• Today is: Friday, April 26, 2024

စစ်ကောင်စီကပေးမည့် ကိုဗစ်ကာကွယ်ဆေးများကို ရခိုင်ပြည်သူများအား ထိုးနှံပေးမည်ဟု AA ပြော

စစ်ကောင်စီကပေးမည့် ကိုဗစ်ကာကွယ်ဆေးများကို ရခိုင်ပြည်သူများအား ထိုးနှံပေးမည်။ 

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၁

စစ်မှန်သည့် ကိုဗစ်ကာကွယ်ဆေးများပေးမည်ဆိုလျှင် မည်သည့်အဖွဲ့အစည်းကမဆိုလက်ခံသွားမည်ဖြစ်ပြီး စစ်ကောင်စီကပေးမည့် ကိုဗစ်ကာကွယ်ဆေးများကိုလည်း ရခိုင်ပြည်သူများအား ထိုးနှံပေးသွားမည်ဟု စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA က ပြောသည်။

ရခိုင်ပြည်နယ်၌ ကိုဗစ်ကာကွယ်ဆေးထိုးမည့် ဦးတည်အုပ်စု ၁၆ စုထဲတွင် ရက္ခိုင့်တပ်တော် AA ၏ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောဆိုခဲ့သည်။

စစ်ကောင်စီက ရက္ခိုင့်တပ်တော် AA ကိုပေးမည့် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများကို ရခိုင်က မြို့နယ် ၆ မြို့နယ်မှ သက်ကြီးရွယ်အိုများ၊ ပရဟိတအဖွဲ့များနှင့် လူထုနှင့် နီးစပ်ဆက်ဆံမှုရှိသူများကို ဦးစားပေးထိုးနှံသွားမည်ဟု ရက္ခိုင့်တပ်တော် AA ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

“အဲဒီ မြို့နယ် ၆ ခုထဲမှာ ဦးစားပေးထိုးပေးသင့်တဲ့ လူအုပ်စုတွေပေါ့။ ဥပမာပြောရရင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ၊ တခြား ပရဟိတအဖွဲ့တွေ၊ နောက် လူထုကို ဆက်ဆံရေးအမြဲတမ်းလုပ်နေတဲ့ လူအုပ်စုတွေကိုပေါ့။ ဒီလို ဦးစားပေးထိုးပေးသင့်သူတွေကို ကျနော်တို့ အရင်ဆုံးထိုးနှံပေးသွားမယ်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ကတော့ ကျနော်တို့ပြည်သူတွေ ကျန်းမာရေးဆိုင်ရာ အသက်အန္တရာယ်လုံခြုံဖို့အတွက် ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းသွားမယ်ဆိုတာကို ကျနော်တို့ဖက်က အရင်ကလည်း ထုတ်ပြန်ပြီးဖြစ်တယ်။ အခုလည်း ဒီအတိုင်းပါပဲ။ စစ်မှန်တဲ့ ကိုဗစ်ကာကွယ်ဆေးများကို ဘယ်လိုရင်းမြစ်ကပဲရရ၊ ဘယ်အဖွဲ့အစည်းကပဲပေးပေး လက်ခံရယူပြီးတော့မှ ကျနော်တို့ရဲ့ပြည်သူတွေကို ထိုးနှံပေးသွားမယ်”ဟုပြောသည်။

စစ်ကောင်စီက ကိုဗစ်ဆေးလုံးရေ ၄၀၀၀၀ ပေးမည်ဆိုလျှင် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တော စသည့်မြို့နယ် ၆ ခုမှ ပြည်သူများကို ထိုးပေးရန်လျာထားပြီး ဆေးလုံးအရေအတွက် ယင်းထက်ပိုပေးမည်ဆိုလျှင် နောက်တနည်းဖြင့် စဉ်စားလုပ်ဆောင်သွားမည်ဟု ရက္ခိုင့်တပ်တော် AA က ပြောသည်။

လက်ရှိတွင် ကိုဗစ်ကာကွယ်ထိုးပေးမည့် ကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးနေဆဲဖြစ်ပြီး ရခိုင်ပြည်သူများအား မည့်သည့်ဖက်က ဆေးထိုးပေးမည်ဆိုသည်ကို အတိအကျမသိရသေးသလို AA အနေဖြင့် ရခိုင်ပြည်သူများအတွက် စဉ်းစားကာလုပ်ဆောင်ရခြင်းဖြစ်ကြောင်း ခိုင်သုခက ပြောသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်သလို ကာကွယ်ဆေးထိုးနှံသည့်အချိန်နှင့် တပ်ဖွဲ့ဝင်အရေအတွက်အား ခိုင်သုခမှ ဖြေဆိုခြင်းမရှိခဲ့ပေ။

စက်တင်ဘာလ ၂၁ ရက် နေ့တွင် ရခိုင်ပြည်နယ်သို့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁၃၆၀၀၀ ရောက်ရှိလာမည်ဖြစ်ပြီး အဆိုပါရောက်ရှိလာမည့် ဆေးများအား ဦးတည်အုပ်စု ၁၆ စုကို ဦးစားပေးထိုးပေးမည်ဖြစ်ကာ ယင်းထဲတွင် ရက္ခိုင့်တပ်တော် AA လည်း ပါဝင်လာခြင်းဖြစ်သည်။

စစ်ကောင်စီက ရက္ခိုင့်တပ်တော် AA ကို ကိုဗစ်ကာကွယ်ဆေးပေးမည့် ကိစ္စနှင့်ပတ်သတ်၍ လက်ရှိတွင် နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးရန်ပြင်ဆင်နေပြီး ဆေးထိုးပေးမည့် AA တပ်ဖွဲ့ဝင်အရေအတွက်နှင့် ဆေးလုံးအရေအတွက်ကို မသိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကလည်း ပြောဆိုထားသည်။

(ရခိုင် သတင်းရင်းမြစ် ကိုးကားတင်ဆက်သည်။) 

Credit – Photo