• Today is: Sunday, October 24, 2021

ရက္ခိုင့်နိုင်ငံတော်အိပ်မက်

Federal Journal
October07/ 2021

▄ ရက္ခိုင့်နိုင်ငံတော်အိပ်မက် (သို့မဟုတ်)
▄ ဝ နဲ့ ရခိုင်တို့အကြား ခွဲထွက်ရေးအိပ်မက် ကွာခြားချက်

မင်းသေ့ (ဆောင်းပါး)
ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၇၊ ၂၀၂၁

▣ ဗျုပ္ပတ်
ခွဲထွက်ရေးအိပ်မက် ဘယ်သူမက်…။
မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာကြည့်ရင် ခွဲထွက်ရေးအိပ်မက် မက်ခဲ့တဲ့ ပြည်နယ်တွေ ရှိခဲ့ပါတယ်။ ခွဲထွက်ရေးတစ္ဆေအခြောက်ခံရတဲ့အုပ်စုနဲ့ ခွဲထွက်ရေးအိပ်မက်မက်တဲ့အုပ်စုတွေဟာ အချင်းချင်းအကြား ပဋိပက္ခဖြစ်ခဲ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခအထိ ကူးသွားလို့၊ မြန်မာပြည်ဟာ အခုအချိန် အထိ အဆိုးကျော့သံသရာက ရုန်းမထွက်နိုင်သေးပါ။ စစ်အစိုးရခေတ်နှောင်းပိုင်းကာလတွေမှာ ခွဲထွက်ရေးနဲ့ ပတ်သက်ပြီး သားကျောဖြတ်ခံထားလိုက်ကြရပါတယ်။ အရပ်သားအစိုးရတက်လာတဲ့အချိန် အပိုင်းအခြားကာလ မှာလည်း၊ ငြိမ်းချမ်းရေးဒိုင်ယာလော့ခ် ဖြစ်စဉ်မှာ ခွဲထွက်ရေးနဲ့ပတ်သက်ပြီး ဘယ်သူမှ မပြောတော့ပါ။ ခွဲထွက်ဖို့ မဖြစ်နိုင်တော့ဘူး၊ အတူတကွ ဘယ်လို ပေါင်းစည်းပြီးနေကြမလဲဆိုတာကိုသာ စဉ်းစားလာခဲ့ကြဟန်တူပါတယ်။ သို့သော်လည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိုတာနောက်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အထိ အပြည့်အဝ ရည်မှန်းချက်တွေကတော့ ရှိပါတယ်။ ဒါကတော့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အားလုံးလိုလိုမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိဖို့ဆိုတာကို ရည်မှန်းချက်အနေနဲ့ ထားရှိတာတွေ့ရပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို self-determination လို့ အနက်ပြန်ပါတယ်။ တချို့ကလည်း self-determination ကိုပဲ လုံးဝ လွတ်လပ်ရေးလို့ အနက်ပြန်ပါတယ်။ လုံးဝ လွတ်လပ်ရေးဆိုတာ တနည်းအားဖြင့် ပြည်ထောင်စုကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အမျိုးသားနိုင်ငံ ထူထောင်ရေးပဲ ဖြစ် ပါတယ်။

▄ ခွဲထွက်ရေးအိပ်မက်
အတိတ်သမိုင်းမှာ ခွဲထွက်ရေးအိပ်မက် ကြီးကြီးမက်ခဲ့တဲ့ ပြည်နယ်တွေ ရှိပါတယ်။ အဲသည့်ပြည်နယ်တွေ ထဲမှာ ဗမာပြည်မနဲ့ တရုတ်နိုင်ငံအကြားက ပြည်နယ်တွေ ပါဝင်ပါတယ်။ သူတို့ဟာ ကုန်းတွင်းပိတ်ပြည်နယ်တွေ လို့ ပြောနိုင်ပါတယ်။ ကမ်းရိုးတန်းနယ် ရှည်လျားစွာ ပိုင်ဆိုင်တဲ့ ရခိုင်ကတော့ အတိတ်သမိုင်းမှာ ခွဲထွက်ရေးအသံ သိပ် မထွက်ခဲ့ဘူး ထင်ပါတယ်။ ကချင်နဲ့ ရှမ်းဟာ ခွဲထွက်ရေးအာဂျင်ဒါကို တင်တဲ့ ဦးဆောင်ပြည်နယ်တွေ ဖြစ်ခဲ့ပါ တယ်။ ဒီနေ့အချိန်မှာတော့ ကချင်နဲ့ ရှမ်းဟာ ခွဲထွက်ရေးအာဂျင်ဒါကို မတင်တော့ပါ။ ဒါဆို ရခိုင်က တင်သလား။

ရခိုင်ပြည်နယ်ကို စစ်ရေးအရ အရ လွှမ်းမိုးထားနိုင်ပြီး၊ နိုင်ငံရေးအရ ရခိုင်အမျိုးသားတွေအပေါ်မှာ ဩဇာရှိတဲ့ အေအေ – ရခိုင့်တပ်တော်ဟာ ခွဲထွက်ရေး အိပ်မက် ရှိဟန်တူပါတယ်။ အေအေရဲ့ မူဝါဒမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့ ရည်မှန်းချက်ထားတာတွေ့ရပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရည်မှန်းချက်ရဲ့ နောက်ကွယ်မှာ၊ ရခိုင့်အိပ်မက်ပါ ပါရှိနေ တာကို သတိချပ်သင့်ပါတယ်။ ဒီနေ့အချိန်မှာ ခွဲထွက်ရေးအိပ်မက် မက်နိုင်တာ ဘယ်သူ ဖြစ်နိုင်မလဲ။ ဒီနေရာမှာ လက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေထဲက ဝ ဒေသအရေး ကို ရခိုင်အရေးနဲ့ နှိုင်းယှဉ်ပြချင်ပါတယ်။

▄ ဝ ဒေသ အခြေခံအချက်အလက်များ
ဝ ဒေသဟာ ယခုလောလောဆယ် လက်နက်ကိုင်တပ်အင်အားအကြီးဆုံးသော လူမျိုးစုလက်နက်ကိုင်တွေထဲမှာ ပါဝင်နေပါတယ်။ ဝဒေသဟာ ကုန်းတွင်းပိတ် ဒေသ တစ်ခုဖြစ်တယ်လို့ ပြောနိုင်တယ်။ ကုန်းတွင်းပိတ်လို့ ပြောတာ က ပင်လယ်ကမ်းရိုးတန်း ထွက်ပေါက်မရှိတဲ့ဒေသဖြစ်ပါတယ်။ ဝဒေသဟာ သံလွင်မြစ်နဲ့ တရုတ်ပြည်နယ်စပ်မျဉ်း အကြားမှာ ခြေကုတ်ယူထားတဲ့ ဝလူမျိုးစု ဒေသ တစ်ခုဖြစ်ပါတယ်။ အခြေခံအားဖြင့် စိုက်ပျိုးရေးကို အခြေပြုပြီး ရှင်သန်ရပ်တည်ရတယ်။ အထူးသဖြင့် ဘိန်းစိုက်ပျိုးမှု ဖြစ်ထွန်းတဲ့ ဒေသဖြစ်တယ်။ ဘိန်းအပေါ် မှီခိုပြီး ဝ ဒေသရဲ့ စီးပွားရေးဓနအင်အားကို တည်ဆောက်ထားတယ်။ လူမျိုးအားဖြင့် တရုတ်ဟန်လူမျိုးစုနွယ်တွေထဲမှာ ပါဝင်တယ်။ တရုတ်မြန်မာနယ်စပ်မျဉ်းမှာ တည်ရှိပေမယ့် တရုတ်နဲ့ ကုန်သွယ်ရေးအားဖြင့် ကူးလူးဆက်ဆံမှု ပိုများတယ်။ မြန်မာနဲ့ ဝေးကွာတယ်။ မြန်မာပိုင်ဒေသတစ်ခုဖြစ်ပေမယ့်၊ ယဉ်ကျေးမှုအားဖြင့်၊ စီးပွားရေးအားဖြင့်၊ ဘာသာစကား အားဖြင့်၊ ငွေကြေးအားဖြင့် တရုတ်ရဲ့ ကျူးကျော်မှုကို ခံထားရတဲ့ ဒေသဖြစ်ပါတယ်။

တရုတ်လက်အောက်ခံဒေသ ဖြစ်တာထက်စာရင် မြန်မာလက်အောက်ခံဒေသ ဖြစ်နေရတာက ဝဒေသအတွက် အများကြီး လွတ်လပ်ပါတယ်။ လုပ်ခွင့်ကိုင်ခွင့်လည်း ပိုသာလွန်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ခံထားရတာဟာ ဝ ဒေသ တစ်ခုပဲ ရှိပါတယ်။ ကျန်တဲ့ ကိုးကန့်၊ ပလောင်၊ ပအိုဝ်း၊ ဓနုနဲ့ နာဂ ဒေသတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ပဲ ရှိထားပါတယ်။ ဘိန်းနဲ့ ဒေသတွင်း ဝင်ငွေဟာ ဖြောင့်ဖြူးနေပါတယ်။ ရွှေတြိဂံဒေသနဲ့လည်း နီးကပ်နေလို့ သုံးနိုင်ငံ ဆုံချက်ပွိုင့်ကို အားသာချက်ယူပြီး နိုင်ငံတကာကို ဘိန်းနဲ့ မူးယစ်ဆေးဝါး ဖြန့်ချိကုန်သွယ်လို့ ကောင်းမွန်တဲ့ ပထဝီရေးရာ အားသာချက်ရှိပါတယ်။ သံလွင်မြစ်က ကာဆီးထားလို့ သဘာဝအရ အရံအတားသဘောမျိုးလည်းဖြစ်နေပါတယ်။ ယခင်က ဝ ဒေသမှာ ဘိန်းစိုက်ပျိုးမှု ရှိခဲ့ပေမယ့် စစ်အစိုးရခေတ် အလယ်ပိုင်းကာလလောက်ကထက် မများပါဘူး။ စစ်အစိုးရ သက်ဆိုးရှည်လာတာရယ်၊ စစ်စီးပွားရေးအပျံ့ကျယ်လာတာရယ်၊ အပစ်အခတ် ရပ်ဆဲရေးအရင်းရှင်စနစ် (Ceasefire Capitalism) ဖွံ့ဖြိုးလာတာရယ် ကြောင့် ဝ ဒေသဟာ ကမ္ဘာပေါ်မှာ ဘိန်းဖြူ အထွက်ရှိဆုံးဒေသ တစ်ခုဖြစ်ခဲ့ပါတယ်။

▄ အရိုင်းသာသာ အဆင့်မှ …
ဘိန်းဖြူကြောင့် ဓနအင်အားတောင့်တင်းလာတဲ့ ဝဒေသဟာ ဝ လက်နက်ကိုင်တပ်အတွက် လူသူလက်နက် အင်အားတောင့်တင်းအောင် တည်ဆောက်လာနိုင်ပါတယ်။ ဗမာအစိုးရရဲ့ အုပ်ချုပ်မှုလက်အောက်ကနေ ကွင်းကွာနေတဲ့ ဝဒေသဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် အခွင့်အရေးရခဲ့ပါတယ်။ တကယ်တော့ ဝဒေသတွင်းက ဝလူမျိုးတွေက ပညာ အားဖြင့် သာလွန်ခဲ့လို့လား၊ သို့တည်းမဟုတ် ယဉ်ကျေးမှုအားဖြင့် မြင့်မားတဲ့နောက်ခံသမိုင်းရှိခဲ့လို့လား…။ မေးစရာ ရှိပါတယ်။ မဟုတ်ပါ။ မဟုတ်ပါ။ တကယ်တော့ ဝ လူမျိုးတွေဟာ အရိုင်းသာသာအဆင့်မှာသာ ရှိခဲ့ပါတယ်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အပြီး တရုတ်ဖြူကျူးကျော်မှုကို ခံခဲ့ရတဲ့ အတွက် ဝဒေသဟာ ပြောင်းလဲမှု အချိုးအကွေ့ ဖြစ်ခဲ့ပါတယ်။ ထိုနည်းလည်းကောင်း ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်ဖြစ်ခဲ့ခြင်းကလည်း ဝဒေသကို ပြောင်းလဲ စေတဲ့အဓိက အချက်တစ်ခုဖြစ်ခဲ့ပါတယ်။

▄ အုပ်ချုပ်ရေး အာဏာစက်ကင်းလွတ်ရာ
ဝဒေသဟာ ရှမ်းပြည်နယ်အတွင်း တည်ရှိတဲ့ဒေသဖြစ်ပေမယ့် အစဉ်အလာ ရှမ်းစော်ဘွားတွေရဲ့ အုပ်ချုပ်မှု အာဏာ စက်အောက်ကို လုံးဝ ကျရောက်ခဲ့တဲ့ဒေသ မဟုတ်ပါဘူး။ ပထဝီအရ အတားအဆီးနဲ့ နယ်မြေအားဖြင့် လမ်းပန်း ဆက်သွယ်ရေးခက်ခဲကြမ်းတမ်းခြင်းက ဝဒေသက ဝ လူမျိုးတွေကို ယဉ်ကျေးမှုအားဖြင့် ဆွဲတင်ပေးနိုင်ဖို့ အတား အဆီးဖြစ်ခဲ့တယ်။ တဖက်မှာလည်း တရုတ်မျိုးနွယ်စုဖြစ်တဲ့ ဝလူမျိုးတွေ ဖြစ်သော်လည်းပဲ၊ တရုတ်နဲ့ ကူးလူးဆက် ဆံမှု နည်းပါးတယ်။ ယခု ချမ်းသာနေတဲ့ တရုတ်ရဲ့ ကုန်းတွင်းပိတ်ပြည်နယ်၊ မြန်မာဘက်အခြမ်းနဲ့ နီးကပ်တဲ့ ယူနန်ပြည်နယ်ဆိုတာ မြန်မာနဲ့ တရုတ်အကြား နယ်စပ်ကုန်သွယ်ရေးဖြစ်ထွန်းပေါက်မြောက်ခဲ့လို့ စားနိုင်သောက် နိုင်၊ ပြောင်ပြောင်ရောင်ရောင်ဖြစ်နိုင်တဲ့ ပြည်နယ်ဖြစ်လာတာ မကြာသေးပါဘူး။

ဝဒေသတွင်းက ဝလူမျိုးတွေဟာ အရိုင်းဆန်တဲ့ အမူအကျင့်တွေ မပျောက်ခဲ့ပါဘူး။ ကိုလိုနီလက်ထက်တွေမှာလည်း အင်္ဂလိပ်ဘုရင်ပုံ ငွေဒင်္ဂါး ကြေးပြားတွေကို သုံးစွဲခဲ့တယ်ဆိုပေမယ့် ကိုလိုနီအစိုးရရဲ့ အုပ်ချုပ်မှုအာဏာစက်အောက် လုံးဝ ကျရောက်ခဲ့တဲ့ ဒေသ မဟုတ်ပါဘူး။ စစ်ပြီးခေတ်ကာလတွေမှာလည်း မြန်မာအစိုးရရဲ့ အုပ်ချုပ်မှုလက်တံနဲ့ အဝေးဆုံးဒေသ ဖြစ်လို့ ဆက်သွယ်ရေးအရလည်း ခက်ခဲ၊ ကျန်းမာရေးနဲ့ ပညာရေးဖွံ့ဖြိုးမှုမှာလည်း အလှမ်းမမီဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဝ ဒေသတွင်း ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုလည်း မရှိခဲ့ပါဘူး။ ၂၀ရာစု နှောင်းပိုင်းလောက်အထိ နတ်ကိုးကွယ်မှုနဲ့ ယစ်ပူဇော်မှုတွေ ရှိခဲ့သလို အုပ်စုတွင်း တိုက်ပွဲတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကျွန်ပြုတဲ့စနစ်တွေလည်း ဖြစ်ထွန်းခဲ့ပါတယ်။ အုပ်စုအချင်းချင်း သတ်ဖြတ်မှုတွေမှာ လူသားကို ယစ်ကောင်လုပ်ပြီး ရွာထိပ်က နတ်စင်တွေမှာ ပသထားတာတွေ ရှိခဲ့ပါတယ်။

▄ စစ်ရေးပထဝီ အပြောင်းအလဲ
ဗမာပြည်ကွန်မြူနစ် ပါတီက ပန်ဆန်းကို ဌာနချုပ်ပြုပြီး ဝဒေသ တစ်ခုလုံးကို စစ်ရေးအရ လွှမ်းမိုးတဲ့ဒေသ ဖြစ်အောင် လုပ်ခဲ့ခြင်းဟာ ဝလူမျိုးတွေရဲ့ ရှေးရိုးစွဲဓလေ့တွေကို ပယ်ရှားဖို့အတွက် အပံ့အပိုးဖြစ်ခဲ့ ပါတယ်။ ထိုနည်းလည်းကောင်း တရုတ်ဖြူကျူးကျော်မှုကြောင့် တရုတ်ဖြူ ကူမင်တန်၊ တရုတ်နီ ကွန်မြူနစ်နဲ့ အမေရိကန်အထောက်အပံ့ခံ ချန်ကေရှိတ်အစိုးရရဲ့ စစ်ရေးကစားကွင်းတစ်ခုဖြစ်ခဲ့ခြင်းဟာ ဝဒေသအတွက် အပြောင်းအလဲတစ်ခုဖြစ်ခဲ့ပါတယ်။ ဝဒေသက ဝ – တရုတ်လူမျိုးတွေကို လက်နက်တပ်ဆင်ပေးပြီး တရုတ်နီ ကွန်မြူနစ်တွေကို ပြန်လည် တိုက်ခိုက်ဖို့ တရုတ်ဖြူ ကူမင်တန်တွေက ကြိုးစားခဲ့ပါတယ်။ တရုတ်ဖြူတွေရဲ့နောက် က ပံ့ပိုးသူကတော့ အမေရိကန်ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေကို ဝဒေသကို ကျူးကျော်လာတဲ့ တရုတ်ဖြူကူမင်တန်တွေ ရရှိခဲ့တယ်။ ဒီအချက်ဟာ ဝဒေသတွင်း ဝလူမျိုးတွေကို လူရိုင်းဘဝကနေ လူယဉ် အဖြစ်ရောက်ရှိစေပြီး ဒေသတွင်း လက်လုပ်တူမီးတွေကိုင်နိုင်တဲ့အဆင့်ကနေ ခေတ်မီလက်နက်ဆန်းတွေ ကိုင် ဆောင်လာနိုင်တဲ့အထိ ကျေးဇူးပြုခဲ့ပါတယ်။

ဝလူမျိုးတွေဟာ ယဉ်ကျေးမှုအားဖြင့် မမြင့်မားကြပါ။ သို့သော်လည်း တရုတ်နယ်စပ်နဲ့ သံလွင်မြစ်တစ်ဖက်ကမ်းက လွတ်မြောက်ဒေသကို ခြေကုတ်ယူပြီး စစ်ရေးပထဝီရေးရာ ကစားပွဲ တွေကြောင့် ဒေသတွင်း ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ကို ကောင်းကောင်းတည်ဆောက်နိုင်ခဲ့ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီကို အာခံပုန်ကန်တော်လှန်ပြီး ဝလူမျိုး စစ်ရေးခေါင်းဆောင်တွေရဲ့ အာဏာကို ထူထောင်နိုင်လိုက် ခြင်းဟာလည်း အဓိက အချက်တစ်ခုဖြစ်ပါတယ်။ စစ်ရေးပထဝီရဲ့ အားသာချက်ကို အသုံးချပြီး ဝ ပြည်နယ် ထူထောင်ရေး အခြေခံအုတ်မြစ်တွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ကချင်၊ ကယား၊ ရှမ်း၊ ရခိုင်၊ ပလောင်နဲ့ ပအိုဝ်း လူမျိုးတွေဟာ ဝလူမျိုးတွေနဲ့ နှိုင်းယှဉ်ရင် ယဉ်ကျေးမှုအရ အဆင့်အတန်း သိသိသာသာမြင့်မားတဲ့လူမျိုးတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ရခိုင်တွေရဲ့ ရခိုင့်အိပ်မက်နဲ့ နှိုင်းယှဉ်ကြည့်ချင်ပါတယ်။

▄ ရခိုင်အမျိုးသားသမိုင်း
ရခိုင်တွေဟာ မြန်မာတွေထက်တောင် ယဉ်ကျေးမှုအရ ရှေ့ကို စောရောက်ခဲ့တဲ့ လူမျိုးတွေဖြစ်ပါတယ်။ အိန္ဒိယနဲ့ နီးလို့ အိန္ဒိယယဉ်ကျေးမှုအမွေတွေကိုလည်း ရရှိသလို၊ မြန်မာကိုလည်း ထပ်မံလက်ဆင့်ကမ်းနိုင်လောက်တဲ့အထိ ရခိုင်တွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက မြင့်မားခဲ့ပါတယ်။ ရခိုင်နဲ့ မြန်မာဟာ ဘာသာစကားအားဖြင့်လည်း လုံးဝ ကွဲပြားခြားနားနေတာမျိုး မရှိပါ။ ဆင်တူကြောင်းကွဲ၊ လေယူလေသိမ်း ကွဲပြားတာက လွဲရင် ဘာသာစကား အားဖြင့ မျိုးတူကြတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာတွေ အရိုင်းသာသာ အဆင့်မှာပဲ ရှိနေစဉ်က ရခိုင်၊ မွန်နဲ့ ပျူတို့ရဲ့ ယဉ်ကျေးမှုတွေနဲ့ ယဉ်အောင် လုပ်ခဲ့ကြရပါတယ်။ မြန်မာလူမျိုးတွေ သစ်သား၊ အုတ်နဲ့ ကျောက်ကိုသာ နိုင်သေးတဲ့အဆင့်မှာ ရခိုင်တွေက သံတို့ ကြေးတို့ကို ကောင်းကောင်းနိုင်နင်းနေပါပြီ။ ယခု မန္တလေးက မဟာမုနိ ရုပ်ပွားတော်ကို ရခိုင်တွေဆီက တကူးတက အပင်ပန်းခံပြီး သယ်ယူလာခဲ့ကြရတာ ဘာ့ကြောင့် ထင်ပါသလဲ။ အကြောင်းကတော့ မြန်မာတွေ ဒီလောက်အဆင့်မြင့်တာကို မလုပ်တတ်သေးလို့ပါ။ မလုပ်နိုင်သေးလို့ပါ။ သံကို မပိုင်၊ ကြေးကို မနိုင်သေးလို့ပါ။ ဒီလို ယဉ်ကျေးမှုအဆင့်ရှိစဉ်မှာ ရခိုင်တွေဆီက ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော်ကို တောအထပ်ထပ် တောင်အသွယ်သွယ် အပင်ပန်းခံပြီး သယ်ယူခဲ့ရခြင်းဖြစ်ပါတယ်။ ဒါဟာ ရခိုင်တွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်း ဘယ်လောက်မြင့်မားနေကြောင်းကို ပြသနေပါတယ်။

သို့သော် မြန်မာမင်းတွေဟာ ဘာဗေးရီးယန်း စရိုက်ရှိသူတွေလို့ ပြောနိုင်တယ်။ ယဉ်ကျေးမှုအရ မွေးစားပြီး ဗမာ့ယဉ်ကျေးမှုအနုလက်ရာတွေ အဖြစ် ပြောင်းယူနိုင်ပေမယ့်၊ စစ်တိုက် ဝါသနာကြီးတယ်။ ကြမ်းတမ်းတယ်၊ ရက်စက်တယ်။ ဒီတော့ စစ်ရေးအရ အကြမ်း နိုင်ဆုံးလူအုပ်စုက ယဉ်ကျေးမှုအဆင့်မြင့်ပေမယ့် စစ်ရေးအရ aggressive မဖြစ်တဲ့ လူမျိုးတွေအပေါ် လွှမ်းမိုးနိုင်ခဲ့ ပါတယ်။ မြန်မာတွေရဲ့ ထီးရိပ်အောက်မှာ တခြားသော လူမျိုးစုတွေကို ထားရှိဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း ပထဝီအရ အတားအဆီးတွေက လူမျိုးစုတွေအပေါ် ဩဇာသက်ရောက်မှု နည်းပါးအောင် ကျေးဇူးပြုခဲ့တာကြောင့် မြန်မာဘုရင်တွေရဲ့ အာဏာစက်က အစဉ်အမြဲ လွှမ်းမိုးမှု မရှိခဲ့ပါဘူး။
▄ အမျိုးသားရေးအာဃာတ
ရခိုင်တွေဟာ ရခိုင်ဘုရင့်နိုင်ငံတော် အဖြစ် ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့ကြပါတယ်။ ရခိုင်တွေရဲ့ မြို့ဟောင်းနဲ့ ဘုရင်တွေရဲ့နန်းတော်ရာကို မြောက်ဦးမှာ တွေ့နိုင်ပါတယ်။ ထိုနည်းလည်းကောင်း ရခိုင်တွေရဲ့ ယဉ်ကျေးမှုအမွေ အနှစ်ဖြစ်တဲ့ သျှစ်သောင်းဘုရားပုထိုးတွေကိုလည်း ယခုတိုင် အနုလက်ရာမပျက်တွေ့နိုင်ပါတယ်။ ဒါဟာ ရခိုင်တွေ ရဲ့ ယဉ်ကျေးမှုအဆင့်မြင့်မားခဲ့ပုံကို ပြနေသလို၊ ရခိုင်လူမျိုးတွေရဲ့ အမျိုးသားနိုင်ငံသမိုင်းမှတ်တမ်းကိုလည်း ပြဆို နေပါတယ်။ မြန်မာဘုရင်တွေ ရခိုင်ကို သိမ်းပိုက်ဖို့ စစ်ချီခဲ့တဲ့ သာဓကတွေ မြောက်မြားစွာ ရှိပါတယ်။ ပဒေသသရာဇ်ခေတ်က စစ်ရေးလွှမ်းမိုးချုပ်ကိုင်ခဲ့မှုတွေဟာ လူမျိုးရေး အနာဆွေးတွေကို ဖန်တီးခဲ့ပါတယ်။ အတိတ်သမိုင်းမှာ အငြိုးအာဃာတတွေ ရှိတဲ့အပြင် ခေတ်သစ်မြန်မာနိုင်ငံမှာ စစ်အစိုးရတွေ ကြီးစိုးလွှမ်းမိုးခြင်းဟာ လူမျိုးစုတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုတွေကို လှုပ်နိုးခဲ့ပါတယ်။

▄ လက်နက်ကိုင်လှုပ်ရှားမှုဇာတ်ကြောင်း
စစ်ပြီးခေတ် နောက်ပိုင်း သခင်စိုးဦးဆောင်တဲ့ အလံနီကွန်မြူနစ်ပါတီ ရခိုင်ဒေသကို ခြေကုတ်ယူဖို့ ကြိုးစားခဲ့ပြီး စစ်အေးခေတ် အလယ်ပိုင်းလောက်မှာတော့ အလံဖြူကွန်မြူနစ်ပါတီက ဝဒေသကို ခြေကုတ်ယူဖို့ ကြိုးစားခဲ့တဲ့ သာဓကတွေကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ထိုနည်းလည်းကောင်း ဘင်္ဂလားနယ်နဲ့ ဆက်စပ်နေတဲ့ ရခိုင်ဒေသ တွေမှာ လွတ်လပ်ပြီးခေတ်နောက်ပိုင်း မူဂျာဟစ်လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလမှ အလံနီကွန်မြူနစ်ပါတီကို အမွေခံတဲ့ ရခိုင်ကွန်မြူနစ်ပါတီရဲ့လက်နက်ကိုင်တပ်ဖွဲ့ ရှိခဲ့ပါတယ်။ ထိုနည်းလည်းကောင်း ၁၉၆၇ ခုနှစ်မှာ ကေအိုင်အေရဲ့ အကူအညီနဲ့ ဖွဲ့စည်းခဲ့တဲ့ ရခိုင်လွတ်လပ်ရေးတပ်မတော် ဆိုတာ ရှိခဲ့ဖူးတယ်။ ၁၉၇၀ ခုနှစ်လောက်မှာ ရခိုင်လွတ်မြောက်ရေးပါတီ ထွက်ပေါ်လာတယ်။ သို့သော် လည်းပဲ မြန်မာစစ်အစိုးရကို စစ်ရေးအရ အံတုနိုင်လောက်တဲ့အထိ အင်အားမကြီးမားခဲ့ဘူး။ နဝတ – နအဖ အစိုးရလက်ထက်တွေမှာ လက်နက်ကိုင်အင်အား မရှိသလောက် လျော့ကျသွားခဲ့တယ်။ သို့သော်လည်း ရခိုင်ပြည်နယ်မှာ ဦးသိန်းစိန်အစိုးရသက်တမ်းကာလ နှောင်းပိုင်းလောက်မှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားခဲ့တယ်။ ဒီတိုက်ပွဲတွေ စတင်ဖို့ ဘယ်အချိန်က အရှိန်စယူခဲ့သလဲ။

▄ ရက္ခိုင့်တပ်တော် အစ
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းမှာ ငယ်ရွယ်ပြီး ပညာတတ်တဲ့ ရခိုင်မျိုးချစ်လူငယ်တစ်စုဟာ ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် အမြုတေသဘော စုစည်းနိုင်ခဲ့တယ်။ ဒီကြိုးစားမှုရဲ့ရလဒ်ဟာ ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အကောင်အထည်ပေါ်လာခဲ့တယ်။ ကချင်ပြည်နယ် ကေအိုင်အေဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမှာ အေအေ – ရခိုင့်တပ်မတော်ကို စတင်ဖွဲ့စည်းလိုက်ကြတယ်။ ရခိုင့်တပ်မတော်ဖွဲ့စည်းပြီး ဆယ်နှစ် လောက်အကြာမှာ၊ ရခိုင်လူထုရဲ့ အမျိုးသားရေးဝါဒကို ဆွဲစုနိုင်တဲ့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်လာတယ်။ ရခိုင့်တပ်တော် – အေအေ ဟာ ရခိုင်လူမျိုးတွေရဲ့ ယုံကြည်ကိုးစားမှုကိုလည်း ရရှိခဲ့တယ်။ ရခိုင်တွေရဲ့ အမျိုးသားရေးအိပ်မက်ကိုလည်း ပြန်လည် သယ်ယူလာပေးနိုင်ခဲ့တယ်။ ၂၀၂၁ ခုနှစ် ရောက်လာချိန်မှာ၊ ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေးကို ၆၀ % – ၇၀ % လောက်အထိ အာဏာဖြန့်ကျက် နိုင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်လာတယ်။

▄ အမျိုးသားရေးဩဇာ
တကယ်တော့ ရခိုင်အမျိုးသားတွေရဲ့ ယုံကြည် ကိုးစားမှုကို ရရှိထားတဲ့ အေအေ – ရခိုင့်တပ်မတော်ဟာ မြန်မာပြည်မှာ သက်တမ်းအနုဆုံးသော လူမျိုးစုလက်နက် ကိုင်အဖွဲ့တစ်ခုထဲမှာ ပါဝင်ပါတယ်။ သို့သော်လည်း စတင်ဖွဲ့စည်းချိန်ကစပြီး ၁၀ နှစ်ကျော်သက်တမ်းသာ ရှိသေးပေမယ့်၊ တစ်စိတ်တစ်ပိုင်း အောင်မြင်နေပြီဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ အမျိုးသားနိုင်ငံရေးစည်းရုံးမှုတွေမှာ ရခိုင်လူမျိုးတွေအပေါ် ဩဇာလွှမ်းမိုးနိုင်နေပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့ အေအေ – ရခိုင့်တပ်မတော်ဟာ ရခိုင်တွေရဲ့ အိပ်မက်ကို သယ်လာပေးတယ်။ အထူးသဖြင့် အတိတ်သမိုင်းမှာ ရှိခဲ့တဲ့ ရခိုင့်အမျိုးသားနိုင်ငံတော်ထူထောင်ရေးအိပ်မက်ဟာ ရခိုင်တွေအတွက် လက်လှမ်းမီစရာဖြစ်လာတယ်။ တနည်း အားဖြင့် ရခိုင်တွေရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဌာန်းပိုင်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာတွေဟာ ပိုလို့တောင် အရာထင် လာတယ်။ ရခိုင်တွေရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်အောင် ပံ့ပိုးနိုင်တဲ့ အဓိက အချက်တစ်ခု ရှိနေပါသေး တယ်။ ဒါဟာ လူမျိုးစုပြည်နယ်တိုင်း မရနိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါကတော့ ပထဝီနိုင်ငံရေးအားသာချက် ဖြစ်ပါတယ်။

▄ ဝ ဒေသနဲ့ ရခိုင်ပြည်နယ် ကွာခြားချက်
အရိုင်းသာသာအဆင့်ပဲ ရှိခဲ့တဲ့ ဝဒေသတွင်း ဝလူမျိုးတွေဟာ စစ်ပြီးခေတ် စစ်ရေးပထဝီဝင်အပြောင်း အလဲကြောင့် လူသူလက်နက်အင်အားတောင့်တင်းပြီး ဓနဥစ္စာရှာဖွေနိုင်တဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခု တည်ထောင်နိုင် ပေမယ့်၊ ဝဒေသဟာ တရုတ် – မြန်မာ နယ်စပ်က ဒေသတစ်ခုသာဖြစ်ပါတယ်။ တနည်းအားဖြင့် ပင်လယ် ထွက်ပေါက် မရှိတဲ့ ကုန်းတွင်းပိတ်ဒေသတစ်ခုဖြစ်ပါတယ်။ ရခိုင်ကတော့ ဒီလို မဟုတ်ပါဘူး။

ကမ်းရိုးတန်း အရှည်မိုင် ရှည်လျားစွာ ပိုင်ဆိုင်တဲ့ ပြည်နယ် (elongated state) တစ်ခုဖြစ်ပါတယ်။ ပင်လယ်ရေ သယံဇာတအရင်းအမြစ်တွေကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်ဖြစ်သလို၊ ပင်လယ်ရေကြောင်းသွားလာရေးအတွက် ချိတ်ဆက်နိုင်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ပိုင်ဆိုင်တဲ့ ကျွန်းတွေဟာ စားရေရိက္ခာအတွက်လည်း အထောက်အပံ့ကောင်းဖြစ်သလို၊ ကမ်းလွန်ရေနံလို သဘာဝဓာတ်ငွေ့တွေကလည်း စွမ်းအင်ရင်းမြစ်အတွက် သဘာဝအမွေတွေ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ထက် လွန်သော၊ ရခိုင့်အိပ်မက်ကို ရခိုင့်နိုင်ငံတော်အဖြစ် အကောင် အထည်ဖော်နိုင်ရင် ပိုကောင်းသော လူမှုစီးပွားဘဝတွေကို ပိုင်ဆိုင်နိုင်မယ့် ပြည်နယ်တစ်ခုဖြစ်ပါတယ်။ တနည်းအားဖြင့် စင်္ကာပူထက် လည်း မြေဧရိယာပိုင်ဆိုင်မှု များပြားတယ်။ မြစ်ချောင်းနဲ့ သစ်တော သယံဇာတက လည်း ထိုက်သင့်သလောက် ပိုင်ဆိုင်တယ်။ လူဦးရေများပြားတဲ့ အိန္ဒိယနိုင်ငံဘင်္ဂလားဒေ့ရှ်တို့နဲ့လည်း နီးကပ်စွာ ရှိခြင်းကြောင့် ကျယ်ပြန့်တဲ့ ကုန်ထုတ် စျေးကွက်ကိုလည်း ပိုင်ဆိုင်ထားတယ်။ အတိတ်မှာ တောင့်တင်းတဲ့ ယဉ်ကျေးမှုသမိုင်းကို ပိုင်ဆိုင်ထားလို့ နိုင်ငံတစ်ခုရဲ့ အင်္ဂါရပ်အတွက် ဂုဏ်တင့်တဲ့ အထောက်အပံ့ဖြစ်တယ်။

▄ အမျိုးသားရေးညှို့ဓာတ်ရှင်
ရခိုင်တွေဟာ ပိုလို့ အမျိုးသားစိတ် ထက်သန်လာတာတွေ့ရတယ်။ ပညာတတ် လူငယ် မျိုးချစ် ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့ နိုင်ငံရေး လမ်းညွှန်ချက်တွေကို အမျိုးသားရေးလမ်းညွှန် ချက်သဖွယ် ယုံကြည်လေးစားတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ရခိုင်အမျိုးသားသရုပ်ရဲ့ ဥပဓိကို ဆောင်ကြဉ်းနိုင်လောက်တဲ့ ကိုယ်စွမ်းကိုယ်စ ရှိတယ်။ ရခိုင်တွေဟာ ခေတ်သစ် အိပ်မက်ကို မက်နေကြပြီ။

▄ ဝ ဒေသကို ပထဝီက မျက်နှာသာ မပေး
အထူးသဖြင့် ရခိုင်ရဲ့ ရှေ့က စီနီယာအဖြစ် စစ်ရေးအင်အား ကြီးမားခဲ့တဲ့ ဝ ဒေသဟာ ရခိုင်ပြည်နယ် ရရှိတဲ့ ပထဝီအားသာချက်မျိုးကို မရနိုင်ပါဘူး။ ဒီတော့ ဝဒေသက ဝ လူမျိုးစုစစ်ရေးခေါင်းဆောင်တွေအနေနဲ့ ခွဲထွက်ရေးအိပ်မက်ကို မက်ချင်ရင်တောင် အိပ်ယာထဲမှာပဲ မက်ခွင့်ရှိတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ မလွယ်။ တနည်းအားဖြင့် ဝတွေအနေနဲ့ ယခုလို ခွဲမထွက်ဘဲ တရုတ်ဩဇာခံလိုလိုနဲ့ မြန်မာဘက်အခြမ်းမှာ သီးခြားလွတ်မြောက်နယ်မြေအဖြစ် ရှိနေခြင်းဟာ သူတို့အတွက် ပိုကောင်းပါတယ်။ ပိုလို့လည်း လူးသာလွန့်သာ ရှိပါတယ်။ အကယ်၍ ခွဲထွက်စေအုံးတော့၊ တရုတ်နဲ့ မြန်မာအကြားမှာ ကုန်းတွင်းပိတ်အနေအထားမို့၊ ပိုလို့ ကျပ်တည်းနိုင်ပါတယ်။ တရုတ်နဲ့ ပေါင်းရင်လည်း တရုတ်က ကွန်မြူနစ်အာဏာရှင်စနစ်မို့ မြန်မာအစိုးရလက် အောက်မှာ ဝလူမျိုးတွေ ရှိနေတာက ပိုလို့အနေချောင်တယ်။ တရုတ်လက်အောက်မှာဆို ဒီလောက် လူးသာလွန့်သာ လွတ်လပ်ခွင့်ရနေမယ် မထင်ဘူး။
ဒီတော့ ဝတွေ အနေနဲ့ တရုတ်နဲ့ မြန်မာကို ဘယ်သူ့မှ အဖြေမပေးဘဲ အီထားတဲ့အခြေအနေကသာ သူတို့အတွက် အကျိုးစီးပွား ဖြစ်ထွန်းနိုင်တယ်။ တစ်ဖက်ဖက်ကို လုံးဝ ကပ်လိုက်တာဖြစ်ဖြစ်၊ တစ်ကိုယ်တည်း သီးခြားဖြစ် တည်လိုက်တာပဲ ဖြစ်ဖြစ်။ တစ်ခုခုကို လုပ်ခဲ့ရင် ဝတွေအတွက် ပိုလို့ ကျပ်တည်းနိုင်တယ်။ ဒီတော့ ဝတွေအတွက် ဘယ်လောက်ပဲ ခွဲထွက်ရေးအိပ်မက်ကို မက်သည်ဖြစ်စေ ရခိုင်တွေလို လက်တွေ့အကောင်အထည်ဖော်ခွင့်ရမှာ မဟုတ်။ အကောင် အထည်ဖော်ခွင့်ရသည် ထားအုံး၊ ရခိုင့်နိုင်ငံတော်အိပ်မက်လောက် အနာဂတ်မှာ သာယာနိုင် စရာ မရှိ။

▄ ရက္ခိုင့်နိုင်ငံတော်အိပ်မက်
ရခိုင်တွေ အတွက်ကတော့ ရခိုင့်နိုင်ငံတော်အိပ်မက်ဟာ အာရုဏ်တက် အလင်းရောက်ဖို့ နီးကပ်နေပြီ ဖြစ်ပါတယ်။ ရခိုင် အမျိုးသားတွေရဲ့ စုစည်းညီညွတ်မှုအားနဲ့ နိုင်ငံရေးအသိုင်းအဝန်းစိတ်အခံ ထုထည် ကြီးရင့်လာခြင်းသည်သာ ရခိုင့် အိပ်မက်ကို လက်တွေ့ဖြစ်လာစေဖို့ ဆုံးဖြတ်သွားမယ် ထင်ပါတယ်။ အကယ်၍ လူမျိုးစုလွတ်မြောက်ရေး လှုပ်ရှားမှုတွေသာ တကယ်အောင်မြင်ခဲ့ရင် အရင်ဆုံးအောင်မြင်မှာကတော့ ရခိုင်လူမျိုးတွေသာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။