• Today is: Friday, August 12, 2022

နိုင်ငံကို ဘယ်လိုတည်မလဲ “NUCC, NUG, CRPH” ဆိုင်ရာ စဉ်းစားချက်များ

နိုင်ငံကို ဘယ်လိုတည်မလဲ “NUCC, NUG, CRPH” ဆိုင်ရာ စဉ်းစားချက်များ

အီဂေါဗလာဇီဗစ် (သုံးသပ်ချက် ဆောင်းပါး)
ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၃၊ ၂၀၂၁
The following comment has appeared under my post about the role of civil society in times of armed resistance against the murderous and criminal junta. I would like to give respond to that comment because it is opening important questions.
“CRPH ကို ဘာလို့ထည့်မရေတွက်တာပါလဲ ဆရာ။ CRPH မပါရင် ပြည်သူ့ထောက်ခံမှု ပပျောက်ပါလိမ့်မယ်။CRPH သာတိုင်းထွာလို့ရတဲ့ ပြည်သူ့ကိုယ်စားပြုမှုရှိသူတွေသာပါ။ NUCC ဆိုတာ ၂၀၀၈ ခြေဥက ကာလုံလို အဖွဲ့သာမို့ မ ထောက်ခံနိုင်ပါဘူး။”
ကျွန်တော်ရေးတဲ့ တော်လှန်ရေးကာလထဲက ပြည်သူ့လူ့အဖွဲ့အစည်းတွေအကြောင်း သုံးသပ်ချက် ( post) အောက်မှာ အထက်ပါမှတ်ချက်ကို တွေ့ရပါတယ်။ ဒီမှတ်ချက်က အရေးကြီးတဲ့ မေးခွန်းတွေထွက်ပေါ်စေတာမို့ အောက်ပါအတိုင်း ရှင်းလင်းတုန့်ပြန်လိုပါတယ်။
——————-
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ ဦးဆောင်ဦးရွက်နဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖွဲ့စည်းပုံ ၃ ခုဖြစ်တဲ့ NUG, CRPH နဲ့ NUCC တို့မှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေ ရှိပါတယ်။
NUG ဟာ အစိုးရတရပ်ရဲ့ တာဝန်တွေကို ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အကန့်အသတ် အကြပ်အတည်းကြားထဲကပဲ သူလုပ်နိုင်ကမျှသော တာဝန်ကို ဆောင်ရွက်ရပါမယ်။
NUG ရဲ့အလုပ်က အစိုးရတရပ်ရဲ့ တာဝန်ကို ထမ်းဆောင်ရတာပါ။ သို့သော်လည်း ကျွန်တော်တို့ အားလုံးသတိပြုရမှာက ပုံမှန် လည်ပတ်နေတဲ့ ရွေးကောက်ခံ အစိုးရတရပ်ဆီကမျော်လင့်ကြမဲ့ လုပ်ဆောင်မှုမျိုးတွေ NUG ဆီမှာအလုံးစုံတောင်းဆိုမျော်လင့်လို့ မရတာနိုင်တာပါ။ NUG ဟာ နိုင်ငံနဲ့ ပြည်သူ အဆုံးစွန် ဘေးအန္တရာယ်နဲ့ အကြပ်အတည်းကြုံနေရတဲ့ အခြေအနေအတွက် ယာယီအစိုးရပါ။ ဒါ့ကြောင့်ရှိသမျှ အရင်းအမြစ်နဲ့ စွမ်းဆောင်ရည်အားလုံးက ရိုးရှင်းတဲ့ ရည်မှန်းချက်တွေဆီကိုပဲ ဦးတည်ရမှာပါ။ အဲဒီရည်မှန်းချက်တွေကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အနိုင်ရရေးနဲ့ အနာဂတ်မှာ အသက်ဝင်ရမဲ့ ဖွဲ့စည်းပုံယန္တယားတွေအတွက် အခြေခံအုတ်မြစ်ချရေးပဲဖြစ်ပါတယ်။ တခြားရှုပ်ထွေးတဲ့ အကြောင်းကိစ္စတွေကိုတော့ လူသတ်စစ်အာဏာရှင်ရဲ့ တိုက်ခိုက်မှုကိုမြန်မာပြည် မခံရတော့တဲ့ အချိန်ထိ ရွေ့ဆိုင်းထားရပါအုံးမယ်။
NUG ရဲ့ နောက်ထပ်အရေးကြီးတဲ့ အလုပ်တခုက နိုင်ငံတကာ အသိုင်းအဝန်းကို အခြားသော အစိုးရဖွဲ့စည်းပုံတစ်ရပ်ရှိနေကြောင်း သိစေဖို့ပါ။ NUG သာ ပေါ်ထွက်မလာခဲ့ဘူးဆိုရင် စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းအတော်များများက ယာယီအစိုးရအဖြစ် အသိအမှတ်ပြုပြီး ဖြစ်နေပါလိမ့်မယ်။ NUG ပေါ်ထွက်လာတာကြောင့်သာ နိုင်ငံတကာအသိုင်းအဝန်းအတွက် မတူတဲ့ စင်ပြိုင် တောင်းဆိုမှုပေါ်လာပြီး စစ်အာဏာရှင်နဲ့ အကန်အသတ်မရှိ ဆက်ဆံလို့ မရစေတာပါ။ NUG သာမရှိဘူးဆိုရင် အဟန့်အတားမရှိတဲ့ ဆက်ဆံရေးတွေ လုပ်ကြပါလိမ့်မယ်။
အခုအထိတော့ NUG ဟာ တရားဝင် အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခံရတဲ့ အနေအထားကို မရောက်သေးပါဘူး။ ဒါပေမဲ့ NUG ရဲ့ အရေးကြီးတဲ့ အောင်မြင်မှုက စစ်ကောင်စီကို ယာယီအစိုးရအဖြစ် လက်ခံမလာအောင် ပိတ်ဆို့ထားနိုင်တာပဲ ဖြစ်ပါတယ်။
CRPH ကတော့ ရွေးကောက်ပွဲ ပြတ်ပြတ်သားသား နိုင်ခဲ့တာကနေရလာတဲ့ တရားဝင်မှုကို ထိန်းပေးထားတဲ့ဖွဲ့စည်းပုံဖြစ်ပါတယ်။ ဒီရွေးကောက်ခံ အမတ်အုပ်စုကနေသာ ပုန်းကွယ်တိမ်းရှောင်ရင်း သတ္တိရှိရှိနဲ့ CRPH ဆိုပြီးမလုပ်ခဲ့ရင် NUG ရော NUCC ရောပေါ်လာစရာအကြောင်းမရှိပါဘူး။
ဂျန်ဇီတွေ၊ သပိတ်ကော်မတီတွေ၊ CDM တွေ၊ အရပ်ဘက်လှုပ်ရှားသူတွေ၊ NLD အဖွဲ့ဝင်တွေရဲ့ သတ္တိနဲ့ စွမ်းအားလိုပဲ အရေးကြီးတဲ့ ဖြည့်ဆည်းရပ်တည်မှုအပိုင်းက CRPH ဖွဲ့စည်းတာကနေလာပါတယ်။ ဂျန်ဇီတွေ၊ သပိတ်ကော်မတီတွေ၊ CDM တွေ၊ NLD အဖွဲ့ဝင်တွေဟာ ခုခံရေး မြစ်မကြီးထဲမှာ များပြားလှတဲ့ ဒီလှိုင်းအရှိန်အဟုန်တွေကို ဖန်တီးခဲ့ပါတယ်။ ထုထည်ကြီးလှတဲ့ ပြည်သူ့အာဏာလှုပ်ရှားမှုကို သူတို့တည်ဆောက်ခဲ့ပါတယ်။ CRPH, NUG နဲ့ NUGG တို့ကတော့ ဒီရေစီးမှာ အရေးကြီးတဲ့ ဦးတည်လမ်းကြောင်းတွေပေးပါတယ်။
အရင်ရေးခဲ့တဲ့ မှတ်ချက်မှာ NUCC ကို အလေးပေးပြောပါတယ်။ အကြောင်းကတော့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပျိုးထောင်တဲ့ အလုပ်၊ တွဲစပ်တဲ့အလုပ်၊ ကျယ်ပြန့်နက်ရှိုင်းစေတဲ့ အလုပ်၊ အတူတကွ ဖြစ်ရေး အလုပ်တွေဟာ အလွန်အရေးကြီးလို့ပါ။ အဲဒါတွေပါမှ အာဏာရှင်အပေါ် အောင်ပွဲခံနိုင်မှာပါ။ မနေ့ကရော၊ ဒီနေ့ရော၊မနက်ဖန်ရော အတွက် အလွန့်အလွန် အရေးကြီးတဲ့ အလုပ်ပါ။
၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အကြီးဆုံးအမှားက ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရင် ရွေးကောက်ခံအစိုးရအနေနဲ့ လုံလောက်တဲ့ ပါဝါရှိပြီ၊ ဒါဆိုရင် ရှုပ်ထွေးတဲ့ ပြဿနာတွေ စဖြေရှင်းလို့ ရပြီလို့ တွေးခဲ့တဲ့ ကိစ္စပါ။ များပြားတဲ့ လူမျိုးစုတွေ ရှိနေတဲ့ဒီနိုင်ငံမှာ နိုင်ငံတည် သဘောသဘာဝဘယ်လို ဖြစ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး အခြေခံကျတဲ့ သဘောတူညီမှု ရှိမနေသေးတာဟာ မြန်မာပြည်ရဲ့ ကြီးမားလှတဲ့ ပြဿနာပါ။ ရှုပ်ထွေးတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့က အလွန်အားကြီးတဲ့ ဒီမိုကရက်တစ် မန်းဒိတ် ( ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နိုင်တာ) ဖြစ်စေအုံးတော့ အဲဒီတခုထဲနဲ့ ဘယ်လိုမှ မလုံလောက်ပါဘူး။
ရွေးကောက်ပွဲတွေ ဆိုတာကတော့ တယောက်ယောက်နိုင်တဲ့ကိစ္စပါ။ လူအများစုက ဘယ်သူနိုင်လဲ ဆုံးဖြတ်တာပါပဲ။ လူမျိုးစုတွေ စုံလင်ကွဲပြားတဲ့ နိုင်ငံမှာတော့ နိုင်ငံတည်တယ်ဆိုတာ ဘုံတူညီချက်နဲ့ အပေးအယူပြုရတဲ့ ကိစ္စဖြစိပါတယ်။ အခြားသူတွေ ရှုံးနေတဲ့ အခြေအနေမှာ ဘယ်သူမှ နိုင်ငံရေးအရ အကြွင်းမဲ့ အောင်နိုင်သူဖြစ်လို့မရပါဘူး။လူအများစုက အဆုံးအဖြတ်ပေးမယ်ဆိုတဲ့ ပုံစံနဲ့ သွားလို့လည်းမရပါဘူး။ လူများစုရော လူနည်းစုရောကအလယ်လမ်းရှာပြီး ကြီးငယ် နည်းများမဟူ အားလုံးရဲ့ လိုလားချက် ဆန္ဒတွေပြည့်အောင် လုပ်ရမဲ့ ကိစ္စဖြစ်ပါတယ်။ လူတိုင်းက တစုံတရာသော အပေးအယူကို ( အတင်းအကြပ်လက်ခံခိုင်းလို့မဟုတ်ပဲ) ကိုယ့်သဘောဆန္ဒအရကို လက်ခံလာကြအောင် လုပ်ရမဲ့ ကိစ္စပါ။ အများဆုံးရဖို့နဲ့ သာ သွားကြမယ်ဆိုရင် အခြေခံသဘောတူညီချက်မရနိုင်ပါဘူး။ ဒါဆိုရင် မယုံကြည်တာ၊ သဘောထားကွဲတာ၊ ရန်ဖြစ်နေတာ နဲ့ စစ်တပ်စိုးမိုးမှုက နောက်ဆယ်စုနှစ်များစွာတိုင် မပြီးမစီးနိုင်ဖြစ်နေပါလိမ့်မယ်။
NUCC အရေးကြီးရတာက ဘုံသဘောတူညီချက်၊ နားလည်မှုနဲ့ စုပေါင်းအမြင်ကို တည်ဆောက်ပေးနိုင်တဲ့ ယန္တယားဖြစ်လို့ပါ။
CRPH ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မဲအပြတ်အသတ်နိုင်ထားတာကို ကိုယ်စားပြုပါတယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်သူအားလုံးအနေနဲ့ မဲနိုင်မှုအားဖြင့် ရှိနေတဲ့ စီမံပိုင်ခွင့် (မန်းဒိတ်) ရဲ့အင်အားနဲ့ တရားဝင်မှုကို အသိ အမှတ်ပြုရပါမယ်။ CRPH ရဲ့တရားဝင်မှုနဲ့ အရေးကြီးမှုကို ဘေးထုတ်ဖို့ကြိုးစားမယ်ဆိုရင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဖွဲ့စည်းမှုယန္တယားဆိုင်ရာ ခေါင်းဆောင်မှုပေးနေတဲ့ တရားဝင် ထင်ရှားတဲ့အင်အားစုတစ်ခုကို နိမ့်ကျအောင် လုပ်သလိုဖြစ်မဲ့ အန္တရာယ်ရှိပါတယ်။ NLD ကို လူတွေအများကြီးမဲပေးခဲ့ပါတယ်။ အဲဒီမဲဆန္ဒရှင်အတော်များများဟာ အခုအခါမှာ သူတို့ရဲ့ မဲပေးပိုင်ခွင့်ကို ခုခံကာကွယ်နေကြပါတယ်။ ဒါဟာလှုပ်ရှားမှုရဲ့ အရေးကြီးတဲ့ အင်အား ရင်းမြစ်တခု ဖြစ်ပါတယ်။
တချိန်ထဲမှာ မဲအများဆုံးရထားလို့ နိုင်ငံရေးအင်အားစုအားလုံးကို ကိုယ်စားပြုတယ်၊ CRPH သာလျင် အမှန်တကယ် ကိုယ်စားပြုတယ်လို့ ယူဆရင်လည်း အမှားပါပဲ။ အခြေခံဥပဒေ ပြောင်းလဲရေး မအောင်မြင်ခဲ့တာ၊ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး အလုပ်မဖြစ်ခဲ့တာ၊ ပင်လုံသဘောတူညီချက်အသစ်မရခဲ့တာ၊ ရွေးကောက်ပွဲနိုင်ငံရေးကို အာဏာသိမ်း ဖျက်ဆီးတာမျိုး မဖြစ်အောင် မကာကွယ်နိုင်ခဲ့တာ စတဲ့ ကျရှုံးမှုတွေထဲက အကြီးဆုံးသင်ခန်းစာကတော့ ရွေးကောက်ပွဲနိုင်ငံရေး တခုထဲနဲ့တော့ စစ်ယန္တယားရဲ့ ဖိနှိပ်စိုးမိုးထားမှုကို ဖယ်ရှားဖို့ မလုံလောက်နိုင်ဘူးဆိုတာပါ။
ထပ်တိုးလိုအပ်နေတာက အတူတကွဖြစ်ဖို့၊ နားထောင်ကြ စကားပြောကြဖို့၊ သဘောတူညီမှုရှာကြဖို့၊ စုံလင်ကွဲပြားလှတဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ လှုပ်ရှားပါဝင်သူအားလုံး ယုံကြည်မှု တည်ဆောက်နိုင်ဖို့ပါ။ မြန်မာပြည်ရဲ့အကွဲအပြဲဇာတ်လမ်းကို ရွေးကောက်ပွဲနိုင်တာ တခုတည်းနဲ့ မဖြေရှင်းနိုင်ပါဘူး။ ပေါင်းကူးတံတားထိုးတာ၊ ဘုံတူညီမှုရှာတာ၊ ယုံကြည်မှုတည်ဆောက်တာတွေနဲ့ ဖြေရှင်းရမှာပါ။

အဲဒါတွေလုပ်ဖို့ အလွန်အရေးကြီးတဲ့ နေရာမှာရှိတာက NUCC ပါ။