• Today is: Sunday, October 24, 2021

ဒစ်ဂျစ်တယ်ခေတ်ပြောင်း

Federal Journal
October10/ 2021

▄ ဒစ်ဂျစ်တယ်ခေတ်ပြောင်း

မင်းသေ့ (ဆောင်းပါး)
ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၀၊ ၂၀၂၁

ခေတ်က ပြောင်းသွားတာ သိပ်သိသာတယ်။ ၂၀၁၁ – ၂၀၁၂ နောက်ပိုင်း ပွင့်လာတဲ့ အပွင့်ကို လူထုက ကောင်းကောင်း အသုံးချနိုင်တယ်၊ ကောင်းကောင်း ဖမ်းဆုပ်နိုင်တယ်ဆိုတာ သိပ်သိသာတယ်။ မြန်မာတွေ မညံ့ဘူး ဆိုတာလည်း ပေါ်လာတယ်။ လွတ်လပ်စွာ လေ့လာသင်ယူခွင့်နဲ့ လွတ်လပ်စွာ လုပ်ခွင့်ကိုင်ခွင့်ကိုသာရရင်၊ ဘယ်လောက်နောက်ကျ နောက်ကျ မြန်မာတွေ အမှီလိုက်နိုင်တယ်ဆိုတာ ထင်ရှားနေတယ်။ အထူးသဖြင့် ဒစ်ဂျယ်တယ်၊ အိုင်တီ၊ အင်ဖော်မေးရှင်း စတဲ့ အကျွမ်းဝင်မှုတွေဟာ မြန်မာလူငယ်နဲ့ လူလတ်ပိုင်းတွေမှာ ထူးထူး ခြားခြား အားကောင်းလာတာ တွေ့ရတယ်။ ယခင်က လူတွေ နားခါးခဲ့တဲ့ စကားလုံးတွေ ဖြစ်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းတို့၊ အင်တာနက်၊ အီးမေးလ်၊ တွစ်တာ၊ ယူကျူ့…စတဲ့ လူမှုကွန်ယက်တွေ၊ ကမ္ဘာလုံးချီ ကွန်ယက်ဆက်သွယ်မှုတွေဟာ ၁၀ နှစ်မပြည့်တစ်ပြည့်ကာလလေးအတွင်းမှာ မြန်မာတွေ အားလုံးကို လက်လှမ်း အမီ သင်ယူနိုင်ခဲ့တယ်။

▄ သက်ငယ်စကား သက်ကြီးကြား

အိုင်တီနဲ့ ပတ်သက်တဲ့နည်းပညာတွေဆိုရင် လူကြီးတွေကတောင် လူငယ်တွေဆီ၊ တနည်း ကလေးတွေဆီကနေ သင်ယူရတဲ့အဖြစ်မျိုး။ ဘယ်တက္ကသိုလ်မှ မယ်မယ်ရရ သွားမတက်ရသေးတဲ့ ကလေးက လက်ထဲက ဖုန်းကို ကိုယ့်ထက်တောင် အကျွမ်းတဝင် သုံးနေတတ်တာမျိုး။ မြန်မာတွေရဲ့ စီးမျောနိုင်စွမ်း (ဒီနေရာမှာ adaptation လို့ သုံးနှုန်းချင်တယ်) မြန်မာတွေရဲ့ စီးမျောလိုက်ပါနိုင်စွမ်းက သိပ်မြင့်တယ်။ ဒါကို လိုက်လျောညီထွေဖြစ်အောင် အလိုက်သင့် အလျားသင့် သင်ယူတတ်မြောက်ခြင်းလို့လည်း ခေါ်နိုင်တယ်။ အထူး သမြင့် မြန်မာတွေရဲ့ ဗီဇ ဓာတ်ခံမှာ သင်ရင်တတ်တယ်ဆိုတဲ့ ဗီဇကောင်းက ပါလာပြီးသား။ ဒါပေမယ့် ပိတ်ဆို့ ကန့်သတ်ခံထားရတာရယ်၊ ပျင်းတဲ့အကျင့်လေးတွေက မြန်မာတွေကို လူလိုသူလို မဖြစ်အောင် လုပ်ထားတာ။

▄ ဒစ်ဂျစ်တယ်မားကပ် အကျပ်အတည်း

တကယ်တော့ ယခင်ရှေ့အချိန်ကာလတွေက ရခဲ့တဲ့ လွတ်လပ်ခွင့်က တခြားသော ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ခြေဖျား လောက်သာ လွတ်လပ်ခွင့် ရခဲ့တာပါ။ သို့သော်လည်း ရတဲ့ လွတ်လပ်ခွင့်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီးတော့ မြန်မာပြည်မှာ လုံးဝ မရှိသေးတဲ့ ဒစ်ဂျစ်တယ်စျေးကွက်ကို လူငယ်လူလတ်ပိုင်းတွေက ဦးဆောင်ပြီး မောင်းနှင်တယ်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်တော့၊ ဒစ်ဂျစ်တယ် မားကက် တစ်ခုလုံး ချွတ်ခြုံကျသွားတယ်။ သို့သော်လည်း မြန်မာတွေ စိတ်မလျော့ဘူး။ အင်တာနက်ကန့်သတ်ခံ ရမှုနဲ့ လူမှုကွန်ယက်စာမျက်နှာ ပိတ်ပင်ခံရမှုတွေကြားထဲကပဲ ဒစ်ဂျစ်တယ် အ သုံးလုံး ပိုကြေညက်လာတယ်။ ဘယ်လို ကျော်ရ ခွရမယ်ဆိုတာ သိလာတယ်။ ဘယ်လို ကျော်လွှားဖြတ်သန်းရမယ်ဆိုတာ သိလာတယ်။ digital literacy ပိုတတ်မြောက်လာတယ်လို့တောင် ပြောရမယ်။

အခက်အခဲနဲ့ပိတ်ပင်ကန့်သတ်ခံရမှုတွေကပဲ ကိုယ့်ရဲ့ ကျွမ်းကျင်မှုလိုအပ်ချက်ကို တောင်းဆိုလာတယ်။ ဒီတော့ ဖြေရှင်းကျော်ဖြတ်ဖို့ ကြိုးစားရင်း ကိုယ့်လက်မောင်းသားတွေ ပို မာကျောလာတယ်၊ ပိုသန်မာလာတယ်။ နဂိုမူရင်းစွဲ သမားရိုးကျလုပ်နေတာတွေကနေ ဖောက်ထွက် နည်း လမ်းရှာဖို့ တွန်းအားပေးလာတယ်။ ဒီတော့ မြန်မာတွေ ဒစ်ဂျစ်တယ် ပလက်ဖောင်းကို အသုံးချနိုင်မှုဟာ ပိုလို့ တိုးတက်လာတယ်။ ဒီနေရာမှာ နိုင်ငံရေးနဲ့ပတ်သက်နေတာ ကို ဆက်စပ် ပြောချင်ပါသေးတယ်။

▄ ယခင် – ယခု မတူ

၈၈၈၈ ဒီမိုကရေစီလူထုလှုပ်ရှားမှုနဲ့ ၂၀၂၁ မြန်မာ့နွေဦး တော်လှန်ရေးဟာ အိုင်တီ၊ အင်တာနက်နဲ့ ဒစ်ဂျယ်တယ် ဆိုတဲ့ အရာတွေ သိပ်ကွာခြားတယ်။ ယခင်က လူထုမီဒီယာကို အစိုးရက ကိုင်ထားတယ်။ နိုင်ငံတော်က ကိုင်ထားတယ်။ အခုတော့ မီဒီယာကို လူတစ်ဦးချင်း၊ ပြည်သူ တစ်ဦးချင်းက ကိုင်ထားနိုင်ပြီ။ အင်တာနက်နဲ့ အိုင်တီကို လူထုကလည်း မှီခိုလာတယ်။ အစိုးရကလည်း မှီခိုလာတယ်။ အိုင်တီနဲ့ အင်တာနက် မရှိရင် လူထုက လည်း နေလို့ မရတော့သလို၊ အစိုးရကလည်း လုပ်လို့ ကိုင်လို့ မလွယ်တော့ဘူး။ ဒီတော့ အိုင်တီနဲ့ အင်တာနက်ဟာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း နှစ်ခုရဲ့တန်းကို ညှိပစ်လိုက်တယ်။ တနည်းအားဖြင့် အစိုးရနဲ့ ပြည်သူတဲ့တန်းကို ညှိပစ် လိုက်နိုင်တယ်။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံဆိုတဲ့ ကွာဟနေတဲ့ တန်းကို ညှိပစ်လိုက်တယ်။ ဒါဟာ သိပ္ပံနဲ့နည်းပညာက ကျေးဇူးပြုတဲ့ တန်းတူညီမျှမှုအရေးတော်ပုံပဲဖြစ်ပါတယ်။

▄ ပင့်ကူအိမ်လူ့အဖွဲ့အစည်း

ဂလိုဘယ်လိုက်ဇေးရှင်းဟာ သိပ်ပြီး အပြန့်ကျယ်လာလို့ များပြားတယ်၊ ရှုပ်ထွေးတယ်၊ အသေးစိတ်တယ်၊ မြန်ဆန်တယ် ဆိုတဲ့ ဝိသေလက္ခဏာတွေ ပေါ်လာတယ်။ ဒါ့ကြောင့် ပင့်ကူအိမ်လူ့အဖွဲ့အစည်းလို့ သုံးနှုန်းသမုတ် ကြတယ်။ ဆိုလိုချင်တာက ခေတ်နဲ့ စနစ်ကို ယခင်ကလို နိုင်ငံတော်ကသော်လည်းကောင်း၊ အစိုးရတစ်ရပ်ရပ်က သော်လည်းကောင်း ကြီးမှူး ထိန်းချုပ် လွှမ်းမိုးဖို့မလွယ်တော့ဘူး။ ပိုခက်လာတယ်။ ဒစ်ဂျယ်တယ် အင်တာနက် ဟာ ပြည်သူပိုင် စစ်စစ်ဖြစ်လာတယ်။ ပြည်သူက ဒစ်ဂျစ်တယ်ကို သုံးပြီးတော့ အစိုးရကို ကိုင်လှုပ်နိုင်တယ်။ အာဏာရှင်ကို ကိုင်လှုပ်နိုင်တယ်။ အစိုးရတွေဟာ ဆက်သွယ်မှု ကွန်ယက်တွေရဲ့ အခြေခံအဆောက်အအုံတွေကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ သို့သော်လည်း နိုင်ငံတော်အစိုးရတွေအပေါ် မှီခိုခဲ့တဲ့ လူမှုကွန်ယက်အခြေခံ အဆောက်အအုံတွေဟာ တဖြည်းဖြည်းနဲ့ လူထုဆီကို ရောက်လာတယ်။

▄ နယ်ခြားမျဉ်းတွေကို ကျော်ခွ

လူထုဟာ မမြင်ရတဲ့ အာဏာကို ဆုပ်ကိုင်ထားနိုင်ကြတယ်။ တနည်း ဂလိုဘယ်သဘောဆောင်တဲ့ ဆက်သွယ်မှုတွေကို အစိုးရကို ကျော်ပြီး လုပ်လာနိုင်တယ်။ ထိန်းချုပ် ကန့်သတ် ဟန့်တားမှုတွေကြားထဲကနေ ဖောက်ထွက်လာနိုင်တယ်။ ယခင်က လူထုကို အစိုးရက ပြန်ကြားတယ်။ တနည်း ဝါဒဖြန့်တယ်။ ယခု အစိုးရကို လူထုက ပြန်လည် ဝါဒဖြန့်တယ်။ ယခင်က အင်စတီကျူးရှင်းနဲ့ အဖွဲ့အစည်းတွေက သတင်းတွေ ထုတ်လွှင့်တယ်။ ယခု လူတစ်ဦးချင်းစီကနေ သတင်းတွေ ထုတ်လွှင့်နိုင်ပြီ။ သတင်းတွေရဲ့ ယှက်နွှယ်မှုက ထွေပြားလာတယ်၊ များပြား လာတယ်၊ မြန်ဆန်လာတယ်။ သတင်းထိုးစစ်တွေကလည်း တစ်ဖက်နဲ့ တစ်ဖက် ကြမ်းတမ်းလာတယ်။ သာမန် တည်ငြိမ်တဲ့ ဒီမိုကရက်တစ်နိုင်ငံတွေမှာ ပေါ်လစီ အလှည့်အပြောင်းတွေနဲ့ လော်ဘီ ဆော်ဘီတို့ သတင်းထိုးစစ် တွေကို ဆင်နွှဲလေ့ရှိပေမယ့်၊ တိုင်းပြည် ကသောင်းကနင်း ဖြစ်တဲ့အချိန်မှာ ပြည်သူလူထုဟာ သတင်းစစ်ဆင်ရေး ကို ဘယ်သူမှ တာဝန်မပေးဘဲ ကိုယ့်ဘာသာ လုပ်နေကြတယ်။ အထူးသဖြင့် သတင်းကို သတင်းနဲ့ ဘယ်လို တန်ပြန်ရမယ်ဆိုတဲ့ အသိ၊ ပြည်သူဆီမှာ ကောင်းကောင်း ရှိလာတယ်။

▄ ထိန်းချုပ်မှု မဲ့လာ

လက်ရှိ အခင်းအကျင်းမှာ မြန်မာလူထုကြား ထဲ သတင်းကို သတင်းနဲ့ ပြန်လည် ထိုးနှက် တုံ့ပြန်တဲ့ စွမ်းရည်ဟာ ပိုအားကောင်းလာတယ်။ ယခင်က သတင်းတွေကို ပုံမှားရိုက်ဖို့၊ သတင်းတွေကို ပုံဖျက်ဖို့၊ သတင်းတွေကို သိုမှီးဖို့၊ သတင်းတွေကို အမှားနဲ့ အမှန် ရောထွေးလိုက်ဖို့ အင်စတီကျူးရှင်းတစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာ လူထုကို ဝှက်ဖဲ တစ်ခုချင်းစီ ချပြ ကစားခဲ့တဲ့ ခေတ်။ ကောလဟလတွေကို လိုသလို ထုတ်လွှင့်မယ်၊ အလိုမရှိတဲ့ သတင်းချဲန်နယ်လ်တွေကို ပိတ်ဆို့မယ်၊ တားဆီးမယ်၊ ဟန့်တားမယ်။ ဒီနေ့ခေတ်တော့ မဟုတ်တော့ဘူး။ မရတော့ဘူး။ ပိတ်ပင်တားဆီးလို့ ရကောင်းတယ်လို့ ထင်နေတဲ့ ရှေးရိုးစွဲ လှေကြီးထိုးရိုးရိုးဗျူဟာဟာ အလုပ်မဖြစ်တော့ဘူး။ ပြည်သူတစ်ဦးချင်းစီ ဟာ မညံ့တော့ဘူး။ အင်စတီကျူးရှင်းကို အလိမ်အညာတွေနဲ့ တည်တံ့အောင် လုပ်လို့ မရတော့ဘူး။

▄ စခရင်အမျိုးအစား ပြောင်းသွား

ယခင်က ဝါဒ ဖြန့်ချိရေးယန္တရားဟာ တယ်လီဗေးရှင်းနဲ့ ပုံနှိပ် သတင်းစာ၊ ဂျာနယ်သာ ဖြစ်တယ်။ တယ်လီဗေးရှင်းချဲန်နယ်နဲ့ ပုံနှိပ်သတင်းစာ၊ ဂျာနယ်၊ တနည်း ပုံနှိပ်စာပေကို ထိန်းချုပ်နိုင်ရင် လူထုအသံကို ထိန်းချုပ်နိုင်ပြီ၊ လူထုအသံကို ပုံသွင်းနိုင်ပြီ၊ ပုံဖော်နိုင်ပြီ၊ လူထုကို ကိုယ်ရောက်စေချင်တဲ့ဘက် ဆွဲခေါ်နိုင်ပြီ။ လူထုကို ကိုယ်သွားစေချင်တဲ့ဘက် မောင်းလို့ ရပြီ။ ဒီနေ့တော့ အဲသည်လို မဟုတ်တော့ဘူး။ တယ်လီဗေးရှင်းချဲန်နယ်ဆိုတာ ဒိတ်အောက်သွားပြီ။ ခေတ်မရှိတော့ဘူး။ ဒီနေ့ခေတ် လူငယ် ဆယ်ကျော်သက်တွေ တယ်လီဗေးရှင်းဆိုတာကို မကြည့်တော့သလောက် ဖြစ်သွားပြီ။ သူတို့အတွယ် တယ်လီဗေးရှင်းဟာ ဖေ့ဘုတ်ခ် ဖြစ်သွားပြီ၊ ယူကျူ့ဖြစ်သွားပြီ။ တယ်လီဗေးရှင်းက တစ်ဖွဲ့ တစ်ယောက်ယောက်၊ တစ်ဦးဦးက ထိန်းချုပ် ကန့်သတ် တည်းဖြတ် ပုံသွင်း တည်ဆောက်ပြီး ထုတ်လွှင့် တာ။ ဖေ့ဘုတ်ခ်နဲ့ ယူကျူ့က တကယ့် ဖြစ်ရပ်၊ တကယ့် အစစ်အမှန်။ သကာအုပ်ထားတယ်၊ စနစ်တကျ ပုံဖော် တည်ဆောက်ထားတယ်ဆိုတာထက် အများရဲ့ စစ်မှန်တဲ့ လက်ဖြစ် ချဲန်နယ်တွေ။ တယ်လီဗေးရှင်းက မိုနို။ ဖေ့ဘုတ်ခ်၊ ယူကျူ့က မာတီ။ တယ်လီဗေးရှင်းက တစ်လမ်းပြေး၊ တစ်ကြောင်းပြေး။ ဖေ့ဘုတ်ခ် ၊ ယူကျူ့က ဗဟု၊ အများ၊ အစုံ။

▄ တော်လှန်မှု ခေတ်ပြောင်း

ဒီနေ့ခေတ် အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေဟာ စခရင်တွေပေါ်မှာ တော်လှန်နေတယ်လို့တောင် ဆိုနိုင်တယ်။ တနည်းအားဖြင့် မြေပြင်ပေါ်က တုံ့ပြန် တန်ပြန်လှုပ်ရှားမှုတွေကလည်း စခရင်ကို မှီခိုနေရတယ်။ အင်အား ဖြည့်တာ၊ အင်အားစုစည်းတာ၊ တန်ပြန် ထိုးနှက်တာ၊ တုံ့ပြန်ဆောင်ရွက်တာ၊ ဝါဒဖြန့်တာ၊ ဒေသအရေးကို ကမ္ဘာ့အရေး အာဂျင်ဒါဖြစ်အောင် တင်ပို့တာ။ ဒါတွေ အားလုံးဟာ စခရင်ပေါ်မှာ လုပ်နေကြတာဖြစ်ပါတယ်။ မြန်မာ လူငယ်နဲ့ မြန်မာလူလတ်ပိုင်းတွေ ဒီကိစ္စမှာ သိပ်အကျွမ်းတဝင် ရှိနေပြီ။ ဒါဟာ အပြောင်းအလဲကို ကိုင်လှုပ် နိုင်တဲ့ အဓိက အချက်တွေထဲက တစ်ခု။

တကယ်တော့ မြန်မာတွေ မညံ့ဘူးဆိုတာ သိသာထင်ရှားလာပါပြီ။

ယခင် မီဒီယာနဲ့ သတင်းချဲန်နယ်တွေ တစ်ဦး တစ်ဖွဲ့တည်းက ထိန်းချုပ် ထားချိန်မှာ၊ လူထုအကြား သွေးခွဲဖို့ လွယ်တယ်၊ သပ်လျှိုဖို့ လွယ်တယ်။ ဒီတော့ လိုရာ ဆွဲခေါ်လို့ ရတယ်။ ဆက်သွယ်ရေးတွေကို ကျုံ့ထားပြီး အကန့် အသတ်ဘောင်ထဲမှာ ထည့်ထားတော့ အချင်းချင်း သို့လော သို့လောတွေ ဖြစ်ကုန်ရော။

▄ အရေခွံ ခွာချ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ ဆိုတာတွေကို အာဏာရှင် အလိုကျ ဇာတ်ညွှန်း ဇာတ်ပုဒ် ဖန်တီးပြီး ရန်တိုက်ပေးခဲ့တာတွေကို အိုင်တီနဲ့ အင်တာနက်က အရေခွံကွာကျအောင် ခွာချ ပေးလိုက်တယ်။ အချင်းချင်း တိုက်ရိုက်ဆက်သွယ်လာနိုင်တယ်၊ တိုက်ရိုက်ထိတွေ့လာနိုင်တယ်။ ဒီတော့ တစ်ယောက် အကြောင်း တစ်ယောက် ပိုသိလာတယ်။ ကြားခံ မီဒီယံက ကျဉ်းသွားတယ်၊ ကျုံ့သွားတယ်။ ကြားခံ မီဒီယံက ချက်ချင်းလက်ငင်း၊ တိုက်ရိုက်၊ ကိုယ်တွေ့ ဖြစ်လာတယ်။ ဆက်သွယ်ရေးချဲန်နယ်ထဲမှာ ပလက်ဖောင်းပေါ် အတူလျှောက်လာနိုင်တယ်။ တစ်ဆင့်ခံ မဟုတ်တော့ဘူး။ ဒီတော့ နားလည်မှု ပိုရလာတယ်။
တစ်ယောက်နဲ့ တစ်ယောက် ပိုသိကျွမ်းလာတယ်၊ ပိုရင်းနှီးလာတယ်။ ဒါဟာ သိပ္ပံနဲ့ နည်းပညာက လုပ်ပေးလိုက်တဲ့ ကျေးဇူးပြုမှုပဲ ဖြစ်ပါတယ်။ အစိုးရအဆက်ဆက် လှေကြီးထိုးရိုးရိုးပုံစံနဲ့ စည်းလုံးရေးကို သမားရိုးကျ တည်ဆောက်လာတာ။ ဒီကြားထဲမှာ အစိုးရရဲ့ အကျိုးစီးပွားအတွက် လိုသလို ပုံသွင်း ချုပ်ခြယ်လာတာ။ ဒါတွေ အားလုံးကို ဒစ်ဂျစ်တယ် အင်တာနက် အွန်လိုင်း အိုင်တီ တို့က စုပြုံ ဖြိုချပစ်လိုက်တယ်။ လူထုဟာ သတင်းကို ပိုင်လာတယ်။ လူထုပေးတဲ့သတင်းကိုသာ အစိုးရက စားသုံးရသူ အဖြစ် ပြောင်းသွားတယ်။ ယခင်ကတော့ အစိုးရ ပေးတဲ့ သတင်းကို လူထုက စားသုံးရတယ်။ အခုတော့ ပြောင်းပြန်။ လုံးဝ ပြောင်းပြန်။

ဒစ်ဂျစ်တယ် နည်းပညာကို ပိုင်စိုးရင် ဘာလက်နက်မှ ကိုင်မထားလည်း ကမ္ဘာကို ပိုင်စိုးနိုင်ကြောင်း ဒီနေ့ခေတ် အိုင်တီကော်ပိုရေးရှင်းတွေက သက်သေပြနေပြီ။