• Today is: Friday, April 19, 2024

စစ်ကောင်စီ ဥက္ကဌ မိန့်ခွန်းပေါ် တိုင်းရင်းသား ခေါင်းဆောင်များ အမြင်သဘောထား

လက်နက်ဖြင့် အနိုင်ကျင့်၍ အုပ်ချုပ်ခြင်းမျိုးမလိုလားဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောဆိုမှုအပေါ် တိုင်းရင်းသားခေါင်းဆောင်များ ဘယ်လိုမြင်သလဲ။ 

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၁ 

ဒီမိုကရေစီနည်းလမ်း မကျသည့် လက်နက်ဖြင့် အနိုင်ကျင့်၍ လူထုအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမျိုး ကို မလိုလားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မိမိတို့နိုင်ငံမှာ လွတ်လပ်ရေးရပြီးချိန်မှစပြီး အခုအချိန်အထိ ရာနှုန်းပြည့်ငြိမ်းချမ်းမှုမရရှိသေးကြောင်း၊ နိုင်ငံသာယာဝပြောရေးအတွက် ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဒီမိုကရေစီရဲ့ အခြေအနေ ကိုနားလည်ဖို့နဲ့ နိုင်ငံရဲ့ ပကတိအခြေအနေအား နားလည်ဖို့လိုအပ်ကြောင်းလည်း ဒီမိုကရေစီသဘောတရားတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ကောင်စီဝင်တွေကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

တဆက်တည်းတွင် မိမိတို့အနေနဲ့ နိုင်ငံသာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံသာယာဝပြောရေးအတွက်စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်၊ ဝင်ငွေကောင်း မွန်မှု၊ အလုပ်အကိုင်ရရှိမှု၊ ရောဂါကင်းစင်မှု၊ ရာသီအလိုက်ပွဲလမ်းသဘင်တွေနဲ့ ပျော်ရွှင်မှုတွေရှိရမှာ ဖြစ်လို့မျှော်မှန်းဆောင်နေကြောင်း၊”…မိမိတို့နိုင်ငံအနေဖြင့် ကြိုးစား ဆောင်ရွက်ပါက ၅ နှစ်အတွင်း အာဆီယံနိုင်ငံများတွင် အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်ပြီး ၁၀ နှစ်အတွင်း ထိပ်တန်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၅/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က ကျင်းပခဲ့စဉ် အထက်ပါအတိုင်း ၎င်းက အဖွင့် အမှာစကားပြောစဉ် ထည့်သွင်းပြောကြားခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင်လည်း ဖော်ပြထားသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ နိုင်ငံတကာတွင်လည်း ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍ ငြိမ်း ချမ်းစွာ ဖော်ဆောင်ကြကြောင်း၊ ထိုသို့ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး ဒီမိုကရေစီနည်းလမ်း မကျသည့် လက်နက်ဖြင့် အနိုင်ကျင့်၍ လူထုအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမျိုး ကို မလိုလားကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံအုပ်ချုပ်ရေးနှင့်ပတ်သက်၍ တိုက်ရိုက် ဆောင် ရွက်ခြင်းမရှိဘဲ သက်ဆိုင်ရာ အရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်တယ်” ဟု ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှဥက္ကဋ္ဌ စိုင်းညွှန့်လွင်ကတော့ လက်နက်သည် မည်သူ့ဆီမှာ ရှိသလဲဟု ဆိုသည်။

SNLD ပါတီဥက္ကဋ္ဌ စိုင်းညွှန့်လွင်က “ အဲတာ တခြားလူက ပြောရမှာလေနော်၊ ဒါလည်း လူတိုင်းသိနေတာပဲ လူတိုင်းသိတဲ့ ဥစ္စာကို သူအဲလိုပြော တယ်ဆိုတော့ ဘယ်ဟုတ်တော့မလဲ၊ အခုက လက်နက်က ဘယ်သူ့ဆီမှာ ရှိသလဲ၊ ကျနော်ပြောချင်တာ တစ်ခု ရှိတယ်ဗျ။ အဲတာက အာဏာကို ထိန်းသိမ်းထားတဲ့လူဆိုရင် ဥပဒေကိုပါ ထိန်းသိမ်းထားရမှာ ဥပဒေကိုပါ ထိန်းသိမ်းထားရမှာဖြစ်တဲ့အတွက် ဥပဒေနဲ့ညီအောင် လုပ်ဖို့လိုတယ်။ ကိုယ့်ဘက်က စပြီးတော့ ဥပဒေနဲ့ညီအောင် လုပ်ဖို့လိုတယ်”ဟု ပြောသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်လျက်ရှိ ပြီး တိုင်းရင်းသား အားလုံး ရှေးယခင် ကတည်းက စုပေါင်းနေထိုင်ခဲ့ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နယ်နိမိတ် သတ်မှတ်ချက်များတည်ရှိပြီး အချုပ်အခြာအာဏာပိုင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း၊ နိုင်ငံအတွင်း နေထိုင် ကြသည့် တိုင်းရင်းသား ပြည်သူများအားလုံး တူညီသည့် စိတ်ဆန္ဒ တူညီ သည့် အခွင့်အရေးများဖြင့် နေထိုင်ကြ ရန်လိုကြောင်း ဆိုသည်။

၎င်းက “ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သဘောထား ကွဲလွဲသည့် နိုင်ငံရေးသမားများ အနေဖြင့်လည်း ပါတီစုံ ဒီမိုကရေစီ စနစ်အပေါ်တွင် မှန်ကန်သည့် အမြင်ဖြင့် ပူးပေါင်း ဆောင်ရွက် ကြရန်လိုတယ်”ဟု ဆိုသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တိုင်းပြည် ဒီမိုကရေစီဆိတ်သုဉ်းသွားသည့်အချိန်မှာ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာကြောင်း ပြောသည်။

၎င်းက “ဟုတ်ကဲ့ ဒီနေ့ အခြေအနေမှာနဲ့တော့ ကိုက်ညီမှုမရှိဘူး စပ်ဟတ်မှုမရှိဘူးလို့ ဒီလိုပဲ ထင်ပါတယ်။ အဓိကတော့ ဒီလက်နက်ကိုင် တော်လှန်ရေးအပါအဝင်ပေါ့နော်။ ပြည်သူလူထုရဲ့ အုံကြွမှုတွေ တော်လှန်မှု တွေရဲ့ အကြောင်း အရင်းကို သေချာ အရင်းအမြစ်ကို ရှာဖွေပြီးတော့ ဖြေရှင်းဖို့က အဓိကကျပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီမိုကရေစီနည်းလမ်း မကျသည့် လက်နက်ဖြင့် အနိုင်ကျင့်၍ လူထုအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမျိုးကို မလိုလားကြောင်း ပြောသည်မှာ မည်သည့် အခြေအနေကို ရည်ညွန်း ပြောဆိုကြောင်း တိတိကျကျမသိရပေ။

သို့သော် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို တပ်မတော်က ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော် အာဏာကို ရယူလိုက်သည်။

ထို့နောက် နိုင်ငံတစ်ဝန်း တပ်မတော်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူများကို ပစ်ခတ် နှိပ်နင်းသည့်အတွက် လူသေဆုံးမှုများ ဖြစ်ပေါခဲ့၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဦးဆောင်ကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းပြီး စစ်တပ်ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိနေသည်။

(CNI News သတင်းရင်းမြစ် ကိုးကားတင်ဆက်သည်။)

ဓါတ်ပုံ – မြန်မာ့အလင်း သတင်းစာ