• Today is: Thursday, March 28, 2024

ဥရောပပါလီမန် ကနေ CRPH နဲ့ NUG တို့ကို ထောက်ခံအားပေးဖို့ မဲခွဲဆုံးဖြတ်

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၈၊ ၂၀၂၁

ဥရောပ ပါလီမန်ကနေ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ၃၃ ရပ်ကို အောက်တိုဘာ ၆ ရက်နေ့က ချတ်မှတ်ခဲ့ပါတယ်။

ဆုံးဖြတ်ချက် နံပါတ် ၅ အရ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒသဘောထား အတိုင်း CRPH နဲ့ NUG တို့ကို တို့ကို ထောက်ခံအားပေးဖို့ ပါရှိပါတယ်။

ဒါ့အပြင် အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး အရ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြဖို့ တောင်းဆိုထားပါတယ်။

သမ္မတဦးဝင်းမြင့် နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း ဆုံးဖြတ်ချက် နံပါတ် ၂ မှာ ဖေါ်ပြထားပါတယ်။

အခုလို ဆုံးဖြတ်ချက်တွေကို အရင်တုန်းကနဲ့ အခု လက်တွေ့ဖြစ်နေတဲ့ အကြောင်းအရပ် အချက် ၂၂ ချက် အပေါ် အခြေခံပြီး အခုလို ချမှတ် ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်တွေထဲက စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ လုပ်ရပ်တွေဟာ လူအမြောက်အများအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes Against Humanity မြောက်နိုင်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာတရားကိုးကွယ်ယုံကြည်မှု ကွဲပြားသူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှုတွေကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်တယ်လို့ ဒီဆုံးဖြတ်ချက်ထဲမှာ ပါရှိပါတယ်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီ တို့လို ဘာသာရေး အဆောက်အအုံတွေ၊ ကျောင်းတွေ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ မကြာခဏတိုက်ခိုက်ခံရပြီး ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးမှုတွေကိုလည်း ရှုတ်ချတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆုံးဖြတ်ချက် နံပါတ် ၁၀ မှာတော့ ရိုဟင်ဂျာတွေ အပေါ် စနစ်တကျ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ အပေါ် ထပ်လောင်း ရှုတ်ချကြောင်း ဖေါ်ပြထားပြီး၊ သူတို့ တတွေ မြန်မာပြည် နေရပ်ကို ပြန်လာနိုင်ရေး လုံခြုံစိတ်ချရတဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ ကိုလည်း စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

ဥရောပပါလီမန်သည် CRPH နဲ့ NUG တို့ကို ထောက်ခံအားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး မြန်မာ့အရေး ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာနိုင်ရေး အာဆီယံနဲ့ နိုင်ငံတကာကို
တိုက်တွန်းတောင်းဆိုထားကြောင်း သိရပါတယ်။ 

ဓါတ်ပုံ – getty