• Today is: Wednesday, December 7, 2022

ဗဟာဗျူဟာမြောက် ပေါင်းစည်းခြင်းနှင့် ပြည်ထောင်စု၏ ထွက်ရပ်လမ်း

ဗဟာဗျူဟာမြောက် ပေါင်းစည်းခြင်းနှင့် ပြည်ထောင်စု၏ ထွက်ရပ်လမ်း

ခန့်ဝေဖြိုး (ဆောင်းပါး)

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၁

    နိုင်ငံသည် (၁၉၄၈) ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် လွတ်လပ်ရေးရပြီးနောက်ပိုင်း ​​ကြီးမား ကျယ်ပြန့်သော ပြည်တွင်းစစ်ကို ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။ ပြည်တွင်းစစ်ကြောင့် စစ်ဝါဒ ပိုမိုအားကောင်းလာပြီး လူမျိုး ကြီးဝါဒကို အခြေခံထားသည့် စစ်တပ်သည် (၁၉၆၂) ခုနှစ်၊ မတ်လ(၂) ရက်နေ့မှစ၍ ပါလီမန် ဒီမို ကရေစီ အရပ်သားအစိုးရကို ဖြုတ်ချခဲ့ကာ တရားမဝင် အာဏာသိမ်းခဲ့သည်။ ထိုအချိန်မှစ၍ စစ်တပ် သည် အရပ်ဖက် နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာခဲ့ကာ နိုင်ငံကို အာဏာရှင်စနစ်အောက်သို့ သွတ်သွင်း ခဲ့သည်။

စစ်အာဏာရှင်စနစ်ကြောင့် စစ်တပ်သည် နယ်ပယ်အသီးသီးကို ဝင်ရောက်ခြယ်လှယ်နိုင်ခဲ့ပြီး နိုင်ငံကို အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံအဖြစ်သို့ နိမ့်ဆင်းသွားအောင် ပြုလုပ်ခဲ့ပေသည်။ စစ်အာဏာရှင်စနစ် အောက်တွင် ပြည်သူလူထု၏ ဘဝသည် အစစ အရာရာ ရုန်းကန်ခဲ့ရပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းလှသည့် စစ်တပ်ခေါင်းဆောင်များ၏ ခြယ်လှယ်မှုအောက်တွင် ငြိမ်ဝပ်ပိပြားခဲ့ရသည်။ စစ်အာဏာရှင်စနစ် တည်တံ့စေရေးအတွက် စစ်တပ်သည် နိုင်ငံတွင်း မှီတင်းနေထိုင်သော လူမျိုးပေါင်းစုံထဲမှ လူဦးရေ အများဆုံးဖြစ်သည့် မြန်မာ/ဗမာ လူမျိုးကို အခြေခံ၍ စစ်တပ်ကို စနစ်တကျ တည်ဆောက်ခဲ့သည်။

အာဏာရှင်စနစ်​အောက်တွင် အကျိုးအမြတ်ကြီးစွာရနေသည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် ထိုသူတို့၏ အနွယ်ဝင် ဆွေတော်မျိုးတော်များသည်  မိသားစု အကျိူးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် စစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့ကြသည်။ စစ်အာဏာရှင်ကြီးများသည် စစ်တပ်ကို ၎င်းတို့၏ အကျိုးစီးပွားအတွက် လိုအပ်သလို အသုံးချနိုင်ရန်အလို့ငှာ အမျိုး၊ ဘာသာ၊ သာသနာနှင့် ပြည်ထောင်စု မပြိုကွဲရေးအတွက် အဓိက တာဝန်ယူ စောင့်ရှောက်ရသူသဖွယ် စစ်တပ်ကို ပုံဖော်ကာ အောက်ခြေစစ်သားများနှင့် စစ်တပ်အရာရှိများအား ​ခေတ်အဆက်ဆက် စနစ်တကျ ပုံသွင်း ဝါဒဖြန့်၍ ဦးနှောက်ဆေးကြောခဲ့သည်။

ထိုကဲ့သို့ ပုံသွင်းခံရသော စစ်တပ်သည် ပြည်ထောင်စု မပြိုကွဲရေး အကြောင်းပြချက်ဖြင့် သယံဇာတ ပေါ​ကြွယ်လှသည့် တိုင်းရင်းသား​ဒေသများကို ကျူးကျော်ကာ ရက်စက်ကြမ်းကြုတ်လှသည့် စစ်ရာဇ ဝတ်မှုများကို နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့ကြသည်။ လူဦးရေအများစုဖြစ်သည့် မြန်မာ/ဗမာ လူမျိူး အများစုသည် စစ်တပ်၏ စစ်ရာဇဝတ်များကိုလျစ်လျူရှုခဲ့​ကြပြီး စစ်တပ်​ကြောင့် ဖြစ်ပေါ်လာသည့် ​ပြည်ထောင်စုသွေးချင်းတို့၏ ဆင်းရဲဒုက္ခအဖုံဖုံကို ကိုယ်ချင်းစာစိတ် နည်းပါးခဲ့ကာ ကိုယ်နှင့်မဆိုင်သလို နေခဲ့ကြသဖြင့်လည်း စစ်အာဏာရှင်စနစ်က ယနေ့အချိန်ထိ ဆက်လက်ရှင်သန်ခဲ့ပေသည်။

သို့သော်လည်း စစ်တပ်သည် ၎င်းတို့၏ အကျိုးစီးပွားနှင့် အာဏာကို ထိပါးမည်ဆိုလျှင် မည့်သည့် ဘာသာ ကိုးကွယ်သည်ဖြစ်စေ၊ မည်သည့်လူမျိုးဖြစ်ပါစေ ရန်သူသဖွယ် သတ်မှတ်ကာ ပြင်းပြင်း ထန်ထန် နှိပ်ကွပ်ချေမှုန်းခဲ့သည်ကို ဒီမိုက​ရေစီရေးတောင်းဆိုသည့် ခေတ်အဆက်ဆက် ကျောင်းသား၊ အလုပ်သမား၊ လယ်သမား လှုပ်ရှားမှုများ၊ ရှစ်လေးလုံး လူထု ဒီမိုကရေစီ အရေးတော်ပုံ၊ ရွှေဝါရောင် တော်လှန်ရေးနှင့် ယခုနွေဦးတော်လှန်ရေးတို့ကို ကြည့်လျှင် ထင်ထင်ရှားရှား တွေ့နိုင်သည်။

ဒီမိုကရေစီ ဆိတ်သုဥ်းခြင်းနှင့်အတူ နိုင်ငံသည်လည်း နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် အဂတိ တရား လိုက်စား၍ ယို့ယွင်းပျက်ဆီးခဲ့ရပြီး ပြည်သူလူထုသည်လည်း ဆင်းရဲမွဲတေမှုဒဏ်ကို ခါးစည်း ခံခဲ့ရကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုဒဏ်များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ထိုသို့ဆိုလျှင် ပြည်သူလူထုသည် ဒီမိုကရေစီ ဆိတ်သုဥ်းခြင်းနှင့် စစ်အာဏာရှင်စနစ်၏ ဒဏ်များကို ကျောကော့အောင် ခံနေရသော်လည်း စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၎င်းတို့၏ ​ဆွေမျိုးများ၊ အကျိုးစီးပွားဖက် ခရိုနီလူတန်းစားတို့သည် စစ်အာဏာရှင်စနစ်ကိုသာ ဖက်တွယ်လိုပြီး ထိုစနစ်ကြောင့် အကျိုးအမြတ် မြောက်များစွာ ရရှိနေခဲ့သည်မှာ ထိုသူတို့၏ ပိုင်ဆိုင်မှုများကို ကြည့်လျှင် သိနိုင် ပေသည်။

ထိုအကျိုးအမြတ်များ ဖန်တီးပေးနေသည့် အာဏာ လက်ဝယ် အစဥ်အဆက် ပိုင်ဆိုင်နိုင်ရေးနှင့် ရရှိ ခဲ့သည့် အကျိုးစီးပွားများကို ကာကွယ်နိုင်ရန်အတွက် စစ်တပ်ကို လက်ကိုင်တုတ်သဖွယ် အသုံးချကာ စစ်အာဏာရှင်စနစ်ကို ဖုံးဖိထားသည့် ရွှေရည်စိမ် ဒီမိုကရေစီ အပြောင်းအလဲကို ဟန်ပြပြုလုပ်ခဲ့သည်။ သို့သော် စစ်အာဏာရှင်တို့သည် ၎င်းတို့၏ အကျိူးစီးပွားကို ထိပါးခြိမ်းခြောက်လာသည်ဟု ယူဆ၍ မူလ ငုပ်လျှိူးပုန်းကွယ်နေသည့် စစ်အာဏာရှင်စနစ် သရုပ်သကန်သည် (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစကာ အတိအလင်း ပြန်လည်ပေါ်ထွက်လာခဲ့သည်။

နိုင်ငံသည် လွတ်လပ်​ရေး ရပြီးသည်မှစ၍ လူမျိုးကြီးဝါဒနှင့် ဖက်ဆစ်ဝါဒကို လက်ကိုင်ပြုထားသည့် စစ်တပ်နှင့် စစ်အာဏာရှင်စနစ်ကို အဓိက ပုံဖော်နေသော စစ်တပ်ခေါင်းဆောင်များကြောင့် မည်သည့် အခါကမျှ ​ပြည်ထောင်စု နိုင်ငံအဖြစ်သို့ မရောက်ရှိသကဲ့သို့ ဒီမိုကရေစီဆိုသည်မှာလည်း ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်ခဲ့ရသည်။

ယနေ့ပြည်သူလူထု ကြုံတွေ့နေရသော စီးပွားရေး၊ လူမှုရေး၊ စစ်ရေး အခြေအနေများနှင့် ဒုက္ခပေါင်းစုံ တို့သည် နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်ခြင်းကြောင့် ဖြစ်ပေါ်နေသော လက်ဝေခံပြဿနာများ ဖြစ်သည်။ ထိုသို့ဆိုလျှင် နိုင်ငံရေး ပြဿနာသည် မည်သည့် ပြဿနာဖြစ်သနည်း။ ပြဿနာကို ထင်ထင် ရှားရှားသိမှသာလျှင် ထိုအကြောင်းရင်းခံဖြစ်သည့် ပြဿနာ၏ အဖြေကို ရှာဖွေနိုင်မည် ဖြစ်သည်။

ပြဿနာ၏ မူရင်းအစကို ပြန်ကောက်ရမည်ဆိုလျှင် နိုင်ငံလွတ်လပ်ရေး ရယူနိုင်ရေးအတွက် ရေးဆွဲ အတည်ပြုခဲ့သည့် (၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်လုံကတိကဝတ်နှင့် ပင်လုံစာချုပ်ပါ အချက် များကို မျက်ကွယ်ပြုခဲ့ပြီး ​မြန်မာ/ဗမာ လူမျိုးကြီးဝါဒကို အခြေခံထားသည့် တစ်ပြည်ထောင် စနစ်သာ ဖြစ်ခဲ့သည်။

သမိုင်းဆိုင်ရာ အချက်အလက်များနှင့် အထောက်အထားများအရလည်း ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးတို့သည် ကိုယ့်မင်းကိုယ့်ချင်းနှင့် အုပ်ချုပ်ခဲ့သော သီးခြား လွတ်လပ်သည့် လူမျိုးများ(ဝါ) ပြည်​ထောင်များ ဖြစ်ကြသည်မှာ မည်သူမျှ ငြင်းဆန်၍ မရနိုင်ပါ။ (ပဒေသရာဇ်စနစ်အရ စစ်အင်အားကြီးမားသည့် လူမျိုး သို့မဟုတ် ​​​ဒေသသည် ကျန်လူမျိုး သို့မဟုတ် ဒေသတို့၏ နယ်မြေကိုကျူးကျော်သိမ်းပိုက်နိုင်ခဲ့သည့်ကာလများ အပြန်အလှန်ရှိခဲ့ကြပေသည်။)

သီးခြားလွတ်လပ်ခဲ့သည့်ည်ထောင်များသည်ယ်ချဲ့စနစ်အောက်မှ လွတ်လပ်ရေးကို သီးခြားစီ ရယူ၍ နိုင်ငံ အသီးသီး ထူထောင်နိုင်ခွင့်ရှိခဲ့သော်လည်း လွတ်လပ်ရေးအောင်ပန်းကို အတူတကွ ဆွတ်ခူးကာ ပြည်ထောင်စုနိုင်ငံ အဖြစ် ပူးပေါင်း၍ ရယူခဲ့ကြသည်။ တနည်းအားဖြင့် တောင်တန်းပြည်မ ညီညွတ် ခဲ့ကြကာ အမျိုးသားတန်းတူရေးရှိသည့် ပြည်ထောင်စု တည်ဆောက်​ရေးအတွက် ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး လွတ်လပ်ရေးကို အတူတကွ ရယူခဲ့ကြသော်လည်းယနေ့အထိ ထိုပင်လုံစာချုပ်ပါ ကတိ ကဝတ်များကို အကောင်အထည်မဖော်နိုင်ခဲ့ပေ။ ထိုသို့ဆိုလျှင် နိုင်ငံ၏ အကြောင်းရင်းခံ ပြဿနာမှာ အရင်းစစ်လိုက်မည်ဆိုပါက အမျိုးသားတန်းတူညီမျှရေး ရှိသည့် ပြည်ထောင်စု မတည်ဆောက် နိုင်ခြင်းနှင့် ဒီမိုကရေစီ ဆိတ်သုဥ်းနေသည့် ပြဿနာ ဖြစ်နေပေသည်။ တနည်းအားဖြင့် ဖက်ဒရယ် အရေးနှင့် ဒီမိုကရေစီ အရေးပင် ဖြစ်သည်။

ထိုပြဿနာ ဖြေရှင်း​ပြေလည်ရေးအတွက် အဓိက အတားအဆီး အဟန့်အတားပြုလုပ်နေသည်မှာ စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒ၊ ဖက်ဆစ်ဝါဒ ကို လက်ကိုင်ပြုထားသည့် စစ်တပ်တို့ ဖြစ်နေ သည်။ လွတ်လပ်ရေး ရပြီးသည့်အချိန်မှစ၍ လူမျိုးပေါင်းစုံ လှုပ်ရှားရုန်းကန်ခဲ့သည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးသည် ယခုနွေဦးတော်လှန်ရေး အခင်းအကျင်းများကြောင့် အခွင့်အလမ်း ကောင်းအဖြစ် ရောက်ရှိနေပြီ ဖြစ်သည်။ ဖက်ဒရယ်နှင့် ဒီမိုကရေစီသည် ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်း သကဲ့သို့ နိုင်ငံအတွက် ခွဲမရအောင် လိုအပ်နေသော ဆေးကောင်းတခွက် ဖြစ်ပြီး အတွင်းလှိုက်စား နေသည့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုချပစ်ရန် လိုအပ်နေသည့် အချိန်အခါကောင်းသည် ယခု ကျရောက်နေခဲ့ပြီ ဖြစ်သည်။

နှစ်ပေါင်းများစွာ အမျိုးသားတန်းတူရေးအတွက် ဆင်နွှဲခဲ့ကြသည့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ဒီမိုကရေစီရေးအတွက် လှုပ်ရှားရုန်းကန်နေသော အင်အားစုတို့သည် မဟာဗျူဟာ မြောက် ပေါင်းစည်းခြင်းဖြင့် ပြည်ထောင်စု၏ ထွက်ရပ်လမ်း ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်စွာ ဆောင်ကြဥ်းပေးနိုင်ရန် လိုအပ်​​​နေသည်။

ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် ပြည်တည်နာဖြစ်နေသည့် စစ်အာဏာရှင်တို့ကို ပြည် ထောင်စုတစ်ဝန်းလုံး အတိုင်းအတာဖြင့် အနာခံ၍ ဖောက်ထုတ်ရှင်းလင်းရန် လိုအပ်နေပြီး ပြည်ထောင် စုသွေးချင်းညီနောင်တို့သည် ယခုနွေဦးတော်လှန်ရေးတွင် မဟာဗျူဟာမြောက် ပေါင်းစည်းညီညွတ် ခြင်းဖြင့် ပြည်ထောင်စု၏ ထွက်ရပ်လမ်းဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး ကို အားသွန်ခွန်စိုက် ကြိုးပမ်းရမည်ဖြစ်ကြောင်း မီးမောင်းထိုးဆော်သြလိုပါသည်။

အထူးသဖြင့် ဖက်ဒရယ် ပြည်ထောင်စုရေးအတွက် ကတိကဝတ်ပျက်ခဲ့သည့်၊ လူမျိုးကြီးဝါဒ၏ တချို့ ခံစားခွင့်များကို ရရှိခဲ့သည့် နိုင်ငံတွင်း လူဦးရေ အများဆုံးဖြစ်သည့် မြန်မာ/ဗမာ လူမျိုးတို့သည် ဖက်ဒ ရယ်ရေးအတွက် ပိုမိုတာဝန်ယူကာ  ပြည်ထောင်စု စိတ်ဓာတ် အပြည့်ရှိကြောင်း လက်တွေ့ပြသကြရန် တိုက်တွန်းအပ်ပါသည်။