• Today is: Friday, August 12, 2022

မြန်မာ့နိုင်ငံရေးဖြစ်စဥ်များထဲက Legitimacy နဲ့ de facto

မြန်မာ့နိုင်ငံရေးဖြစ်စဥ်များထဲက Legitimacy နဲ့ de facto

‌‌မောင်မောင်စိုး (သုံးသပ်ချက် ဆောင်းပါး)

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၇၊ ၂၀၂၁

မြန်မာ့ပြည်နိုင်ငံရေးဖြစ်စဉ်တွေမှာ legitimacy နဲ့ de facto အားပြိုင်မှု ဖြစ်ပွါးတာ သုံးကြိမ်ရှိပြီဆိုတာတွေ့ရပါတယ်။ Legitimacy ကို တရားဝင်ဖြစ်ခြင်းလို့ ပြန်ဆိုကြပြီး De facto ကိုတော့ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ လက်တွေ့အုပ်ချုပ်နေခြင်းလို့ပြန်ဆိုကြတာတွေ့ရပါတယ်။

ပထမဆုံးအကြိမ် legitimacy ကိုအသုံးပြုတာကတော့ ဦးနု ဖြစ်ပါတယ်။ ဦးနုဟာ ဝန်ကြီးချုပ်တာဝန်ယူနေစဉ် ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခံရပြီး အဖမ်းခံရပါတယ်။ ၁၉၆၆ မှာ ပြန်လွတ်ခဲ့ပြီး ၁၉၆၉ ခုနှစ် ဖေဖဝါရီမှာ ဗိုလ်နေဝင်းဆီပေးစာ တစောင်ပို့ပြီး legitimacy အရ သူကို ဝန်ကြီးချုပ် ပြန်ခန့်အပ်ပြီး မျက်သိမ်းခံရတဲ့လွှတ်တော်ပြန်ခေါ်ခါ ပြသနာဖြေရှင်းဖို့တောင်းဆိုခဲ့ပါတယ်။ လန်ဒန်မြို့မှာ သူသာတရားဝင် ဝန်ကြီးချုပ်ဖြစ် ကြောင်း ကြေညာခဲ့ပါတယ်။ ဗိုလ်နေဝင်းက ပယ်ချခဲ့ပါတယ်။ တဖန် ၁၉၈၈ အရေးအခင်းကာလမှာ ဦးနုဟာ legitimacy အရ သူသာဝန်ကြိးချုပ်ဖြစ်ကြောင်းကြေညာပြီး ကြားဖြတ်အစိုးရဖွဲ့ခဲ့ပါ‌သေးတယ်။

ဒုတိယအကြိမ် legitimacy အရ အစိုးရဖွဲ့တာကတော့ ၁၉၉၀ ဒီဇင်ဘာလမှာဖွဲ့စည်းခဲ့ပြီး ၂၀၁၂ စက်တင်ဘာလမှာ ဖျက်သိမ်းခဲ့တဲ့ NCGUG National Coalition Government of Union of Burma ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အခြေခံပေါ်ကရယူတဲ့ legitimacy ဖြစ်ပါတယ်။

တတိယအကြိမ် legitimacy အရဖွဲ့စည်းတာကတော့ ၂၀၂၁ ထဲမှာဖွဲ့စည်းတဲ့ CRPH- Committee Representing Pyidaungsu Hluttaw ပြည်ထောင်စုလွှတ်တော် ကိုယ် စားပြုကော်မတီနဲ့ နဲ့ National Unity Government- NUG အမျိုးသားညီညွတ်ရေးအစိုးရ ဖြစ်တယ်လို့ဆိုရပါမယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပေါ်က ရယူတဲ့ legitimacy ဖြစ်ပါတယ်။

 
သုံးကြိမ်စလုံးမှာ de facto ရယူတာကတော့ “တပ်” ကဖြစ်ပါတယ်။ တကြိမ်နှင့်တကြိမ်တော့ အခြေအနေအချိန်အခါ မတူညီဘူးလို့ဆိုရပါမယ်။