• Today is: Thursday, March 28, 2024

တရုတ်၏ အရွေ့ နှစ်ပါး

▄ တရုတ်၏ အရွေ့ နှစ်ပါး

မင်းသေ့ (ဆောင်းပါး)
ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၁
▣ ဆောင်းပါးအကျဉ်းချုပ်။ ။

ဤဆောင်းပါးသည် တရုတ်နိုင်ငံ၏ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရအဖွဲ့အကြား ချိတ်ဆက်ထားသည့် အာဏာအချိတ်အဆက်ကို ထောက်ပြပြီး ပြောင်းလဲလာတဲ့ တရုတ်လူမှုစီးပွားအခြေအနေနဲ့ လိုက်လျောညီထွေဖြစ် လာသည့် တရုတ်ခေါင်းဆောင်မှု အပြောင်းအလဲပုံစံ အပါအဝင် တရုတ်ကွန်မြူနစ်ခေါင်းဆောင်ကြီးများမှသည် တရုတ်အမျိုးသားရေးဝါဒီခေါင်းဆောင်တစ်ဦး၏ ကောက်ကြောင်းထဲမှ အိုင်ဒီယော်လိုဂျီအရွေ့ကို အနည်းငယ် ခြေရာခံထားသောဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

▄ နိဒါန်း

မြန်မာနဲ့ပတ်သက်ပြီး တရုတ်ရဲ့သဘောထားအမြင်တွေကို ခန်းမှန်းလေ့လာရာမှာ၊ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာနနဲ့ တရုတ်သံရုံးတွေ ထုတ်ပြန်တဲ့ထုတ်ပြန်ချက် အပါအဝင် သံအမတ်တွေ ပြောတဲ့စကားတွေကို ကြောင်းကျိုး ဆက်စပ်ပြီးတော့ လေ့လာလေ့ရှိပါတယ်။ ဒါ့အပြင် ဖြစ်တန်စွမ်းသော သတင်းရင်းမြစ်တွေနဲ့ ရှေ့ရှေ့က ဖြစ်ခဲ့သော အတိတ်က အကြောင်းဆက်တွေကို လေ့လာရပါတယ်။ ဒီနေရာမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်ပုံစံကို ယေဘုယျ နားလည်ထားကြမယ် ထင်ပါတယ်။

တရုတ်နိုင်ငံဟာ ပါတီက ထိန်းချုပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဖြတ်သန်းလာတဲ့သမိုင်းတစ်လျှောက်လုံး၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဩဇာအောက်မှာ အစိုးရအဖွဲ့က လုပ်ကိုင်ရ တယ်၊ စစ်တပ်က လှုပ်ရှားဆောင်ရွက်ရ ပါတယ်။ ယခု တရုတ်သမ္မတ ရှီကျင့်ဖျင် ခေတ်ရောက်လာတဲ့အခါမှာ၊ အစိုးရအဖွဲ့ဟာ ပါတီထက် ရှေ့တန်းရောက် လာတယ်လို့ ယူဆရပါတယ်။

သို့သော်လည်း တကယ့်လက်တွေ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါတီရဲ့ အမြင် သဘောထား (အာဘော်)ကို လိုက်ပါ အကောင်အထည်ဖော်ကြရတာ တွေရှိပါတယ်။ လစ်ဘရယ်ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံတွေမှာလို၊ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နိုင်ငံခြားရေးပေါ်လစီကို ပုံဖော်ထုဆစ်နေတာမဟုတ် ပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ပါတီက ပုံဖော်ထုဆစ်တဲ့ နိုင်ငံခြားရေးပေါ်လစီကို တရားဝင် ပြောကြား၊ ထုတ်ပြန်၊ ဖော်ထုတ်၊ ပြသရတဲ့ ရုံးဌာန သက်သက် (office staff) လိုမျိုးဖြစ်နေတတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပါတီထိန်းချုပ်ကွပ်ကဲမှုအောက်မှာ ဖြတ်သန်းလာခဲ့ရတဲ့ တရုတ်နိုင်ငံနဲ့ပတ်သက်ရင် တရုတ် ကွန်မြူနစ်ပါတီရဲ့ သဘောထားတွေကို ငြင်းဆန်လို့ မရသေးပါဘူး။ ဒီတော့ တရုတ် – မြန်မာရေး လေ့လာဆန်းစစ် ချက်တွေမှာ၊ အစိုးရရဲ့ မူဝါဒကိုသာ ချည်းကပ်နေတာထက် တရုတ်ကွန်မြူနစ်ပါတီရဲ့သဘောထားဟာ ဘယ်လို ရှိတတ်သလဲ၊ ဘယ်လို ရှိလေ့ရှိသလဲဆိုတာတွေကို ထည့်တွက်သင့်တယ်လို့ ယူဆပါတယ်။ ထိုနည်းလည်းကောင်း နိုင်ငံခြားရေးမူဝါဒကို လေ့လာဆန်းစစ်တဲ့နေရာမှာ အဲသည့်နိုင်ငံကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့ အတွေးအခေါ် အမြင်အယူအဆတွေကလည်း များစွာ လွှမ်းမိုးမှု ရှိပါတယ်။

အထူးသဖြင့် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးဖြတ်သန်းမှုဟာ သူတို့ စီမံအုပ်ချုပ်တဲ့ တိုင်းပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒ အပေါ်မှာ ကြီးစွာသော သက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားရေးမူဝါဒတွေနဲ့ နိုင်ငံတကာဆက်ဆံရေးဖြစ်ရပ်တွေကို ဆန်းစစ် လေ့လာတဲ့အခါမှာ အင်စတီကျူးရှင်းအခြေခံတဲ့ လေ့လာမှု (institutional based analysis)၊ လူပုဂ္ဂိုလ်ခေါင်း ဆောင်တွေအပေါ် အခြေခံတဲ့လေ့လာမှု (personal based analysis) တွေ လုပ်ရပါတယ်။ ဒါ့ကြောင့် တရုတ်ကွန်မြူနစ်ပါတီဖြတ်သန်းခဲ့တဲ့ သမိုင်းလုပ်ရပ်တွေ အပြင် တရုတ်နိုင်ငံကို ဦးဆောင်နေတဲ့ အထင်ကရ ခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေးဖြတ်သန်းမှု သမိုင်းနောက်ခံတွေကိုလည်း နားလည်ဖို့ လိုပါတယ်။

• တရုတ်ကွန်မြူနစ်ပါတီဟာ ဘယ်ကို ရွေ့လာသလဲ။
• တရုတ်နိုင်ငံ့ခေါင်းဆောင် သမ္မတ ရှီကျင့်ဖျင်ဟာ
ဘယ်လို နိုင်ငံရေးဖြတ်သန်းမှုမျိုး ရှိခဲ့သလဲ။

▄ ခေါင်းဆောင်မှု အရွေ့

တရုတ်ကွန်မြူနစ်ပါတီဟာ ခေါင်းဆောင်ကြီးမော်စီတုန်းခေတ်ကလို တပ်နီတော် လူငယ်တွေနဲ့ ရဲရဲတောက် ကွန်မြူနစ်တွေ၊ တော်လှန်သော မော်ဝါဒီတွေနဲ့ချည်း ပြည့်နှက်နေတာ မဟုတ်တော့ပါဘူး။ တရုတ်နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ လူမှုစီးပွားအခြေအနေအလျှောက် ပြောင်းလဲလာခဲ့ပါတယ်။ ကမ္ဘာနဲ့ ဝင်ဆန့်အောင် တိုးဝင်လာ တဲ့ တရုတ်ဟာ နိုင်ငံတကာ ကျင့်ထုံးတွေနဲ့ နိုင်ငံတကာနှုန်းစံတွေကို ပြည်တွင်းက နိုင်ငံရေးအလွှာနဲ့ အပ်စပ်အောင် တဖြည်းဖြည်း ပြုပြင်တည်ဆောက်ယူခဲ့ရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအတွင်းမှာလည်း နိုင်ငံ့ခေါင်းဆောင်တွေ လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခဲ့ကြရပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံရေးကို မပြောင်းဘဲ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုကိုသာ လုပ်ခဲ့တယ်ဆိုပေမယ့်၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အောင်မြင်စေရေးအတွက် ပါတီတွင်းနိုင်ငံရေး အပြောင်းအလဲ တချို့ကို မဖြစ်မနေ လုပ်ခဲ့ရတာတွေ ရှိပါတယ်။ တနည်းအားဖြင့် ပါတီတွင်း ကျင့်ထုံးတွေ၊ ပါတီတွင်း မူဝါဒတွေနဲ့ ပါတီဝင်တွေရဲ့ အမူအကျင့်တွေကို တစ်စုံတစ်ရာ မပဲ့ပြင်နိုင်ဘဲနဲ့ တရုတ်ရဲ့စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ အောင်မြင်လာမှာ မဟုတ်ပါဘူး။ ပါတီတွင်း ပြုပြင်ပြောင်းလဲရေးတွေကို အတွင်းကျိတ်လုပ်ဆောင်ခဲ့ရတာတွေ ရှိပါတယ်။ ထိုနည်းလည်းကောင်း မော်စီတုန်းခေတ်က အရိုးစွဲလာတဲ့ ကွန်ဆာဗေးတစ်မော်ဝါဒီတွေကို ပြောင်းလဲ ပစ်တာ၊ ဖဲ့ထုတ်ပစ်ရတာတွေ ရှိခဲ့ပါတယ်။

▣ ပါတီ နဲ့ အစိုးရအဖွဲ့

ယနေ့အချိန်အထိ တရုတ်နိုင်ငံဟာ တည်ငြိမ်သော ပြေးလမ်းအပေါ်မှာ စီးပွားရေးအင်အား၊ နိုင်ငံရေးဩဇာနဲ့ စစ်ရေးစွမ်းရည်တွေကို ကျကျနန တည်ဆောက်နိုင်တယ်ဆိုတာ အစိုးရအဖွဲ့နဲ့ ပါတီအကြားမှာ အာဏာမျှခြေညှိ နိုင်လို့ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ဦးဆောင်တဲ့ အစိုးရအဖွဲ့အတွင်းက လူတွေနဲ့ ပါတီအကြားပါဝါချိတ်ဆက်မှု ကောင်းတဲ့ ဖွဲ့စည်းပုံကို မတည်ဆောက်နိုင်ရင်လည်း ဒီနေ့ တရုတ် ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ထိုနည်းလည်းကောင်း အစိုးရအဖွဲ့နဲ့ ပါတီ သီးခြားစီဖြစ်နေရင်လည်း အကွဲအပြဲဟာ ရှိလာနိုင်ပါတယ်။ အစိုးရအဖွဲ့နဲ့ ပါတီကို တစ်သားတည်းဖြစ်အောင် တည်ဆောက်နိုင်တဲ့ဖွဲ့စည်းပုံစနစ်ဟာ ကောင်းမွန်နေပါတယ်။

▣ စုပေါင်း ခေါင်းဆောင်မှု ပုံစံ

မော်စီတုန်း ခေတ်က တရုတ်နိုင်ငံသမ္မတထက် ပါတီဥက္ကဌကြီး ဆိုတဲ့ ရာထူးဟာ ပိုလို့ အခရာ ကျပါတယ်။ အခုတော့ ပါတီဥက္ကဌကြီးဆိုတာ ပျောက်ပြီး ပါတီအထွေထွေအတွင်းရေးမှူး ဆိုတာက ထိပ်တက်လာပါတယ်။ ပါတီအထွေထွေအတွင်းရေးမှူးဟာလည်း သမ္မတပါပဲ။ သမ္မတဟာလည်း ပါတီအထွေထွေအတွင်းရေးမှူးပါပဲ။ ပါတီအထွေထွေအတွင်းရေးမှူးကို ဗဟိုတည်ထားပြီး ပါတီနဲ့ အစိုးရအဖွဲ့ရဲ့ ဆက်ဆံရေးကို ချိတ်ဆက်ထားတာဟာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ နိုင်ငံတကာမှာ အစိုးရအဖွဲ့ ခေါင်းဆောင် သမ္မတရဲ့ အမှတ်သရုပ်ဟာ ပါတီအထွေထွေအတွင်းရေးမှူး ဆိုတဲ့ အမှတ်သရုပ်ထက် ထိုးထွက်လာတာတွေ့ ရပါတယ်။ သမ္မတဟာ ပါတီအထွေထွေ အတွင်းရေးမှူး ရာထူးကိုလည်း ယူထားသလို၊ ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

တိန့်ရှောင်ဖိန်အလွန် ခေါင်းဆောင်မှုနောက်ပိုင်းကာလတွေမှာ တစ်ဦးတစ်ယောက်တည်း ခေါင်းဆောင်မှု ပုံစံထက် အုပ်စုလိုက်ခေါင်းဆောင်တဲ့ ပုံစံကို တွေ့လာရပါတယ်။ ဒါကို collective leadership စတိုင်လ်လို့ ပြောနိုင်ပါတယ်။ တရုတ်ဟာ ပါတီတွင်း ဒီမိုကရေစီကို ပါတီထိပ်ပိုင်းမှာ စုပေါင်းခေါင်းဆောင်မှု ပုံစံနဲ့ ကျင့်သုံးပါတယ်။

▣ ယခင် – ယခု သမ္မတတွေ တူ / မတူ

ကျန်ဇီမင်း၊ ဟူကျင်တောင်တို့ဟာ တိန့်ရှောင်ဖိန် နောက်ပိုင်း တရုတ်နိုင်ငံ့ခေါင်းဆောင်တွေဖြစ်ကြပေမယ့်၊ သူတို့ဟာ ယခင် သူသန်ခေါင်းဆောင်ကြီးတွေလို ပါတီနဲ့ အစိုးရအဖွဲ့ အပေါ် တစ်ကိုယ်တော်ဩဇာညောင်းမှု မရှိတော့ပါဘူး။ ပေါလစ်ဗြူရိုရဲ့ သဘောထားမပါဘဲနဲ့ တစ်ကိုယ်တော်ကျိတ်လို့ မရတဲ့အခြေအနေကို ရောက်လာပါ တယ်။ သမ္မတဟူကျင်တောင် လက်ထက်မှာဆိုရင် သမ္မတဟာ ပေါလစ်ဗြူရိုရဲ့ကိုယ်စားလှယ်သဘော သာ ဖြစ်တာ တွေ့ရပါတယ်။ သို့သော်လည်း ဖြည်းဖြည်းနဲ့ လေးလေး ဦးဆောင်မှု မပြတ် တိုင်းပြည်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ကျန်ဇီမင်းနဲ့ ဟူကျင်တောင် လက်ထက်တွေမှာ သူတို့ရဲ့ တစ်ဦးချင်းပုဂ္ဂိုလ်ရေးဩဇာ အရှိန်အဝါကို ထူးထူးခြားခြား မထင်ပေါ်စေခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း ယခု သမ္မတ ရှီကျင့်ဖျင်လက်ထက်မှာတော့ အဲသည်လို မဟုတ်။ ရှီကျင့်ဖျင်ရဲ့ တစ်ဦးတည်းဩဇာဟာ ပိုလို့ သာလွန် သိသာလာပါတယ်။ ရှီကျင့်ဖျင်ဟာ မော်စီတုန်းလို ပုဂ္ဂိုလ်ရေးဩဇာထူထောင်နိုင်တဲ့အဆင့်ထိ ရောက်လာပါတယ်။ ဒါ့ကြောင့် မော်စီတုန်းလက်သစ်လို့ နိုင်ငံတကာက ပုံဖော်တာတွေလည်း တွေ့ရပါတယ်။

▣ မဟာလူသန်ကြီး

တိန့်ရှောင်ဖိန် အလွန် နိုင်ငံရေးခေါင်းဆောင်မှု ပုံစံဟာ – မဟာခေါင်းဆောင် လူသန်ကြီးတွေ ဦးဆောင်တဲ့ ပုံစံကနေ စုပေါင်းခေါင်းဆောင်တဲ့ပုံစံကို ရွေ့လာပါတယ်။ သို့သော်လည်း သမ္မတရှီကျင်ဖျင့်လက်ထက်ရောက်တဲ့အခါ၊ ရှီကျင့်ဖျင်ဟာ ယခင်က မဟာလူသန်ကြီးခေါင်းဆောင်မှုမျိုးကို သူ့ကိုယ်သူ တည်ဆောက်လာနိုင်တာတွေ့ရပါ တယ်။ ဒါဟာ ရှီကျင့်ဖျင် ရှေ့က သမ္မတ ကျန်ဇီမင်းနဲ့ ဟူကျင်တောင်တို့နဲ့ မတူတဲ့ ခေတ်သစ် အခင်းအကျင်းသစ် ဖြစ်လာပါတယ်။

သမ္မတရှီကျင့်ဖျင် ကိုယ်တိုင်ကလည်း သမ္မတရာထူးကို သက်တမ်းအကန့်အသတ်မရှိ ရယူနိုင် အောင် ပြင်ဆင်နိုင်ခဲ့တယ်။ သူ့ကိုယ်သူလည်း နိုင်ငံတကာမှာရော ပြည်တွင်း တရုတ်လူထုအကြားမှာပါ ဩဇာလွှမ်းမိုးနိုင်အောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုရှိလာအောင် အထိ၊ ပုံဖော် တည်ဆောက်လာတာကို တွေ့ရပါတယ်။ ရှီကျင့်ဖျင်ဟာ ပြည်တွင်းနဲ့ နိုင်ငံတကာကို ခေတ်သစ်မီဒီယာနည်းပညာ တွေသုံးပြီး သိမ်မွေ့တဲ့ ဝါဒဖြန့်ချိရေးနည်းနာတွေကို စနစ်တကျ စမတ်ကျကျ လုပ်နိုင်တာကို ခပ်များများတွေ့မြင် လာခဲ့ရပါတယ်။ ကွန်မြူနစ်တရုတ်တွေရဲ့ ဝါဒဖြန့်ချိရေးဟာ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ပေါင်းပြီး၊ ကမ္ဘာပတ်နေပါပြီ။

▄ အိုင်ဒီယော်လိုဂျီ အရွေ့

တရုတ်တွေ နီတုန်းလား… ဆိုတဲ့ မေးခွန်းကို ထပ်မေးရမှာ ဖြစ်ပါတယ်။ တရုတ်တွေ မနီတော့ပါ။ တရုတ်တွေ မနီတော့ပါ။ မော်စီတုန်းခေတ်ကလို တရုတ်တွေ မနီတော့ပါ။ တရုတ်တွေ မနီတော့ဘူးဆိုတာနဲ့ပတ်သက်ပြီး စင်ကာပူ ဝန်ကြီးချုပ် လီကွမ်ယု ပြောခဲ့ဖူးတဲ့ မှတ်ချက်ကို ကြည့်ပါ။

• တရုတ်ကွန်မြူနစ်ပါတီဆိုတာ ဘာလဲ။ အဲဒီဝေါဟာရရဲ့ အဓိပ္ပာယ်အတိအကျနဲ့ ကွန်မြူနစ်မဟုတ်တော့ ဘူး။ ကွန်မြူနစ်ပါတီက ဝိုင်အသစ်လောင်းထည့်ထားတဲ့ ပုလင်းဟောင်းပေါ်က တံဆိပ်တစ်ခုအဖြစ် လောက်ပဲ ရှိတော့တယ်။

တရုတ်တွေဟာ အရင်းရှင်စနစ်ကို ကွန်မြူနစ်၊ ဆိုရှယ်လစ်ဗားရှင်းတွေနဲ့ သကာအုပ်ပြီး ဝါးမြိုပစ်လိုက်နိုင်ပါပြီ။ တိန့်ရှောင်ဖိန်လက်ထက်က စတင်ခဲ့တဲ့ အိုင်ဒီယော်လိုဂျီ ဆုပ်ကိုင်မှု အချိုးအကွေ့ဟာ အခုဆိုရင် တဆစ်ချိုး ပြောင်းလဲသွားပြီဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ လူမှုစီးပွားရေးနဲ့ နည်းပညာတိုးတက်လိုက်ပါနိုင်မှုအခြေအနေတွေ ဟာ နာမည်မခံတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ဆွဲခေါ်သွားပါတယ်။

▣ လက်တွေ့ဝါဒီ ၊ အမျိုးသားရေးဝါဒ

လက်ရှိ တရုတ်ကွန်မြူနစ်ပါတီဟာ မော်စီတုန်းခေတ်ကလို ရဲရဲမတောက်နိုင်တော့ပါဘူး။ နိုင်ငံကို ခေါင်းဆောင် နေတဲ့ သမ္မတရှီကျင့်ဖျင် ကိုယ်တိုင်က ကွန်မြူနစ်ဝါဒီတစ်ယောက်လို့ ပြောဖို့ သိပ်ခက်သွားပြီ။ သူဟာ လက်တွေ့ဝါဒီ (realist) တစ်ယောက်။ သူဟာ တရုတ်အမျိုးသားရေးဝါဒီ (Chinese Nationalist) တစ်ယောက်။ ဒါပေမယ့် သူယူဆလက်ခံထားတဲ့ တရုတ်အမျိုးသားရေးဝါဒဟာ ခေတ်မီတယ်။ ကမ္ဘာအနှံ့ပျံ့နှံ့နေတဲ့ တရုတ် သွေးချင်းတွေကို ဆွဲစုနိုင်တဲ့ တရုတ်အမျိုးသားရေးဝါဒမျိုး။ ကျုံ့ဝင်နေတဲ့ အမျိုးသားရေးဝါဒမျိုး မဟုတ်ဘူး။ အစွန်းရောက် အမျိုးသားရေးဝါဒမျိုး မဟုတ်ဘူး။ အပျက်သဘောဆောင်တဲ့ အမျိုးသားရေးဝါဒမျိုး မဟုတ်ဘူး။ သွေးသားဓာတ်ခံကို ဆွဲစုညှို့ယူနိုင်တဲ့ အမျိုးသားရေးဝါဒမျိုးဖြစ်တယ်။ ဖြန့်ကျက်ထားနိုင်တဲ့ အမျိုးသားရေးဝါဒမျိုး ဖြစ်တယ်။

▣ သူ့နည်းနာ

ရှီကျင့်ဖျင်ဟာ တရုတ်ရိုးရာ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ပြန်ဖော်တယ်။ ပြီးတော့ အရင်းရှင်အသွင်အပြင် တွေနဲ့ လွှမ်းမိုးနေတဲ့တရုတ်တွေကို သူတို့ ဘိုးဘေးတွေအကြောင်း သတိရလွမ်းဆွတ်အောင် ပြန်ပုံဖော်ယူတယ်။ ဖြတ်သန်းမှု သမိုင်းရှည်ကြာတဲ့ တရုတ်ယဉ်ကျေးမှုသမိုင်းကို အခြေပြုပြီးတော့ တရုတ်လူထုလက်ခံနိုင်မယ့် တရုတ် အမျိုးသားရေးစိတ်ကို ပြန်လည် နိုးကြွလာအောင် လုပ်တယ်။ ရှီကျင့်ဖျင်ဟာ တရုတ်တွေရဲ့ အညှာကို သိတယ်။ ဒါ့ကြောင့်လည်း သူဟာ မော်နဲ့တိန့်အလွန် မဟာလူသန်ခေါင်းဆောင်ကြီးဝါဒမျိုး ပြန်လည် ကျင့်သုံးနိုင်တဲ့အဆင့် အထိ ဩဇာတိက္ကမကြီးမားလာခဲ့တယ်။ သူ့ရှေ့က သမ္မတနှစ်ဦး ဖြစ်တဲ့ ကျန်ဇီမင်းနဲ့ ဟူကျင်တောင်တို့ဟာ သမ္မတရှီကျင့်ဖျင်လောက် ပုဂ္ဂိုလ်ရေးဩဇာမကြီးထွားခဲ့ဘူး။ ပုဂ္ဂိုလ်ရေးဩဇာကြီးထွားအောင်လည်း လုပ်ခွင့်မရခဲ့ ကြဘူး။ သူတို့ကိုယ်တိုင်ကလည်း ရှီကျင့်ဖျင်လောက် နိုင်ငံရေးရည်မှန်းချက် ပြင်းပြထက်သန်လွန်းဟန် မရှိဘူး။

▣ ယခင် သမ္မတ ရုပ်ပုံလွှာ

ဟူကျင်တောင်ရဲ့ ရုပ်ပုံလွှာ အပိုင်းအစကို ကြည့်ပါ။

• ဟူကျင်တောင်၏ စရိုက်မှာ သာမန်အားဖြင့် နှစ်ခါပြန်စဉ်းစားဖို့ မလိုလောက်အောင်၊ ရိုးရိုးရှင်းရှင်းနှင့် မြင်သာထင်သာ ရှိပါသည်။ သူသည် သတိကြီးကြီးဖြင့် အလုပ်လုပ်တတ်သူဖြစ်သည်။ အရောင်အသွေး မရှိ၊ လက်တွေ့ကျကျ စဉ်းစားတတ်သူ ဖြစ်သည်။ ထို့ထက်၊ ငါတကော မကော ပူးပေါင်းဆောင်ရွက်တတ်သူလည်း ဖြစ်ပါသည်။ “ဟူ”ကား ခပ်မှိန်မှိန် အလင်းရောင်အောက်တွင်သာ ခပ်လျှိုလျှိုရှိနေခဲ့သည်။

• “ဟူ”သည် တခြားသော နိုင်ငံခေါင်းဆောင်များလို၊ တစ်သွေးတစ်သံ တစ်မိန့်အနေအထားကို ရယူပိုင်ဆိုင် ထားသူ မဟုတ်။ တစ်ဦးချင်းစီတွင် ဩဇာအာဏာအပြည့်ရှိသော ပေါလစ်ဗြူရို ကိုးဦးကို၊ ဦးဆောင်နေရသူ သာဖြစ်သည်။ အများညီ သဘောဆန္ဒမပါဘဲ၊ သူ ဘာမျှ လုပ်လို့ မရ။ သို့သော် “ဟူ” ခေါင်းဆောင် ပုံဖော်ခဲ့သော ဖြည်းဖြည်း လေးလေး ဗျူဟာမှာ ၊ ယခုအချိန်အထိတော့ အလုပ်ဖြစ်ဆဲ….

ကောက်နုတ်ချက်။ ။ ကျော်ဝင်း ၊ ဟူကျင်းတောင် (သို့မဟုတ်) လျှော့တွက်မရသော မာလိန်မှူး၊
ခွေးများ၊ လူများ၊ စာအုပ်များ၊ ၂၀၀၉။

▣ ရှီကျင့်ဖျင် ရုပ်ပုံလွှာ

အဲသည့်အထဲမှာ ရှီကျင့်ဖျင်ကတော့ ဖြည်းဖြည်း မှန်မှန်နဲ့ စာမေးပွဲအားလုံးကို ခြေချော်လက်ချော်မဖြစ်ဘဲ မှန်မှန်ကြီး ဖြတ်သန်းလာနိုင်ခဲ့တဲ့သူ။ သူ့ကိုယ်သူလည်း ထိန်းချုပ်နိုင်စွမ်း မြင့်မားတယ်။ ပါတီသက်တမ်းတစ် လျှောက်လုံးမှာ လောမကြီးဘဲ စိတ်ရှည်ရှည်နဲ့ တစ်ဆင့်ချင်းစီ တက်လှမ်းလာနိုင်ခဲ့တဲ့သူ။ ရှီကျင့်ဖျင်နဲ့ပတ်သက်ပြီး တော့ စင်ကာပူဝန်ကြီးချုပ် ပေးခဲ့ဖူးတဲ့ မှတ်ချက်ကို ကြည့်ပါ။

• သူက ဟူကျင်တောင် ထက် ပိုကြမ်းတဲ့ဘဝမျိုးကို ကြုံခဲ့ရတယ်။ သူ့အဖေက ကျေးလက်ပို့ ဒဏ်ခတ်ခံခဲ့ ရတယ်။ သူလည်း သူ့အဖေလို ခံခဲ့ရတာပဲ။ သူက ဣနြေမပျက်ဘဲလက်ခံပြီး တောင်ပိုင်းပြည်နယ်တွေမှာ သိုသိုသိပ်သိပ် နဲ့ အောက်ခြေကနေ ရာထူးအဆင့်တွေ တက်လာတယ်။ နောက် ဖူကျန်ပြည်နယ် အတွင်းရေးမှူး ဖြစ်လာတဲ့အထိ အဆင့်မြင့်သွားတယ်။ အဲဒီနောက် သူ ရှန်ဟိုင်းရောက်သွားတယ်။ နောက် ဘေဂျင်းရောက်တယ်။ သူ့အတွက် လေဟုန်စီးပြီး သက်သောင့်သက်သာ ဖြစ်ခဲ့တာ မရှိဘူး။ ဘဝအတွေ့ အကြုံတွေကြောင့် သူ ကြံ့ခိုင်မာကျောသွားတာ ဖြစ်မယ်။

• သူက တည်ကြည်တယ်။ ခင်ဗျားကို စကားပြောမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ သူကြိုက်တာ မကြိုက်တာကနေ သွေဖည်လိမ့်မယ်မဟုတ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ခင်ဗျား သူ့ကို စိတ်အနှောက်အယှက် ဖြစ်စရာ တစ်ခုခု ပြောသည် ဖြစ်စေ၊ မပြောသည် ဖြစ်စေ သူ့မျက်နှာက အမြဲနှစ်လိုစဖွယ် ပြုံးနေမှာပဲ။ သူ့စိတ်ဓာတ်က သံမဏိ စိတ်ဓာတ်။ ရှီ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တဲ့ ရုံးတင်စစ်ဆေးတာတွေ၊ ခုံရုံးဖွဲ့ စစ်ဆေးတာတွေ မတွေ့ကြုံခဲ့ရဘဲ ရာထူးအဆင့်တွေ တက်ခဲ့တဲ့ ဟူကျင်းတောင် ထက် ပိုကြံ့ခိုင်တယ်။

• ကျွန်တော်ကတော့ သူ့ကို နယ်လ်ဆင်မင်ဒဲလားလို လူပုဂ္ဂိုလ်အတန်းအစားထဲမှာ ထားမယ်။ သူ့ကိုယ်ရေး ကိုယ်တာ ဆင်းရဲဒုက္ခကြောင့် သူ့ဆုံးဖြတ်ချက်ကို အထိအခိုက်မခံဘူး။ စိတ်လှုပ်ရှားမှု ထိန်းချုပ်နိုင်စွမ်း အင်မတန်ကြီးမားတဲ့ လူတစ်ယောက်။ တစ်နည်းပြောရရင် သူက အထင်ကြီးလောက်တယ်။

ကောက်နုတ်ချက်။ ။ ကောင်းထက်ဝင်း၊ လီကွမ်ယူး (အင်တာဗျူးများ)၊ ၂၀၁၄။

▣ ဆိုရှယ်လစ်သကာအုပ်

တရုတ်ကွန်မြူနစ်ပါတီဟာ ၊ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဦးဆောင်မှုနဲ့အတူ အိုင်ဒီယော်လိုဂျီ အရွေ့ သိသိသာသာကြီး တိမ်းညွှတ်လာတာ ထင်ရှားပါတယ်။ အထူးသဖြင့် ဆိုရှယ်လစ်ဝေါဟာရ စကားလုံးတွေလှိုင်လှိုင်သုံးပြီး ခေတ်သစ် တရုတ်အရင်းရှင်စနစ်ကို သိမ်သိမ်မွေ့မွေ့ မောင်းနှင်နေတာတွေ့ရပါတယ်။ မြန်မာပြည်မှာ ဗုဒ္ဓဝါဒ နဲ့ ဆိုရှယ်လစ် ဝါဒကို ပေါင်းစပ်ပြီးတော့ လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားကို ထူထောင်ခဲ့တဲ့ ပုံစံလိုမျိုး နားလည်နိုင်ပါတယ်။

တရုတ်မှာ စျေးကွက်စီးပွားရေးအိုင်ဒီယာတွေကို ဆိုရှယ်လစ်သကာအုပ်ပြီး စတင် သွတ်သွင်း ပုံပြောင်းခဲ့သူကတော့ တိန့်ရှောင်ဖိန်ဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်နောက်ပိုင်း ခေါင်းဆောင်တွေဟာ ပေါလစ်ဗြူရိုနဲ့ အတူ စုပေါင်းခေါင်းဆောင်မှုနဲ့သာ နိုင်ငံကို ရှေ့ကချမှတ်ခဲ့တဲ့ လမ်းစဉ်တွေအတိုင်း မှိန်းလျှောက်ခဲ့တာဖြစ်ပါတယ်။ ရှီကျင့်ဖျင်ကတော့ သူကိုယ်တိုင် တရုတ်အရင်းရှင်စနစ်ကို ဆိုရှယ်လစ်စကားလုံးတွေသုံးပြီး အနက်အဓိပ္ပာယ် အသစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ထပ်မံချဲ့ထွင်တာတွေ့ရပါတယ်။ တရုတ်နည်းတရုတ်ဟန် ဆိုရှယ်လစ်ဝါဒကို လည်း ကမ္ဘာကြီးနားလည် အောင် ရောင်းချသူလည်း ဖြစ်ပါတယ်။

▣ ငြိမ်းချမ်းစွာ အတူ ရုန်းထခြင်း

တစ်ဖက်မှာလည်း ရှီကျင့်ဖျင်ဟာ တရုတ်အမျိုးသားရေးဝါဒကို ခေတ်နဲ့ လျှော်ညီအောင် သူ့ကိုယ်သူလည်း တည်ဆောက်တယ်၊ တရုတ်လူ့အဖွဲ့အစည်းကိုလည်း တည်ဆောက်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကြီးထွားလာခြင်းဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ၍ ရုန်းထခြင်းဖြစ်တယ်လို့ ခံယူနိုင်စေဖို့ နိုင်ငံတကာဇာတ်ခုံမှာ အမြဲတမ်းလိုလို ပြောကြားပါတယ်။ အထူးသဖြင့် အာရှဒေသတွင်း တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေကို၊ တရုတ်နိုင်ငံ အင်အားကြီးလာခြင်းကို ရန်သူလို မမြင်စေဖို့ ကြိုးစားတာတွေ့ရပါတယ်။ တရုတ်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ငြိမ်းချမ်းစွာ အတူလျှောက်ဖို့ ပြောပါတယ်။ အထူးသဖြင့် တရုတ်အကျိုးစီးပွား ကို အခြေခံပြီး အားလုံးဟာ ဖြစ်နိုင်ရင် တရုတ်နဲ့ စီးပွားရေး မိတ်ဖက်များ ဖြစ်နိုင်ကြောင်း ကမ္ဘာ့နိုင်ငံတွေကို သိစေပါတယ်။

▣ အမျိုးသားရေးညှို့ဓာတ်

တရုတ်အမျိုးသားရေးဝါဒဟာ စီးပွားရေးအင်အားကြီးထွားမှုကို အခြေခံ ပြီး မှန်မှန်ကြီး ချဲ့ထွင်လာတာတွေ့ရ ပါတယ်။ တရုတ်ရဲ့ စီးပွားရေးဩဇာခံတွေအဖြစ် တတိယနိုင်ငံငယ်တွေဟာ ရုန်းမထွက်နိုင်ဖြစ်ပြီး တရုတ်အပေါ် ရပ်တည်ရှင်သန်မှုအရ မှီခိုနေရတဲ့အခြေအနေမှာ ရှိပါတယ်။ အထူးသဖြင့် အာရှနဲ့ အာဖရိကနိုင်ငံတွေကို တရုတ်ဟာ စီးပွားရေးနည်းနဲ့ ဩဇာထူထောင်ထားနိုင်ပါတယ်။ တရုတ်ရဲ့ အကျိုးစီးပွားကို ရေရှည်မောင်းနှင်နိုင်ဖို့ ဆိုရင် နိုင်ငံတကာမှာ ပျံ့ကျဲနေတယ် တရုတ်လူမျိုးတွေကို အမျိုးသားရေး သံလိုက်ဓာတ်နဲ့ ညှို့ယူအသုံးချဖို့ လိုတယ်ဆိုတာ ရှီကျင့်ဖျင်က ကောင်းကောင်း နားလည်ပါတယ်။ ဒါ့ကြောင့် ရှီပလိုမေစီ (Xiplomacy) လို့ခေါ်တဲ့ ရှီကျင့်ဖျင်ရဲ့ သံခင်းတမန်ခင်း (ဒစ်ပလိုမေစီ) လမ်းကြောင်းကို အကောင်အထည်ဖော်ပါတယ်။

▣ ထာဝရ အကျိုးစီးပွားသာ အခရာ

ရှီကျင့်ဖျင်အနေနဲ့ တရုတ်အပေါ် ရန်လိုမုန်းထားမှုတွေကို လျော့ချချင်တယ်။ ဒေသတွင်းနိုင်ငံတွေမှာလည်း တရုတ်မုန်းတီးရေး၊ တရုတ်ဆန့်ကျင်ရေးအမြင်တွေ နည်းအောင် ကြိုးစားချင်တယ်။ ပဋိပက္ခတွေအတွင်းမှာ စီးပွား မိတ်ဖက်တွေ ကြာရှည်မဖြစ်နိုင်အောင် သိနားလည်တယ်။ တရုတ်အတွက် ဝါဒရေး အရောင်တွေကို ခဝါချထား၊ တရုတ်အကျိုးစီးပွားအတွက် ရေရှည်ဖြစ်ထွန်းမယ်ဆိုရင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်က ဘယ်တော့မှ လက်မနှေးပါဘူး။ သို့သော်လည်း ကွန်မြူနစ်ဉာဉ်မပျောက်တဲ့ တရုတ်အတွက် သူအကျိုးစီးပွား တည်ဆောက်ရာနိုင်ငံတွေရဲ့ လူထုသဘောထားကိုလည်း မပြတ် ထောက်လှမ်းပြီး ပဋိပက္ခတင်းအားတွေ လျော့ အောင် ကြိုးစားလုပ်ဆောင်တာတွေ့ရပါတယ်။ လက်တွေ့မှာ တရုတ်အတွက် ကွန်မြူနစ်ဝါဒထက် “ထာဝရအကျိုးစီးပွား” သာလျှင် ပိုအရေးကြီးတဲ့ အိုင်ဒီယော်လိုဂျီ ဖြစ်လာနေပါတယ်။

• တကယ်တော့ ကွန်မြူနစ်ဝါဒ တရုတ်ပြည်အတွက် ဝိုင်အသစ်လောင်းထည့်ထားတဲ့ ပုလင်းဟောင်းပေါ်က တံဆိပ်တစ်ခုအဖြစ်လောက်ပဲ ရှိပါတော့တယ်။