• Today is: Tuesday, April 16, 2024

တရုတ်ပြောတိုင်း နားထောင်သည့်အဖွဲ့အစည်း မြန်မာပြည်မှာမရှိဘူးဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူများ ပြော

တရုတ်ပြောတိုင်း နားထောင်သည့်အဖွဲ့အစည်း မြန်မာပြည်မှာမရှိဘူးဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူများ ပြော

ဖက်ဒရယ် ဂျာနယ်၊ အောက်တိုဘာ ၄၊ ၂၀၂၁ 

မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများသည် တရုတ်နိုင်ငံ၏ မြန်မာပြည်တွင်းရေးအပေါ် ပြောစကားများကို မလွန်ဆန်နိုင်သည့် အခြေအနေများရှိကြသည့်တိုင် တရုတ်ပြောတိုင်း နားထောင်သည့် အဖွဲ့အစည်း မြန်မာ ပြည်မှာ တစ်ဖွဲ့မှမရှိဘူးဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ တပ်မတော်၊ အစိုးရ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် တရုတ်၏ စကားကို မလွန်ဆန်နိုင်ကြဘဲ အလုံးစုံမဟုတ်လျှင်တောင် အတိုင်းအတာတစ်ခုထိ နားထောင်ကြ ရသည့် အခြေအနေများရှိကြောင်း သုံးသပ်မှုများရှိကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “ တရုတ်ရဲ့သြဇာသက်ရောက်မှုရှိတယ်ဆိုပေမယ့် တရုတ် ပြောတိုင်း နားထောင်တဲ့အဖွဲ့အစည်း မြန်မာပြည်မှာ တစ်ဖွဲ့မှ မရှိဘူးဗျ။ ဘယ်ဘက်မှမရှိဘူး၊ တပ်ကလည်း တရုတ်ပြောသမျှတော့ မလုပ်ပါဘူး။ EAO တွေလည်း တရုတ်ပြောသမျှမလုပ်ဘူး။ အားလုံးက သူ့အကျိုး စီးပွား ကိုယ့်အကျိုးစီးပွားနဲ့ဆက်စပ်ပြီးတော့ ဆက်ဆံနေကြတာပါ။”ဟု ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလား)၊ မြန်မာနိုင်ငံအမျိုး သား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်း အမျိုး သား လွတ်မြောက်ရေးတပ်မတော်(TNLA) တို့သည် တရုတ်၏ သြဇာသက် ရောက်မှုရှိပြီး တရုတ်ပြောစကား များကို အလုံးစုံမဟုတ်သော်လည်း အတိုင်းအတာတစ်ခုထိ နားထောင်ကြရလေ့ရှိကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ဆိုကြသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အများစုသည် တရုတ်နိုင်ငံ၏ နယ်စပ်တစ်လျှောက်မှာ အခြေစိုက် လှုပ်ရှား ကြသည့် အဖွဲ့အစည်းများဖြစ်ခြင်းကြောင့်လည်း တရုတ်နိုင်ငံ၏ သြဇာသက်ရောက်မှုကို မလွန်ဆန်နိုင်ခြင်းဖြစ် ကြောင်းလည်း ထောက်ပြမှုများရှိကြသည်။

အလားတူ မြန်မာ့တပ်မတော်နှင့် မြန်မာအစိုးရများသည်လည်း ခေတ်အဆက်ဆက် တရုတ်နိုင်ငံကို မလွန်ဆန် နိုင်ဘဲ တရုတ်နိုင်ငံ၏ မြန်မာပြည်တွင်းရေးအပေါ် သဘောထားနှင့်ပတ်သက်ပြီး အလေးထား ဆက်ဆံရလေ့ရှိ ကြောင်း၊ မြန်မာပြည်တွင်းရေး အနောက်နိုင်ငံများ၏ ဖိအားပေးမှုများကို ကမ္ဘာ့အလယ်မှာ တရုတ်က ကာကွယ် ပေးရလေ့ရှိသည့်အတွက် တရုတ်ကိုလွန်ဆန်နိုင်ခြေ နည်းပါးကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူများက ဆိုကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “ အထူးသဖြင့် ဘယ်လို အဖွဲ့အစည်းတွေကို ဖြစ်နိုင်လည်းဆိုရင် သူနဲ့ နယ်ချင်းစပ်နေတဲ့ သူ့ကို ကျော ထောက်နောက်ခံပြုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင်၊ ဗမာပြည်ကွန်မြူနစ်ပါ တီ လက်နက်ကိုင်အဖွဲ့အစည်းတွေမျိုးကို သူက ကူညီ ပေးနိုင်သလို အနှောင့် အယှက်လည်း ပေးနိုင်တယ်။ နောက်တစ်ခုက အဲအဖွဲ့အစည်းတွေကို ကူညီချင်း အားဖြင့် လည်း ဗဟိုအစိုးရကို သူက သြဇာပေးနိုင်တာပေါ့။ မင်းငါပြောတဲ့အတိုင်း နားမထောင်လို့ရှိရင် ကလန်ကဆန်လုပ်ရင် ငါ့အကျိုးစီးပွား ကို ကလန်ကဆန်လုပ်လို့ရှိရင် ငါဒီလိုတော့ လုပ်ပြီးအနှောင့်အယှက်ပေးနိုင်တယ်ဆိုတာပေါ့။ ဆိုတော့ ဘယ် အဖွဲ့အစည်းကမှ အဲတာကိုတော့ ဝန်မခံဘူး။ဗမာပြည်ကွန်မြူနစ်ပါတီ အပါအဝင် ဝန်မခံဘူး”ဟု ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ တပ်မတော်၊ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အပေါ် တစ်စုံတစ်ရာ သြဇာ သက်ရောက်မှု ရှိသော်လည်း အမေရိကန်နိုင်ငံကဲ့သို့ ဗြောင်တိုက်ရိုက် တခြား နိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သလို အမေရိကန်နိုင်ငံလို ၎င်းအား ထောက်ခံသည့် ရုပ်သေးအစိုးရ မျိုးထားလေ့မရှိကြောင်း ဦးရဲထွန်းက ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများ ပါဝင် ပတ်သက်ခြင်း မပြုလုပ်လာရန် တပ်မတော်၊ အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ဖိအားပေး ထားနိုင်သလို ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များဖြစ်သည့် UWSA၊ KIA၊ NDAA၊ SSPP၊ MNDAA၊ TNLA၊ AA နှင့် တပ်မတော်-အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အဟန့် အတားဖြစ်၍ မဆွေးနွေးနိုင်သည့် အခြေအနေများဖြစ်သည့်အချိန်တိုင်းမှာ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိ နှိုင်းပေးမှုဖြင့် ဆောင်ရွက်ရမှုများကို လေ့လာခြင်းဖြင့်လည်း တရုတ်၏ သြဇာသက်ရောက်မှုတချို့ မြန်မာနိုင်ငံ က အဖွဲ့အစည်းများအပေါ် ရှိနေကြောင်း လေ့လာနိုင်သည်ဟု ထောက်ပြသူများလည်းရှိကြသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာလည်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားသည့် သဘောထားကို နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများက အာရုံစိုက်၍ အလေးထား စောင့်ကြည့်နေကြရကြောင်း ထောက် ပြ ကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “တရုတ်ရဲ့ ရည်မှန်းချက်ကတော့ ရှင်းရှင်းလေးပဲ သူက ဗမာ ပြည်မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကြီးကြီး မားမား လုပ်ဖို့ သူက စဉ်းစားထားတာ၊ သူက ရည်ရွယ်ထားတာပေါ့။ ဗမာပြည်ကို လုပ်ဖို့ဆိုတာထက် ဗမာပြည် ကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာမှာလုပ်ဖို့ရည်ရွယ်ထားတာ။အဲတော့ ဗမာပြည် အခြေအနေ မတည်ငြိမ်ဘူးဆိုရင် ဒါတွေ ရင်းနှီးမြှုပ်နှံမှုလုပ်လို့မရဘူး။ အဲအခြေအနေမှာ တည်ငြိမ်ဖို့ အတွက် ဆွေးနွေးညှိနှိုင်းဖို့သူက အဓိက လုပ်တာ။ ဗမာပြည်မှာ တည်ငြိမ်တဲ့ အခြေအနေမျိုး လိုချင်တယ်ဆို တာကတော့ သူက ၂၀၁၀ နဲ့ ၂၀၂၀ ကြားပေါ့။ ဒီစေ့စပ် ညှိနှိုင်းတဲ့ပုံစံကို ပြန်လိုချင်တာ။ အဲတာဆို သူလည်း စီးပွားရေးလုပ်လို့ရမယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်း နိုင်ငံရေးပဋိပက္ခများကို တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန် တရုတ် နိုင်ငံက တိုက်တွန်းလျက်ရှိသလို အာဆီယံကနေတဆင့် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းလျက်ရှိနေ သည်။  (CNI News သတင်းရင်းမြစ် ကိုးကားတင်ဆက်သည်။)