• Today is: Wednesday, December 7, 2022

လှပလွန်းတဲ့ ကျောက်စိမ်းနောက်ကွယ်က ဆိုးဝါးလွန်းတဲ့ အရှိတရား

လှပလွန်းတဲ့ ကျောက်စိမ်းနောက်ကွယ်က ဆိုးဝါးလွန်းတဲ့ အရှိတရား

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၊ ၂၀၂၁

ကမ္ဘာမှာ ထင်ရှားကျော်ကြားပြီး တရုတ်နိုင်ငံသားတွေ အသည်းစွဲဖြစ်တဲ့ ကျောက်စိမ်းဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့ကနေ ထွက်ရှိပါ တယ်။ ဒေသခံတွေက ဖားကန့်မြို့ကို ကျောက်စိမ်းမှော် ဒါမှ မဟုတ် အညို ရောင်နယ်မြေလို့ ခေါ်ကြပါတယ်။ ကျောက်စိမ်းမှော်မှာ ကျောက်စိမ်းတူး ကုမ္ပဏီကြီးတွေက စွန့်ပစ်လိုက်တဲ့ မြေစာပုံထဲကနေ ရေမဆေးကျောက်ရှာသူ တွေရဲ့ ပုံပြင်ဆန်တဲ့ ဘဝတွေ၊ ကျောက်စိမ်းတူးဖော်ခွင့်ရရှိတဲ့ ခရိုနီကုမ္ပဏီတွေ နဲ့ နယ်မြေတာဝန်ရှိသူ အစိုးရတွေကြား လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ကျောက် စိမ်းလုပ်ကွက်တွေ ဖော်ဆောင်ဖို့ မြေအသိမ်းခံလိုက်ရတဲ့ ဒေသခံလူမျိုးတွေရဲ့ ဘ၀ ဇာတ်ကြောင်းတွေ ၊ မြေစာပုံတွေအောက်က အလောင်းပြန်မရနိုင်တော့တဲ့ ဖြစ်ရပ်တွေ ဟာ လှပလွန်းတဲ့ ကျောက်စိမ်းတွေရဲ့ နောက်ကွယ်က အရိုင်းဆန် ပြီး ရင်နာစရာကောင်းတဲ့ စိတ်လှုပ်ရှားဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်းတွေပါ။

ဖားကန့်မှာ အတည်ပြုထားတဲ့ အိမ်ထောင်စုအရေအတွက်ဟာ တစ်သောင်း ကျော်ရှိပြီး လူဦးရေ တစ်သိန်းတစ်သောင်းကျော်ရှိပါတယ်။ ယာယီအိမ်ထောင်စု အရေအတွက်ကတော့ နှစ်သောင်းကိုးထောင်ကျော်ရှိပြီး ရွှေ့ပြောင်းလုပ်သားဦး ရေကိုပါ ထည့်တွက်မယ်ဆိုရင် ဖာကန့်မြို့ရဲ့ လူဦးရေက လေးသိန်းခွဲလောက် ရှိနေပါတယ်။

လူဦးရေ လေးသိန်းကျော် နေထိုင်ရပ်တည်နေတဲ့ ကျောက်စိမ်းမှော် ဒေသကို တော့ တစ်ချို့ကလည်း မြန်မာနိုင်ငံရဲ့ သယံဇာတ ကျိန်စာသင့်နေတဲ့ နေရာ တွေထဲက တစ်ခုလို့ ပြောဆိုကြပါတယ်။

လက်နက်ကိုင်အုပ်စိုးမှု

ဖားကန့်ဆိုတဲ့မြို့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စိုးမိုးတဲ့ နေရာ တစ်ခုဖြစ်နေသလို၊ အစိုးရအဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ နယ်မြေဒေသတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖား ကန့်ဒေသဆိုတာ ရွေးကောက်ပွဲမှာ အနိုင်ရပါတီရဲ့အစိုးရအဖွဲ့အပြင် စစ်ကောင် စီတို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ အစိုးရ သုံးရပ်လုံး အုပ်ချုပ် နေတဲ့ ကမ္ဘာကျော်အဖိုးတန် သယံဇာတထွက်တဲ့ နေရာဒေသတစ်ခု ဖြစ်တယ် လို့ ဒေသခံတွေက ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ဒီလို အစိုးရသုံးရပ်လုံး အုပ်ချုပ်နေတဲ့ နေရာဒေသက ဖား ကန့်မြို့နယ်တစ်ခုသာ ရှိနေပါတယ်။ နောက်ပြီး ဖားကန့်ဒေသခံတို့က ဖားကန့် နယ်မြေကို အညိုရောင်နယ်မြေလို့လည်း ခေါ်ကြပါတယ်။ ငြိမ်းချမ်းရေးရတဲ့ အဖြူရောင်နေရာလည်း မဟုတ်သလို လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အနက်ရောင်နယ်မြေလည်းမဟုတ်တဲ့အတွက် ဖားကန့်ဒေသခံတွေကတော့ အညိုရောင်နယ်မြေလို့ ဒီကျောက်စိမ်းမှော်ကို ခေါ်ကြ၊ ဆိုကြပါတယ်။

ကျောက်စိမ်းတူးဖော်ခွင့်ချထားပေးခြင်း

ဒီအညိုရောင်နယ်မြေမှာ ကမ္ဘာကျော် ကျောက်စိမ်းထွက်တဲ့အတွက် နိုင်ငံတော် က ကျောက် စိမ်း တူးဖော်ရေးလုပ်ကွက်လိုင်စင်တွေကို တရားဝင် ချထားပေးတဲ့ ကုမ္ပဏီများလည်း ရှိနေပါတယ်။

နဝတ၊ နအဖ အစိုးရလက်ထက်ကတည်းကကျောက်တူးဖော်ရေးကုမ္ပဏီတွေကို ဖားကန့်ဒေသမှာ အင်အားအလုံးအရင်းနဲ့ တူးဖော်ခွင့်ပြုခဲ့ပါတယ်။ အကျိုး ဆက်အနေနဲ့က လက်ရှိ ဖားကန့်ဒေသမှာတွေ့နေရတဲ့ မိုးထိုးနေတဲ့ မြေစာပုံ ကြီးများနဲ့ နက်ရှိုင်းလှတဲ့ ရေကန်ကြီးများကို အကျည်းတန်းစွာ မြင်တွေ့နေရ တာပဲဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ စက်ယန္တရားကြီးများနဲ့ ကျောက်စိမ်းတူးဖော်သွားခဲ့တဲ့ ကုမ္ပဏီကြီး စုစုပေါင်း ၅၀၀ ကျော်ရှိတယ်လို့ စုံစမ်းသိရှိရပြီး၊ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ သက်တမ်းလိုင်စင်ကုန်သွားတဲ့ ကုမ္ပဏီကြီးက ၃၅၀ ကျော်ရှိပါတယ်။

နောက်ပြီး နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကွက်များမှာ နေ့စဉ်ကျောက်တူးဖော် နေတဲ့ ကုမ္ပဏီကြီးက ၆၉ ခုရှိတယ်လို့ ၂၀၁၉ ခုနှစ် ဖားကန့်မြို့နယ် ဒေသဆိုင် ရာ အချက်အလက်များစာအုပ်အရ သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်အထိ ကျောက် စိမ်းတူးဖော်ထုတ်လုပ်ခွင့် သက်တမ်းကျန်ကုမ္ပဏီက ၇၄ ခုနဲ့ နိုင်ငံတော်နှင့် အကျိုးတူ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီက သုံးခု ကျန်ရှိနေသေးတာပဲ ဖြစ်ပါ တယ်။

ရတနာမြေကြောင့် ဘဝပျက်သူတွေ

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်ခြင်း မရှိသေးတဲ့အချိန်က ဒေသခံများနဲ့ ကျောက်စိမ်းရှာဖွေသူတွေဟာ ကိုယ်ပိုင် ရေငုတ်ကျင်းနဲ့ သံတိုင်များကို အဓိကထား အသုံပြုပြီး တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြတာပါ။

၁၉၉၄ ခုနှစ် ကချင်မြောက်ရေးတပ်မတော်နဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ငြိမ်အေးချမ်းရေးကောင်စီ အစိုးရအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရယူပြီးနောက်ပိုင်း ဖားကန့်ဒေသမှာ နိုင်ငံတော်အစိုးရနဲ့ လုပ်ငန်းရှင် တွေ ဖက်စပ်လုပ်ကိုင်တဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ အသေးစား စက်ယန္တရားတွေအသုံးပြုပြီး စတင်လုပ်ကိုင်လာခဲ့ကြပါတယ်။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာတော့ လုပ်ငန်းရှင်များနဲ့ တပ်မတော်အစိုးရတို့က အကျိုးတူလို့ ခေါင်းစဉ်တပ်ပြီး ဖားကန့်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းလုပ်ကွက်တွေကို စက်ယန္တရားကြီးတွေနဲ့ စတင်တူးဖော်လာပါတယ်။

အဲဒီအတွက် တစ်ပိုင်တစ်နိုင်ကျောက်စိမ်းတူးဖော်နေကြတဲ့ ဒေသခံတွေဟာ လုပ်ကိုင်ခွင့်မရတော့ဘဲ ၎င်းတို့ ကျောက်စိမ်းတူးဖော်ရာ နေရာများဟာလည်း အကျိုးတူကုမ္ပဏီများရဲ့ လုပ်ကွက်များအဖြစ် သိမ်းပိုက်ခြင်းခံခဲ့ကြရပါတယ်။ ဒါ့အပြင် ဘိုးဘွားစဉ်ဆက် နေထိုင် လုပ်ကိုင်စားသောက်လာခဲ့ကြတဲ့ ဒေသခံ တွေရဲ့ နေအိမ်တွေ၊ တောင်ယာတွေနဲ့ စိုက်ခင်းတွေကလည်း ရတနာနယ် မြေများအဖြစ် သက်မှတ်ခံရပြီး နိုင်ငံတော်အကျိုးတူလုပ်ကွက်များအဖြစ် မတရား သိမ်းဆည်း ခံလိုက်ရပါတော့တယ်။

“ ကျောက်လုပ်ကွက် ချပေးတဲ့အချိန်က ရတနာတူးဖော်ရေး နယ်မြေထဲပါတယ် ပြောတယ်။ ဘယ်အချိန်မှာ သူတို့ကွင်းဆင်းပြီးတိုင်းတာလိုက်လဲ ကျွန်တော်တို့ မသိရဘူး။ အဲဒါနဲ့ ဒေသပေါက်ဈေးနဲ့ ဈေးဖြတ်ပေးလိုက်ကြတယ် ” လို့ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

ဒါ့ကြောင့် ဒေသခံများနဲ့ အရင်းအနှီးမရှိတဲ့ ပြည်သူများက အကျိုးတူ ကုမ္ပဏီ များနဲ့ ကုမ္ပဏီကစွန့်ပစ်လိုက်တဲ့ စွန့်ပစ်မြေစာများမှာ ကျောက်စိမ်း ပြန်လည် ရှာဖွေစားသောက်ရတဲ့ ဘဝကို ရေမဆေးကျောက်ရှာသူ ဘဝကို ရောက်ရှိသွားခဲ့ တာပဲ ဖြစ်ပါတယ်။

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေက ပါမစ်ခွင့်ပြုမိန့်ရရှိတဲ့ကာလအတွင်း နေ့ညမပြတ်အပြင်းအထန် တူးဖော်လုပ်ကိုင်ခဲ့ကြတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုတွေအပြင်၊ စိစစ်စစ်ဆေးပေးနိုင်မှုအားနည်းတဲ့အတွက် အရည်အသွေးကောင်းမွန်တဲ့ ကျောက်စိမ်းတွေဟာ စွန့်ပစ်ရာမှာ ပါရှိသွားကြ ပါတယ်။

အကျိုးဆက်အနေနဲ့ကတော့ ဒေသခံတွေအပြင် မြန်မာနိုင်ငံအနှံ့က ရွေ့ပြောင်း အလုပ်သမားတွေက ဒီစွန့်ပစ်မြေစာများမှာ ရေမဆေးကျောက်ရှာဖွေဖို့အတွက် ရောက်လာခဲ့ကြပါတယ်။

စွန့်စားလုပ်ကိုင်လိုတဲ့သူတွေ၊ သူဌေးဖြစ်လိုတဲ့သူတွေ၊ အရင်းအနှီးရလိုတဲ့သူ တွေ အစရှိတဲ့ ရည်ရွယ်ချက်များနဲ့ မြန်မာနိုင်ငံအနှံက လူတွေဟာ ဖားကန့် ဒေသမှာ ရေမဆေးကျောက်ရှာဖွေသူတွေအဖြစ် လာရောက်လုပ်ကိုင်နေကြ တာပါ။

မြေကြီးအောက်ရောက်သွားတဲ့ ဘဝတွေ

“ လူတွေမြေစာပြိုပြီးမှ အားလုံး သေကြတဲ့ဘေးကိုတော့ မဖြစ်စေချင်ဘူးပေါ့ နော်။ ဒါပေမဲ့ အခုလိုမျိုး ခက်ခဲကြမ်းတန်းနေတဲ့ကာလမှာ လူတွေက မိမိတို့ မိသားစုဝမ်းစာအတွက် ခက်ခက်ခဲခဲရှာဖွေနေကြတဲ့အချိန်မှာ သူတို့တက်နိုင် တယ်၊ သူတို့လွယ်တယ်လို့ ထင်တဲ့လမ်းကို ရွေးချယ်ကြတာများတယ်လေနော့် ” လို့ ကိုဆိုင်းအောင်က ပြောပါတယ်။

ကိုဆိုင်းအောင်ရဲ့ ဖခင်က တစ်ခြားဒေသကနေ မိသားစုစားဝတ်နေရေးအတွက် ဖားကန့်ကျောက်စိမ်းလုပ်ကွက်ကို သွားရောက်လုပ်ကိုင်ရင်း မြေစာပြိုကျမှု ကြောင့် သေဆုံးသွားခဲ့ပါတယ်။

သားသမီးသုံးယောက်ရှိတဲ့ မိသားစုဘဝစားဝတ်နေရေး ဖူလုံစေဖို့အတွက် ခရီးသည်တင်ကားမောင်းနှင်နေတဲ့ ဖခင်က ဝင်ငွေပိုရနိုင်တဲ့ ဖားကန့်ဒေသကို သွားကာ ရေမဆေးကျောက်ရှာဖို့ မိတ်ဆွေတချို့နဲ့ သွားရောက်ခဲ့တာဖြစ်တယ် လို့ ကိုဆိုင်းအောင်က ဆိုပါတယ်။

ဒီလို ရေမဆေးကျောက် သွားရောက်ရှာဖွေနေတဲ့ ကိုဆိုင်းအောင်ရဲ့ဖခင်က ၂၀၂၀ နိုဝင်ဘာလမှာ မြေစာပုံပြိုကျရင်း သေဆုံးခဲ့ရပါတယ်။ ဖခင်ရဲ့ မိတ်ဆွေ များကြောင့် ဖခင်ရဲ့ရုပ်အလောင်းကို ကိုဆိုင်းအောင်တို့မိသားစု ပြန်လည်ရရှိခဲ့ ပေမယ့် ဖားကန့်ဒေသမှာ မြေစာပုံပြိုကျမှုကြောင့် ရုပ်အလောင်း ပြန်မရဘဲ လူမသိ၊ သူမသိ သေဆုံးသွားရတဲ့သူတွေလည်း ဒုနဲ့ဒေးနဲ့ပါ။

ဖားကန့်ကို ကျောက်စိမ်းရှာဖွေဖို့ရောက်လာကြတဲ့ သူအများစုက အလုပ်လက်မဲ့ ဖြစ်ခြင်းနဲ့ ဆင်းရဲနွမ်းပါးခြင်းတို့ကြောင့် ရောက်လာကြတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဖားကန့်ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေမှာ အကြောင်းအမျိုးမျိုး ကြောင့် မြေစာပြိုကျမှုများက အစဉ်အလာတစ်ရပ်လို ဖြစ်ပွားလာနေပါတယ်။

ဒီကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များကို ကြီးကြပ်မှု လျော့နည်းလာတဲ့ အပြင် စနစ်တကျနဲ့ မြေစာများကို စွန့်ပစ်မှုမရှိတာတွေကြောင့် ဒေသခံများနဲ့ အရင်းအနှီးမရှိတဲ့ ရေမဆေးကျောက် ရှာဖွေသူတွေ အများအပြားက မြေစာပြို ကျမှုကြောင့် နှစ်စဉ်သေဆုံးနေကြရပါတယ်။

ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (ဖားကန့်)နဲ့ Humanitty Institute တို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်မှာ မြေပြို ကျမှုက ရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အနည်းဆုံးပြည်သူ ၁၅၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါအပြင့် ကုမ္ပဏီဝန်ထမ်းများရဲ့ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် အမျိုးသား အမျိုးသမီး ၁၃ ယောက် သေဆုံးခဲ့ရပါတယ်။

နောက်ပြီး ၂၀၁၆ ခုနှစ်မှာလည်း မြေပြိုမှုက ရှစ် ကြိမ်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ပြည်သူ အယောက်၁၀၀ နီးပါးသေဆုံးခဲ့တဲ့အပြင် ကုမ္ပဏီကိုလုံခြုံရေး ရယူပေးနေတဲ့ ရဲတပ်ဖွဲ့နဲ့ပဋိပက္ခဖြစ်ပွားမှုကြောင့် တစ်ဦးသေဆုံးတဲ့အပြင် ကုမ္ပဏီယာဉ်နဲ့တိုက်မှုကြောင့် အနည်းဆုံးပြည်သူ ငါး ဦးသေဆုံးခဲ့ရပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ မြေပြိုကျမှု ခုနှစ်ကြိမ်ဖြစ်ပွားပြီး အနည်းဆုံးပြည်သူ ၃၀ နီးပါးသေဆုံးရတဲ့အပြင် ကုမ္ပဏီကိုလုံခြုံရေးရယူပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်များနဲ့ ပဋိပက္ခဖြစ်ပွားမှုကြောင့် ၁၀ ဦးသေဆုံးပြီး အယောက် ၃၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ နှစ်အစမှာတင် မြေပြိုကျမှုကြောင့် ကုမ္ပဏီလုပ်ကွက် တစ်ခုက နှစ်မြုပ်သွားရပြီး ဝန်ထမ်းပေါင်းများစွာ သေဆုံးခဲ့ရတဲ့အပြင် ကုမ္ပဏီယာဉ်တိုက်မိတဲ့အတွက် အပြစ်မဲ့ပြည်သူ ငါးဦး သေဆုံးခဲ့ရပါသေးတယ်။

မြေပြင်အချက်အလက်တွေအရ ၂၀၁၉ ခုနှစ်မှာ ၁၅၀ နီးပါးသေဆုံးပြီး၊ ၂၀၂၀ မှာတော့ ၂၂၆ ယောက်သေဆုံးခဲ့ရပါတယ်။ နှစ်စဉ်ဖားကန့်မှာက လူအယောက် တစ်ရာနီးပါးက သေဆုံးနေကြရတာပဲဖြစ်ပါတယ်။ ဒီလို သေဆုံးမှုအများစုမှာ ကြိုတင်ကာကွယ်မှု ဆောင်ရွက်နိုင်ပေမယ့် နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူများ တုံ့ပြန်ဆောင်ရွက်မှုမရှိတာကို တွေ့ရပါတယ်။ ဒေသအတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ အုပ်ချုပ်စီမံမှုအတွက် တာဝန်ရှိသူများရဲ့ ဆောင်ရွက်ရန် ပျက်ကွက် မှုများက ကြောင့် ပြည်သူတွေရဲ့ ရာချီတဲ့ အသက်တွေ နှစ်စဉ်ဆုံးရှုံးနေရပါ တယ်။

“ ဒီဖားကန့်မြေပြိုမှုကတော့ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေရှိနေသရွေ့ ဒီလူသေမှုက အမြဲတမ်းရှိနေမှာပဲလေနော်။ ဒါကိုရပ်တန့်စေချင်တယ်။ မလွယ် မှန်းလည်း သိပေမယ့် ဒါကိုရပ်တန့်စေချင်တယ်။ ခုကျောက်စားနေတယ်ဆို တာကလည်း လူတစ်စုပဲလေနော့်။ အများပိုင်းကတော့ ဖားကန့်နယ်ခံဖြစ်နေပေ မယ့် ဒီဖားကန့်ကထွက်တဲ့ သယံဇာတကိုခံစားခွင့်ရတာက နည်းနည်းပဲရှိတာ ကိုး ….”

ကျောက်စိမ်းတူးဖော်ရေးကိစ္စ ဘယ်သူတွေအကျိုးအမြတ်ကြီးကြီးရနေလဲ

NLD ပါတီက ၂၀၁၅ မှာ ရွေးကောက်ပွဲကိုအနိုင်ရရှိပြီး၂၀၁၆ ဧပြီမှာ အစိုးရ တစ်ရပ်ကို စတင်ဖွဲ့စည်းပြီး အစိုးရတာဝန်များကို ထမ်းဆောင်ပါတယ်။ အစိုးရတစ်ရပ်ကိုစတင်လည်ပတ်ချိန်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ နဲ့ သတ္ထုတူးဖော်ခွင့် လုပ်ငန်းလိုင်စင်တွေကို သက်တမ်းတိုးမပေးဘဲ ရပ်တန့် လိုက်ပါတယ်။တစ်ကယ်လို့ ဆက်တူးခွင့်ပြုမယ်ဆိုရင်လည်း အကျိုးအမြတ်ရဲ့ ၉၀ ရာခိုင်နှုန်းက ကုမ္ပဏီနဲ့ အစိုးရဝန်ထမ်းတွေရဲ့ အိတ်ကပ်ထဲသာ ရောက်သွား မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း NLD အစိုးရက လုပ်ငန်းလိုင်စင်တိုးမပေးခဲ့ပေ မယ့် ကျောက်တူးဖော်မှုက ရပ်တန့်မသွားခဲ့ပါဘူး။

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းလိုင်စင် သက်တမ်းကုန်နေတဲ့ ကုမ္ပဏီတွေက စစ်တပ်ဖြစ်ဖြစ်၊ ကေအိုင်အေဖြစ်ဖြစ် ပိုင်ရာဆိုင်ရာတွေကို ပေးကမ်းပေါင်းသင်း ပြီး ဆက်တူးနေကြမြဲပါ။

အင်အားကြီးမားတဲ့ စက်ယန္တရားကြီးတွေနဲ့ တူးဖော်တာ စည်းမရှိကမ်းမရှိ ဖြစ်ခဲ့တဲ့အပြင် ကျောက်စိမ်းမြေအတွင်း ခေါင်းပေါင်းမြေစာဖယ်ရှားခွင့်နဲ့ မြေစာ ပစ်လမ်းဖောက်လုပ်ခွင့်တွေကို ထပ်လုပ်ခဲ့ကြပါတယ်။

ဒီလိုလုပ်ဆောင်မှုဟာ ကျောက်တူးဖော်နေတဲ့ကုမ္ပဏီများအတွက် များစွာ အကျိုးဖြစ်ထွန်းနေတဲ့အပြင် လာဘ်ပေးလာဘ်ယူမှုများစွာလည်း ဖြစ်ပေါ် စေတယ်လို့ ဒေသအခြေပြု သတင်းမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

အမည်မဖော်လိုသူ ဒေသအခြေပြုသတင်းမီဒီယာ သတင်းသမားတစ်ဦးက “ဒီဂွင်က အတော့်ကိုကိုက်တယ်လေ။ ကုမ္ပဏီတွေက လုပ်ကွက်အတွက် လျှောက်စရာလည်းမလိုသလို လုပ်ကွက်ဖိုးလည်း တင်သွင်းစရာမလိုဘူးလေ။ နောက်ပြီး ဒီမြေစာပစ်လမ်းကနေ ဖောက်တဲ့ နေရာကထွက်လာတဲ့ကျောက်ကို နိုင်ငံတော်ကိုအပ်ရမယ်ဆိုတာက တကယ်က စာရွက်မှာပဲရှိတာ။ စာရွက်မှာပဲ လုပ်ကြတာ။ နောက်ပြီး အဲနေရာတွေကို ကျောက်ရှာဖို့ အစိုးရကခန့်ထားတဲ့ လူကိုတောင် ကုမ္ပဏီဘက်က လိုလိုလားလားနဲ့ လစာတောင်ပေးလိုက်သေး တယ် နော်။ ဒါကိုကြည့်ရင် ဘယ်လောက်ထိ လာဘ်ပေးလာဘ်ယူမှုရှိတယ်ဆို တာ ခန့်မှန်းလို့ရတာပဲ” လို့ ပြောပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို ပြန်လည်သိမ်းယူခဲ့တာကြောင့် စစ်တပ်က သူတို့တွေအတွက် အဓိကဝင်ငွေရင်းမြစ်ကြီးတစ်ခုဖြစ်နေတဲ့ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေကို ဆက်လက်ပြီး ချုပ်ကိုင်သွားနိုင်ဖို့ အခွင့်အရေး တွေများစွာကို ရရှိသွားစေနိုင်တယ်လို့ Global Witness အဖွဲ့ရဲ့ နောက်ဆုံး ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ မြန်မာစစ်တပ်က နိုင်ငံအတွင်း အာဏာသိမ်းလိုက် ပြီးတဲ့နောက် ဒေါ်လာဘီလျံနဲ့ချီပြီး နေ့စဉ်ဝင်ငွေရနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ငန်းလုပ်ကွက်တွေ အပေါ်မှာ ဆက်လက်ပြီး လက်ဝါးကြီးအုပ်ချုပ် တည်မြဲနိုင်အောင် လုပ်ဆောင် ခဲ့တယ်လို့ ဇွန်လ (၂၉) ရက်နေ့က ထုတ်ပြန်ကြေညာတဲ့ Global Witness အစီရင်ခံစာထဲမှာ သုံးသပ်ဖော်ပြထားတာပါ။

ခေတ်အဆက်ဆက် မြန်မာစစ်တပ်အသိုင်းအဝိုင်းထဲမှာ ဒီ ကျောက်စိမ်း မှော်လုပ်ကွက်တွေ ထဲကရရှိကြတဲ့ အကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ် ခေါင်းပုံဖြတ်နေသူတွေက စစ်တပ်ရဲ့ အမြင့်ဆုံး ထိပ်ပိုင်းခေါင်းဆောင်တွေအထိ ပါဝင်ပက်သက်နေပါတယ်။

လက်ရှိအချိန်မှာတော့ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး နောက်ပိုင်း COVID – 19 ကပ်ရောဂါကြောင့် ယာယီခေတ္တရပ်နားထားတဲ့ ဖားကန့်ဒေသက ကျောက်စိမ်းတွင်းတွေမှာ ရေမဆေးကျောက်တူးဖော်သူတွေ ရော၊ အကြီးစား ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကိုရော ပြန်လုပ် နေကြတာကိုတွေ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

Covid-19 ကပ်ရောဂါကြောင့် ကျောက်စိမ်းလေလံရောင်းချပွဲတွေကို ပိတ်ထား ရတဲ့အတွက် တရားမဝင်ဈေးကွက်ကြီးဖြစ်လာရတယ်လို့လည်း ကျောက်စိမ်း ကုန်သည်တွေက ဆိုပါတယ်။

ဒီလို ကျောက်စိမ်းတွင်းနဲ့ပက်သက်ပြီး တရားဝင် သက်တမ်းတိုးထားတာ မရှိဘဲ တရားမဝင်တူးဖော်နေကြတာဖြစ်တယ်လို့ မဇ္ဈိမ မီဒီယာက ဆက်သွယ် မေးမြန်ခဲ့တဲ့ ဖားကန့်အခြေစိုက် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း ရှင် ဒေသခံ တစ်ဦးက ပြောပါတယ်။

“လက်ရှိ အာဏာသိမ်းစစ်ကောင်စီက ကျောက်စိမ်းနဲ့ပက်သက်ပြီး ဘာမှတောင် လုပ်ပိုင်ခွင့်တွေမချရသေးဘဲနဲ့ ဖားကန့်မှာက ကျောက်စိမ်းတူးဖော်နေကြပြီ ဆိုတာ အားလုံးအသိပေါ့နော်။ သိပေမယ့်လည်း ခုထိဘာမှမလုပ်သေးဘူး။ တရားဝင်လုပ်ပိုင်ခွင့် ရထားတဲ့လုပ်ကွက်လိုပဲ အားလုံးက နေ့စဉ်နဲ့အမျှ လုပ်နေ ကြတယ်။
ကျွန်တော်တို့ ဖားကန့်ကျောက်စိမ်းဒေသ တူးဖော်ခွင့်တွေကို NLD အစိုးရလက်ထက်မှာ Covid-19 ကပ်ရောဂါစဖြစ်လာလို့ တရားဝင်ပိတ် ထားခဲ့ တာ ဟုတ်တယ်။
အခု အာဏာရှိတယ်ဆိုတဲ့ စကစကလည်း ခုချိန်ထိတော့ ဘယ်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေကိုမှ တရားဝင် ချပေးထားတာမျိုး တော မရှိသေးပါဘူး။
ဒါပေမဲ့ ဖားကန့်မှာက အရင်တူးနေတဲ့ကုမ္ပဏီများ အားလုံးရဲ့ စက်ယန္တရားတွေနဲ့ ပြဲပြဲစင်တူးနေတာမြင်လို့တောင် မကောင်းဘူ။ ဘယ်ကုမ္ပဏီရဲ့ လုပ်ကွက်ဆိုပြီး နာမည်တပ်မပြောရင်တောင် အားလုံး သိနေ ကြတာပဲ။ ဖားကန့်မှာကတော့ ကေအိုင်အေနဲ့ပိုင်ရင်ပိုင်။ စစ်တပ်နဲ့ပိုင်ရင်ပိုင်။ ဒီနှစ်ခုနဲ့ပိုင်လို့ရှိရင် တူးလို့ရပြီ ” လို့ ဒေသခံကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း ရှင်တစ်ဦးက ပြောပါတယ်။

၂၀၁၈ ခုနှစ် NLD ပါတီကပြင်ဆင်ရေးသားလိုက်တဲ့ ကျောက်မျက်ဥပဒေ အသစ် ကြောင့် ကျောက်စိမ်းတူးဖော်ခွင့်တွေ လက်ဝါးကြီးအုပ်ထားတဲ့ စစ်တပ်ပိုင် ကုမ္ပဏီကြီးတွေက အရင်လိုလိုင်စင်တွေရဖို့ဆိုတာ မလွယ်တော့ပါဘူး။ ဒါဟာ စစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေက အကြီးအကျယ် ထိခိုက်လာတာကြောင့် အခုလို အာဏာပြန်သိမ်းရတာဖြစ်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ကြ ပါတယ်။

အခုချိန်မှာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူထားတဲ့အတွက် စစ်ကောင် စီအနေနဲ့ ဒေါ်လာဘီလျံနဲ့ချီပြီးရနေတဲ့ စစ်တပ်ရဲ့အဓိက ဝင်ငွေရင်းမြစ် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းလုပ်ကွက်တွေကို ပြိုင်ဘက်မရှိ ဆက်လက် ရယူထားနိုင်ပြီး သက်တမ်းတိုးသွားနိုင်ဖို့ အလားအလာရှိနေတယ်လို့ အမည် မဖော်လိုတဲ့ သုတေသနပညာရှင်တစ်ဦးက ဆိုပါတယ်။

“ အစိုးရအဆက်ဆက်က ဖားကန့်ကျောက်စိမ်းလုပ်ကွက်ကို အကြီးစားအနေနဲ့ ဗဟိုအဆင့်က ကိုင်ခဲ့ကြတယ်ပေါ့နော်။ ဒီကျောက်စိမ်းတူးဖို့ လိုင်စင်ကိုလည်း ဗဟိုအဆင့်က ထုတ်ပေးခဲ့တယ်။ လိုင်စင်သက်တမ်းက ပြီးခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ သူ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ NLD ပါတီအစိုးရအဖွဲ့ကို အာဏာမလွဲခင်တစ်ရက်အလိုမှာကတည်း ဖားကန့် က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းလိုင်စင်တွေကို ဥပဒေအရသက်တမ်းတိုး သွားပေးခဲ့တယ်။ အဲဒါက ငါးနှစ်သက်တမ်းပေါ့နော်။ ချထားပေးတဲ့ လုပ်ငန်း လိုင်စင်တွေက ဒီကြားထဲမှာ နားထားရတာတွေရှိနေပေမယ့် ဒီ ၂၀၂၁ မှာ သက်တမ်းကုန်မှာပေါ့။ အဲဒီတုန်းက ချထားပေးတဲ့ လိုင်စင်အများစုက စစ်တပ်ကုမ္ပဏီတွေက ရထားတယ်။ အဲဒီကနေတဆင့် သူတို့ကျောက်လောက မှာ သူတို့အချင်းချင်း ငွေစိုက်မဲ့သူ၊ စက်ပစ္စည်းစိုက်မယ့်သူ ဆိုပြီး အကျိုးအမြတ် တွေကို ခွဲယူကြတယ်။ ဒီလိုအနေအထားတွေမှာ ခုက နိုင်ငံတော်အာဏာပါ ထပ်သိမ်းထားတယ်ဆိုတော့ စစ်ကောင်စီကနေ သူတို့ စိတ်ကြိုက်လုပ်သွား နိုင်မယ့် အနေအထားတွေ ရှိနေတယ် ” လို့ ဆိုပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကတည်းက ဖားကန့်ကထွက်တဲ့ကျောက်စိမ်းရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်နိုင်ငံဘက်ကို တရားမဝင် သယ်ယူရောင်းချခံနေရတာပါ။

ရရှိထားတဲ့ မြေပြင်အချက်အလက်တွေအရ ဒီဖားကန့်ကျောက်စိမ်းဒေသက ကမ္ဘာ့ကျောက်စိမ်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်နေတယ်လို့ဆိုပါတယ် ။ ဒီဒေသကထွက်ရှိတဲ့ ကျောက်စိမ်းတွေဟာ တရုတ်နိုင်ငံက အထူးနှစ်သက်တဲ့ ကျောက်မျက်ရတနာဖြစ်ပြီး၊ နှစ်စဉ် ဒေါ်လာဘီလျံနဲ့ ချီတဲ့ကုန်သွယ်မှုဈေး ကွက်က တရုတ်နိုင်ငံမှာ ဖြစ်တည်နေတာပဲ ဖြစ်ပါတယ်။ သဘာဝသယံ ဇာတစီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ၂၀၁၉ ခုနှစ်ဆန်းစစ်ချက်အရ မြန်မာနိုင်ငံမှာ ကျောက်စိမ်းတူးဖော်မှုတန်ဖိုးက နှစ်စဉ် ဒေါ်လာ ၁၅ ဘီလီယံ ခန့်ရှိတယ်လို့ ဆိုပါတယ်။

NLD အစိုးရက ပြင်ဆင်ရေးဆွဲပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ကျောက်မျက်ဥပဒေအသစ်အရဆိုရင် အကြီးစား ကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်တွေအားလုံးက အခုနှစ်မှာ ရပ်တန့်ရမှာဖြစ်ပါတယ်။

NLD အစိုးရရဲ့ ပထမသက်တမ်းအတွင်း ပြုလုပ်ခဲ့တဲ့ ကျောက်မျက်တူးဖော်ရေး ကဏ္ဍဟာ အားရစရာမရှိပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ထပ်ပြီးအနိုင်ရ လိုက်တဲ့အတွက် ကျောက်စိမ်းတူးဖော်ရေးအပါအဝင် သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲတဲ့လုပ်ငန်းတွေ နည်းစနစ်နဲ့တကျဖြစ်အောင် လုပ်ဖို့ ဆက်လက် ပြီး အခွင့်အရေးရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဖားကန့် ဒေသရဲ့ သဘာပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ဖို့နဲ့ စည်းကမ်းမဲ့ တူးနေတဲ့ ကျောက်စိမ်းကုမ္ပဏီတွေကို ကြပ်မတ်နိုင်ဖို့ဆိုတာကတော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ 
(မဇ္ဈိမ သတင်းရင်းမြစ် ဆောင်ပါး ကိုးကားတင်ဆက်သည်။)