• Today is: Saturday, April 20, 2024

အလုပ်ဖြစ်တဲ့ ညီညွတ်မှု

အလုပ်ဖြစ်တဲ့ ညီညွတ်မှု

ထင်ကျော်အေး (ဆောင်းပါး)

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၃၊ ၂၀၂၁

တော်လှန်ရေးကာလ ညီညွတ်ရေးအကြောင်း ပြောကြပါတယ်။ ဘုံရန်သူနဲ့ ဘုံပန်းတိုင်အကြောင်းလည်း ပြောကြပါတယ်။ ဘုံရန်သူသည် အာဏာသိမ်းစစ်အုပ်စုဖြစ်ပြီး၊ ဘုံပန်းတိုင်သည် ဖက်ဒရယ် ဒီမိုကရေစီဖြစ်တယ်လို့ သဘောထားကြပါတယ်။ သဘောထားကွဲမှုတွေကို ကြားရတဲ့အခါ ညီညွတ်မှု ပျက်ပြားလေပြီလားဆိုပြီး စိုးရိမ်ကြပါတယ်။ တစ်ခုတော့ သတိပြုသင့်တာက တော်လှန်ရေးကာလလို့ ဆိုပေမယ့်၊ ဘုံရန်သူ ရှိနေပေမယ့် ကျနော်တို့ တည်ဆောက်ရမည့် ညီညွတ်မှုဆိုတာ အလုံးစုံ တစ်သံတည်းထွက်တဲ့ ညီညွတ်မှုဖြစ်ဖို့ မဟုတ်ဘူးဆိုတာပါပဲ။ မတူညီတဲ့ နောက်ခံ၊ ရပ်တည်ချက်တွေကို တော်လှန်ရေး ခေါင်းစဉ်အောက်မှာ ရောမွှေပြီး တစ်ခုတည်းဖြစ်အောင် လုပ်လို့မရပါဘူး၊ လုပ်ဖို့လည်း မသင့်ပါဘူး။ ဒီတော့ ဘယ်လိုညီညွတ်မှုမျိုးကို တည်ဆောက်ရမှာလဲဆိုတာ မေးစရာရှိလာပါတယ်။ “အလုပ်ဖြစ်တဲ့ ညီညွတ်မှု”ကို တည်ဆောက်ဖို့ လိုပါတယ်။
နွေဦးတော်လှန်ရေးမှာ တာဝန်နှစ်ရပ် ရှိပါတယ်။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးဖြစ်ပါတယ်။
ဒီတာဝန်နှစ်ရပ်အတွက် “အလုပ်ဖြစ်တဲ့ ညီညွတ်ရေး” အမှတ်တစ်ကတော့ တော်လှန်ရေးကာလမှာ ပါဝင်ကြတဲ့ အင်အားစုအသီးသီးဟာ စစ်အုပ်စုကို ပြုတ်အောင် အတူတူတိုက်မယ်၊ အတူတူပေါင်းတာဝန်ခံမယ်၊ အတူတူ ခံစားကြမယ်၊ အတူတူ စံစားကြမယ်ဆိုတဲ့ ညီညွတ်ရေးကို လိုအပ်ပါတယ်။ တော်လှန်ရေးရဲ့ သက်ရောက်မှုက လူသန်းပေါင်းများစွာ၊ မျိုးဆက်ပေါင်းများစွာကို သက်ရောက်မှာဖြစ်တဲ့အတွက် အင်မတန်ကြီးလေးပါတယ်။ ဒီတာဝန်ကို တစ်ဦးတစ်ဖွဲ့တည်းက တာဝန်ခံလို့မရပါဘူး။ တစ်ဦးတစ်ဖွဲ့တည်းက တိုက်လို့လည်း မနိုင်နိုင်ပါဘူး။ ပေါင်းတိုက်ပြီး၊ ပေါင်းတာဝန်ခံရမှာပါ။ အဲ့ဒါကြောင့် ဒီတော်လှန်ရေးကာလမှာ အနိမ့်ဆုံးရှိရမယ့် ညီညွတ် ရေးကတော့ စုပေါင်းပြီး တာဝန်ခံကြမယ်၊ စုပေါင်းပြီး နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်ကြမယ်ဆိုတဲ့အချက်ဖြစ်ရပါမယ်။ တစ်ဖွဲ့တည်းကပဲ ဦးဆောင်ရမယ်ဆိုရင်တော့ တော်လှန်ရေး မအောင်မြင်နိုင်ပါဘူး။
နောက်ထပ်ရှိရမယ့် ညီညွတ်ရေးကတော့ တော်လှန်ရေးကာလအပြီး တိုင်းပြည်တည်ဆောက်ရေးကို ဘယ်လိုလုပ်ကြမလဲဆိုတဲ့ နည်းလမ်းကို အားလုံးညီညီမျှမျှ သဘောတူထားကြရပါမယ်။ ဖွဲ့စည်းပုံက ဖျက်ပြီးပြီဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအသစ်ကို ရေးရမှာပါ။ ဖွဲ့စည်းပုံအသစ်ဟာ နောင်လာမယ့်မျိုးဆက်ပေါင်းများစွာရဲ့ နိုင်ငံရေးမှာ ကစားပွဲစည်းမျဉ်းစည်းကမ်းအနေနဲ့ ရှိနေမှာပါ။ ဒါကို မျှတတဲ့ စည်းမျဉ်းစည်းကမ်းဖြစ်အောင် ဘယ်လိုပုံဖော်မလဲဆိုတာ အခုကတည်းက သဘောတူထားကြဖို့ဖြစ်ပါတယ်။
ဒီနှစ်ချက်ကိုပဲ သဘောတူနိုင်ရင် တော်လှန်ရေးဟာ အောင်နိုင်ရေးရော၊ တည်ဆောက်ရေးအတွက်ပဲ ပြင်ဆင်ပြီးဖြစ်ပါလိမ့်မယ်။ ညီညွတ်ရေးဆိုတဲ့ စကားလုံးကို တော်လှန်ရေးကာလမှာ အဖွဲ့အစည်းမျိုးစုံ၊ ပုဂ္ဂိုလ်မျိုးစုံက အဓိပ္ပာယ်အမျိုးမျိုးနဲ့ သုံးကြပါတယ်။ “အလုပ်ဖြစ်တဲ့ ညီညွတ်ရေး” ဆိုတဲ့ ရှုထောင့်ကကြည့်မယ်ဆိုရင် တွေးတောရှုမြင်ရတာ ပိုရှင်းမယ် ထင်ပါတယ်။