• Today is: Friday, April 19, 2024

မိုဘိုင်းဖုန်း ကြားဖြတ်ထောက်လှမ်းရေး နားထောင်မှု Intercept Spyware ကို အထူးသတိရှိရန် ပညာရှင်များ သတိပေး

စစ်ကောင်စီ၏ မိုဘိုင်းဖုန်း ကြားဖြတ်ထောက်လှမ်းရေး နားထောင်မှု Intercept Spyware ကို အထူးသတိရှိရန် ပညာရှင်များ သတိပေးထားပါတယ်။

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁

ဒီရက်ပိုင်း ပြောက်ကျားတော်လှန်ရေး ဆင်နွှဲနေကြတဲ့ လူငယ်တစ်ချို့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေမှာ CCTV မှတ်တမ်းတွေကတစ်ဆင့် ထောက်လှမ်းခြေရာခံပြီး ဖမ်းဆီးခဲ့တယ် ဆိုတဲ့ပြောဆိုချက်တွေ မြင့်တက်လာချိန်မှာပဲ၊ လက်ရှိပြည်သူအများအသုံးပြုနေတဲ့ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက် တွေမှာလည်း စစ်တပ်က ကြားဖြတ် စုံစမ်းထောက်လှမ်းနိုင်တဲ့ ကရိယာတွေ တပ်ဆင် အသုံးပြုနေနိုင်တဲ့အတွက် အထူးသတိရှိစေဖို့ ကျွမ်းကျင်သူများက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတွေကို အများပြည်သူအသုံးပြုနေတဲ့ ဖုန်းလိုင်းတွေမှာ ကြားဖြတ် စုံစမ်းထောက်လှမ်းနိုင်တဲ့ စက်တွေကို တပ်ဆင်ခိုင်းခြင်းကဲ့သို့သော လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ကျူးလွန်စေဖို့ စစ်ကောင်စီက ဖိအားပေး လုပ်ဆောင်ခိုင်းတယ် လို့ မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနော ကဖွင့်ဟလာပါတယ်။

စစ်ကောင်စီရဲ့ အခုလို ကြားဖြတ်ထောက်လှမ်းနိုင်တဲ့ စက်တွေကို တတ်ဆင်ပေးဖို့ရာ တယ်လီနောအနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် တယ်လီနောမြန်မာကို M1 Group ထံ ရောင်းချလိုက်ရတာ ဖြစ်တယ်လို့ တယ်လီနောရဲ့ အာရှရေးရာအကြီးအကဲ Jørgen Rostrup က ရိုက်တာသတင်းဌာနရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားအပြီး၊ အဆိုပါ ကြားဖြတ်ထောက်လှမ်းနိုင်တဲ့ Intercept spyware ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ပြန်လည်မြင့်တာလာတာလည်း ဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနက စုံစမ်းဖော်ထုတ်မှုတစ်ရပ် အရဆိုလျှင် မြန်မာစစ်တပ်ဟာ နိုင်ငံသားတွေရဲ့ တယ်လီဖုန်းဆက်သွယ်မှုများ အားလုံးကို စိတ်ကြိုက် ကြားဖြတ်ထောက်လှမ်းနိုင်တဲ့ နည်းပညာနဲ့ ကိရိယာတွေ တပ်ဆင်နိုင်ဖို့အတွက် အာဏာသိမ်းမှု မပေါ်ပေါက်မီ လပေါင်းများစွာ ကတည်းက ကြိုးပမ်းခဲ့တာ လို့ သိရှိရပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိ်မ်းပြီးနောက်ပိုင်းမှာတော့ ဒီ ကြားဖြတ်ထောက်လှမ်းနိုင်တဲ့ စက်ကရိယာ Intercept Spyware တွေကို စတင်အသုံးပြုဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ နည်းပညာနဲ့ စက်ကရိယာတွေကို အသုံးပြုပြီး ပြည်သူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ (SMS) စာတိုပေးပို့မှုတွေ၊ အီးမေးလ်နဲ့ ပေးပို့လာတဲ့ စာတချို့နဲ့ အသုဲံးပြုသူ ဘယ်နေရာရောက်နေတယ် ဆိုတဲ့ (Location) ကိုပါ စောင့်ကြည့်ထောက်လှမ်းနိုင်တယ် လို့ နည်းပညာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အဆိုပါ စပိုင်နည်းပညာအသုံးပြုဖို့နဲ့ ပတ်သက်လို့ “ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ခြင်း” ဆိုတဲ့ စိတ်ကူးမျိုးကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်နှောင်းပိုင်းကာလတွေမှာ စတင်ပြောဆို လာခဲ့တာပါ။

ဒီခြေရာခံထောက်လှမ်းနိုင်တဲ့ Intercept Spyware နည်းပညာပစ္စည်းတွေကို NLD အစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ထဲမှာ ဒေါ်လာ ၄ သန်းဖိုးခန့် ဝယ်ယူဖို့ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဝယ်ယူမယ့်အကြောင်းကိုတော့ ပြည်သူတွေကို ချပြတဲ့စာရင်းတွေထဲမှာ ထည့်သွင်းခဲ့ခြင်း မရှိခဲ့တဲ့အကြောင်း တက်ကြွလှုပ်ရှားသူများ အဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ပြီးခဲ့တဲ့ မေလလယ်လောက်က ထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်ကောင်စီကို တော်လှန်နေသူ လို့ ယူဆသူတွေရဲ့ ဖုန်းနံပါတ်တွေကို ခြေရာခံလိုက်နေကြောင်း အဆင့်မြင့် နိုင်ငံ့ဝန်ထမ်းတစ်ယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ပုဒ်မှာလည်း ဖော်ပြခဲ့ပါတယ်။

အခုအချိန်မှာတော့ အကြမ်းဖက်စစ်တပ်ဟာ Intercept Spyware တေွနဲ့ CCTV ကွန်ရက်တွေကို ထိန်းချုပ်ထားနိုင်နေတဲ့အတွက် ဒီကြားဖြတ်စုံစမ်း ထောက်လှမ်းတဲ့ ကရိယာတွေနဲ့ပဲ စစ်အာဏာရှင်တော်လှန်ရေး အင်အားစုတွေကို ထောက်လှမ်းတာတွေ၊ ဖမ်းဆီးဖို့ရာ အထောက်အကူအဖြစ် အသုံးပြုနေတာတွေ ကိုလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

အခုလို တယ်လီဖုန်းကွန်ရက်အတွင်း ကြားဖြတ်ထောက်လှမ်းရေး spyware တွေနဲ့ပတ်သတ်ပြီး IT နည်းပညာရှင်တစ်ယောက်ကတော့ “စစ်ကောင်စီကတော့ သူတို့ကို တော်လှန်မဲ့သူတွေကို စောင့်ကြည့်မှာပဲ။ ဒါက ရှောင်လို့မရဘူး။ ကိုယ်က ဘယ်လို အန္တရယ်ကင်းကင်း ကျော်လွှားမလဲပဲ စဥ်းစားရမှာ။ ကျွန်တော့်အနေနဲ့တော့ တော်လှန်ရေးနဲ့ပတ်သတ်တဲ့ သင်တန်းတွေမှာ digital security နဲ့ပတ်သတ်ပြီး သီးသန့် သင်ကြားပေးသင့်တယ်လို့ မြင်တယ်” ဟု ပြောခဲ့ပါတယ်။

ဆက်သွယ်ရေး CDM ဝန်ထမ်းတစ်ဦးကတော့ “အခုလိုအခြေအနေမျိုးမှာ အရေးကြီးတဲ့ စကားတွေကို ဖုန်းဆက် မပြောသင့်တော့ဘူး။ ဖုန်းဆက်ပြောတာထက် အခြားနည်းလမ်း ဥပမာ signal လိုမျိုး apk ကိုသုံးပြီး ဆက်သွယ်ပြောဆိုသင့်တယ်”

“လုပ်ငန်းသဘောတရားအရ ဖြစ်စေ၊ အင်တာနက်မရလို့ဖြစ်စေ မဖြစ်မနေ ဖုန်းဆက်ပြောဆိုရတာမျိုး ရှိရင်လည်း Sim card တွေကို မကြာခဏ ပြောင်းသုံးသင့်ပါတယ်။ Handset IMEI နံပါတ်ကတဆင့်လည်း ခြေရာခံနိုင်တာမို့ အခြေအနေပေါ် မူတည်ပြီး Handset နဲ့ Sim card ကို အစုံလိုက် ပြောင်းသုံးတာမျိုး လုပ်သင့်တယ်”လို့ လည်း ဆိုပါတယ်။

နိုင်ငံမှာရှိတဲ့ ရင်းမြစ် (Resources) အားလုံးကို ထိန်းချုပ်အသုံးပြုနိုင်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက်တွေကတဆင့် မြို့ပြပြောက်ကျားစစ် ဆင်နွှဲနေတဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေ များပြားလာတာမို့ သတိထားကြစေဖို့ တိုက်တွန်းချက်တွေ အခုလို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
(Khit Thit Midea ၏ ဆောင်းပါးကို ကိုးကားတင်ဆက်သည်။)

Photo – Credit

မူရင်းလင့် ဖတ်ရှုလိုပါက

https://www.facebook.com/385165108587508/posts/1303948330042510/?d=n)