• Today is: Saturday, April 20, 2024

မလွယ်ပေါက်

မလွယ်ပေါက်

ဝင်းမျိုးသူ (ဆောင်းပါး)

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၁ 

စီးပွားရေးက ကြပ်သထက်ကြပ်လာရင် ပြည်သူကတော့ ဘဝရှင်သန်ရပ်တည်ရေးအတွက် မဖြစ်ဖြစ်တဲ့နည်းနဲ့ မလွယ်ပေါက် ရှာကာ ရုန်းထွက်ကြမှာပဲထင်တယ်။ တံခါးပိတ်ဝါဒကျင့်သုံးတဲ့ ဆိုရှယ်လစ်ကာလ ကတည်းက သန္ဓေတည်လာတဲ့ informal economy နဲ့ လူထုက ယဉ်ပါးပြီးသားဖြစ်တော့ ဒီလမ်းကိုပဲ အခြေအနေအရ လျောက်ကြရမှာပဲ။ မြို့ပြနဲ့ကျေးလက်ယှဉ်ရင်တော့ မြို့ပြနေလူတန်းစားက စီးပွားရေးပျက်ကပ်ဒဏ်ကို ပိုခံစားရမယ်ထင်ပါတယ်။

ကျေးလက်ကတော့ ပြည်မမှာ စားဖို့တော့ စိုက်နိုင်နေဦးမဲ့သဘောရှိပါတယ်။ တောင်ပေါ်တွေမှာတော့ဘိန်းပိုစိုက်မယ်။ ကြီးထွားလာတဲ့ဆေးခြောက်ဈေးကွက်အတွက် စိုက်ကောင်းစိုက်မယ်။ ပိုလျှံကျေးလက်လုပ်သားတွေကတော့ ထုံးစံအတိုင်း ယိုးဒယား၊ မလေးရှားထွက်အလုပ်လုပ်ကြမှာပဲဖြစ်တယ်။ စိုက်ပျိုးရေးမလုပ်နိုင်တဲ့ မြေယာမဲ့တွေကတော့ ထင်းခုတ်၊ သစ်မြစ်တူး မီးသွေးဖုတ်လုပ်ငန်းကို ဆတက်တိုး ဆက်လုပ်ကြဦးမှာဖြစ်လို့ ပျက်နေတဲ့တော ပြောင်သလင်းခါ ဖြစ်သွားမှာပါပဲ။
တချို့လဲ ရွှေကျင်၊ ကျောက်တူးဖက်တွေကို လှည့်ကြမယ်ထင်ပါတယ်။ မြေပေါ်ပြောင်ရုံတင်မက မြေအောက်ပါလှန်လို့ သဘာဝပတ်ဝန်းကျင်ကို ရစရာမရှိအောင် ဖျက်မှ ထမင်းစားရမဲ့ ဘဝတွေဖြစ်ကြရတော့မှာဖြစ်တယ်။ သဘာဝဘေးတွေလာလည်း စောစောသေစောစော ဝဋ်ကျွတ်တာပဲဆိုတဲ့ သဘောတွေဖြစ်လာမယ်။

ယာဘ ဆေးပြားထုတ်တာဟာလည်း ပိုပြီးများပြားလာမယ်ထင်ရသလို ပြည်တွင်းကုန်သွယ်ရေးလိုငွေ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးအတွက်ပင်မ ငွေကြေးစီးဆင်းမှု ကို အထောက်အပံပြုမယ်ထင်ပါတယ်။ ပြည်ပရောက်လုပ်သားတွေရဲ့ ပြန်ပို့ငွေကလည်း ကုန်သွယ်ရေးလိုငွေ တစိတ်တပိုင်းကိုဖြည့်ပေးပါလိမ့်မယ်။ ဘဏ်တွေ အလုပ်မဖြစ်တော့ ဟိုတုန်းကလိုပဲ ငွေလွှဲဟွန်ဒီတွေ ပြန်ခေတ်စားလာမယ်။ ငွေပို့ခ ပိုပြီးအကုန်အကျများလာမှာဖြစ်သလို အလိမ်အလည်တွေလဲ များလာမှာပါပဲ။

မြို့ပြနေ လူငယ်တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလန်းက မရှိသလောက်ဖြစ်သွား တာဖြစ်ပြီး အလုပ်ရှိပြီးသားလူတွေလည်း အလုပ်ပြုတ်ကျဦးမှာဖြစ်ပါတယ်။ အကုန်လုံးကလည်း နိုင်ငံခြားထွက် ပညာသင် အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့ လူအများစုက မျှော်လင့်ချက်မဲ့တဲ့ ဘဝထဲ တွန်းပို့ခံရသလို ဖြစ်ပါလိမ့်မယ်။ ဒီလိုနဲ့ ပစ္စည်းမဲ့ ဒေါသတွေ ပိုမိုကြီးထွားလာပြီး လူမှုပဋိပက္ခတွေလည်းအတောမသတ်ဖြစ်စေရေးကို ဦးတည်လျက်ရှိပါတယ်။

မလွယ်ပေါက်တွေက ရုန်းထွက်ကြပေaမဲ့ အကုန်လုံးမထွက်နိုင်ကြတာမို့ ပြည်တွင်းမှာရင်ဆီးခံရမဲ့ သူတွေက်လည်း လူဦးရေရဲ့ ၁၀% လောက်အနည်းဆုံးရ်ှနိင်ပါတယ်။ ဆင်းရဲမှုနှုန်းက ၂၆% ကနေ ကြိမ်းသေပေါက် ၅၀% အထက်ကိုကျော်တက်မှာပါ။ အဟာအရမပြည့်တဲ့ကလေးငယ်က သုံးယောက်တယောက်ကနေ သုံးယောက်နှစ်ယောက်နှုန်းလောက် ဖြစ်သွားပါလိမ့်မယ်။