• Today is: Friday, March 29, 2024

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းသမား (၅၀)ဦး ရှိနေကြောင်း MPFI-D က ထုတ်ပြန်

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းသမား (၅၀)ဦး ရှိနေကြောင်း MPFI-D က ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၃၊ ၂၀၂၁

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေကို လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး လက်ရှိ ဖမ်းဆီးထားတဲ့ သတင်းသမား (၅၀)ဦးရဲ့ စာရင်းနဲ့အချက်လက်တွေကို MPFI-D က အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Myanmar Press Freedom In-Depth အဖွဲ့က စစ်ကောင်စီဟာ သတင်းမီဒီယာတွေ ပိတ်ပင်တာ၊ သတင်းသမားတွေကို ဖမ်းဆီးတရားစွဲတာနဲ့ သတင်းလွတ်လပ်ခွင့်တွေကို ဖိနှိပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်းမီဒီယာ ၈ ခုကိုလည်း သတင်းလုပ်ငန်း လုပ်ပိုင်ခွင့် ပိတ်သိမ်းလိုက်ပြီး သတင်းလွတ်လပ်ခွင့်ကိုလည်း ဆက်လက်ဖိနှိပ်ချိုးဖောက်နေတာ ဖြစ်ပါတယ်။

MPFI-D က မတရားဖမ်းဆီး သတင်းသမားတွေ ဂျာနယ်လစ်တွေကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့၊ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ အာမခံပေးဖို့နဲ့ သတင်းမီဒီယာသမားတွေကို သတင်းလုပ်ငန်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးဖို့ စဥ်ဆက်မပြတ် တောင်းဆိုထားပါတယ်။

သတင်းသမားများ ဖမ်းဆီးခံရမှု ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူ ဦးထင်ကျော်အေးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာက တဆင့် “စစ်အာဏာရှင်အောက်မှ ဘယ်သတင်းသမားမှ မလုံခြုံပါဘူး။ စစ်အစိုးရလက်ထက်မှာ အစိုးရသတင်းစာ​တွေမှာ အလုပ်လုပ်တဲ့ သတင်း​​ထောက်၊ ဘာသာပြန်​တွေ၊ အယ်ဒီတာ​တွေ​တောင်မှ မလုံခြုံပါဘူး” ဟု ရေးသားထားပါတယ်။

သတင်းသမားများ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာက တဆင့် “သတင်းမီဒီယာကို ပိတ်ပင်ခြင်းဟာ တိုင်းပြည်တခုလုံးရဲ့ မျက်စိနဲ့နား​တွေကို ထိုး​ဖောက်ခြင်းဖြစ်သလို အသိဥာဏ်ဦး​နှောဏ်ကို ဖျက်စီးခြင်းပါ။ မီဒီယာမိတ်ဆွေများ အမြန် လွတ်​​မြောက်နိုင်​အောင် အ​ကောင်းဆုံးကြိုးစား​နေပါတယ်” ဟု မှတ်ချက်ပြု ရေးသားထားပါသေးတယ်။

ဒီစာရင်းအရ ထူးခြားမှုတခုကတော့ မြန်မာ့အလင်း သတင်းထောက်တစ်ယောက် အဖမ်းခံရတာကို စာရင်းထဲပါနေသာ တွေ့ရပါတယ်။