်းဆောင်တွေ ရင်းနှီးခင်မင် ယုံကြည်အားထားမှု ရှိဖို့ကလည်း အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုင်းဒေသတွေထဲကို ဆင်းလာတဲ့အခါ ကရင်တွေ ဝင်လာပြီ၊ ချင်းတွေ ဝင်လာပြီ ဆိုပြီး အရိုင်းအစိုင်းတွေလို စစ်အုပ်စုက ပုံဖော်သွေးခွဲခဲ့တယ်။ ဒီလို စိုးရိမ်မှုတွေကို အဓိက ပျောက်ပြယ်စေမယ့် အရာကတော့ EAOs တွေက ဒေသခံကာကွယ်ရေး ခေါင်းဆောင်တွေကို ကူညီထားတဲ့အတွက် ယုံကြည်ပြီးသားဖြစ်လို့ ဝမ်းပမ်းတသာ လက်ခံကြိုဆိုကြမှာပဲ ဖြစ်တယ်။ ဒါကြောင့် ဒီလို ယုံကြည်မှု တည်ဆောက်မှုတွေကလည်း အနာဂတ်ဖက်ဒရယ် နိုင်ငံထူထောင်ရေးမှာ အလွန်အရေးပါတယ်။ ငါတို့ကို သူတို့က အားပေးကူညီတယ်၊ သူတို့ကိုလည်း ငါတို့ ကူညီမယ်။ ဘုံရန်သူကို အတူတိုက်ကြမယ်ဆိုတဲ့အမြင် ခိုင်မာလာမယ်။

သူတို့ထဲက တချို့အဖွဲ့တွေဟာ NUG မဖွဲ့ခင်ကထဲက ဖွဲ့စည်းပြီး တိုက်ပွဲဝင်နေကြတာကြောင့် သူတို့ကို မိမိလက်အောက်ခံ PDF (ပကဖ) အဖွဲ့အစည်းအဖြစ်ထက် ပိုမိုလွတ်လပ်တဲ့ အဖွဲ့အစည်းအနေနဲ့ ရပ်တည်တာကို လေးစားတန်ဖိုးထားပြီး အစိုးရအဖွဲ့ အနေနဲ့ ကူညီထောက်ပံ့ပေးရင်း ရင်းနှီးမှုနဲ့ ယုံကြည်မှုတို့ကို တည်ဆောက်ရမှာ ဖြစ်တယ်။ အချွေအရံဆိုတဲ့ စကားက အလကားစကား မဟုတ်ပါဘူး၊ ကိုယ်ကချွေမှ သူတို့က ရံလာမှာပါ။ အခု ဖြစ်နေတာက မင်းတို့စာရင်းပေး ငါတို့ PDF (ပကဖ) ထဲကိုဝင် ၂ နှစ်စာချုပ်ချုပ်၊ ဘယ်နေရာမဆို အမိန့်ပေးရင် သွားရမယ်ဆိုတဲ့ ဆောင်ရွက်ချက်က Regular Army ဆိုရင် မှန်ပေမဲ့ ဒကဖ တွေက လက်မခံနိုင်ပါဘူး။ သူတို့က သူတို့မြို့နယ်အတွင်းသာ လှုပ်ရှားချင်ပြီး ရန်သူစိုးမိုးထားတဲ့ နေရာမှာ နေနေကြရတော့ သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်မပြောလိုကြပါဘူး။ သူတို့ ဘယ်သူဆိုတာ သိတဲ့နေ့ သူတို့ မိသားစုတွေပါ အသတ်ခံ၊ အဖမ်းခံရနိုင်တာကြောင့် မပေးကြတာပါ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာတော့ NUG ကို သူတို့က လေးစား အသိအမှတ်ပြုထားပြီး ဖြစ်သလို NUG ရဲ့ အသိအမှတ်ပြုမှုကိုလည်း လိုလားကြပါတယ်။ ဒါကို NUG က အသုံးချတတ်ဖို့ စည်းရုံးတတ်ဖို့ လိုတယ်။ NUG က ဒကဖတွေကို တော်လှန်ရေးပြီးသွားရင် လက်နက်ကိုင်တပ်တွေ မှိုလိုပေါက်နေပြီး ထိန်းချုပ်ရခက်မှာ စိုးတဲ့အတွက် အခုထဲက ထိန်းချုပ်ဖို့ သူ့အောက်ဝင်ဖို့ ကြိုးစားနေတယ်လို့ မြင်တယ်။ control လုပ်တာ လိမ္မာပါးနပ်ဖို့ လိုပါတယ်။ ကိုယ်က ထိန်းချုပ်တယ်ဆိုတာကို မသိအောင် လုပ်နိုင်တာ ပညာပါ။ ကိုယ့်ကို control freak အရာရာကို ချုပ်ကိုင်ထားလိုသူ အနေနဲ့မြင်ရင် ဘယ်သူကမှ မကြိုက်ပါဘူး။

အခုဖြစ်နေတာက “မုန့်ဆီကြော်က ဘယ်မှာမှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား” ဆိုသလို ဖြစ်နေတယ်။ တောလှန်ရေးက မစသေးဘူး။ အောင်ရင် ငါတို့ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို အခုထဲက လုပ်နေတယ်။ ဖြစ်သင့်တာက ငါတို့ဘယ်လို စည်းရုံးယူမလဲ ဘယ်လို ဗျူဟာချမလဲ ဆိုတာပဲ။

ဒီပြဿနာကို ဖြေရှင်းဖို့က ဒေသခံအဖွဲ့အစည်းတွေ သူတို့ပြည်နယ် တိုင်းအလိုက် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး စစ်ကော်မရှင်ဖွဲ့၊ အဲဒီစစ်ကော်မရှင်မှာ ကာကွယ်ရေးဝန်နဲ့ဒုဝန်တို့က ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအနေနဲ့ နေပြီး ဆွေးနွေးညှိနှိုင်း လုပ်ဆောင်ကြမယ်ဆိုရင် ဒကဖတွေ အလိုလို ကာဝန်အောက် ရောက်လာ ပြီး စစ်ဒေသတွေကို စနစ်တကျ ဖွဲ့စည်းလာနိုင်မှာ ဖြစ်တယ်မှာ ဖြစ်တယ်။

အခု ဖြစ်နေတာက ကာဝန်က ကိုယ်နဲ့ရင်းနှီးတဲ့ လွှတ်တော်အမတ်တွေပြောသမျှ ယုံပြီး ဒကဖ ရှိပြီးသား နယ်မြေတွေမှာ PDF (ပကဖ) တွေ အပြိုင်ဖွဲ့တာကို အားပေးတဲ့အပြင် ဘုံရည်မှန်းချက် တူသူတွေ အချင်းချင်း ထချအောင်လုပ်သလို ဖြစ်နေတယ်။ ဒါကြောင့် ဘုံရန်သူ မပျောက်ဖို့ တော်လှန်ရေးသတိ ရှိစေချင်တယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)