• Today is: Thursday, April 18, 2024

မောင်တောမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်

မောင်တောမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်
~~~~~~
ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၀၊ ၂၀၂၁
■ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ရေနောက်ငါးသားကျေးရွာနဲ့ ငါးမိုင်လောက်ဝေးတဲ့ တောင်တန်းမှာ နိုင်ဝင်ဘာလ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) က ထိန်ချုပ်ထားတဲ့နယ်မြေထဲကို စစ်တပ်က ဝင်လာတာကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရေနောက်ငါးသားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုသာထွန်းလည်း ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ လက်နက်ကြီးပစ်သံ သုံးချက်ကိုပါကြားရတယ်လို့ ပြောပါတယ်။
ဒီတိုက်ပွဲကြောင့် အဲဒီနေရာက ဒေသခံတွေလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ယခုဖြစ်ပွားခဲ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရတယ်ဆိုပြီး ဒေသခံတချို့တွေဆီကနေ သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုသာထွန်းကတော့ တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာ မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ အလယ်ရွာ၊ အထက်ရွာရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက လူတွေမနေတော့တာကြောင့် အခုလက်ရှိ တိုက်ပွဲဖြစ်တာနဲ့ ပတ်သက်လို့ အသေးစိတ်အခြေအနေကို မသိရဘူးလို့လည်း ပြောပါတယ်။
“တနှစ်နီးပါး ပြည့်တော့မယ့် ရခိုင်ဒေသက စစ်မြေပြင်ဟာ၂၀၂၁ နိုဝင် ဘာလ ၉ ရက်နေ့တွင် မောင်တောမြောက်ပိုင်း၌ သေနတ်သံစမြည်ခဲ့ပြီး အသေအပျောက်များရှိသည်မှာ ရခိုင်စစ်မြေပြင်မှ သတိပေး ခေါင်းလောင်းသံ ထိုးလိုက်ပြီလားဟူ၍” ဦးမောင်မောင်စိုးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ရေးပါတယ်။
“အလွတ်သဘော ညှိနှိုင်းသဘောတူညီချက်ဖြင့် အပစ်ရပ်ထားခဲ့ကြတဲ့ ကာလတွင် ဖြစ်ပွားလာသည့် တိုက်ပွဲကို ညှိနိုင်းမှုများ ပြုလုပ်နေဆဲဖြစ်သကဲ့သို့ ညှိနှိုင်း၍ မရနိုင်ပါကလည်း ဆက်လက်တိုက်ပွဲဖြစ်ပွါးနိုင်သည်။
အပစ်ရပ်ထားသောစစ်မြေပြင်တွင် တနေရာရာတွင် တိုက်ပွဲဖြစ်ပွါးသည်နှင့် ဒေသအားလုံးရှိတပ်အားလုံးကို အသင့်အနေအထားသို့ တပ်လှန့်ထားသည်ဖြစ်ရာ ညှိနှိုင်းမရပါက ထိုတနေရာထဲတွင် တိုက်ပွဲဖြစ်ပွါးနေမည်မဟုတ်ဘဲ စစ်ပွဲသည် ရခိုင်ပြည်နယ်တခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားနိုင်ပေသည်ဟု” ဦးမောင်မောင်စိုးက သုံးသပ်ရေးသားထားပါတယ်။
ယင်းတိုက်ပွဲနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA)အနေနဲ့ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ အသေးစိတ်ကို ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလကစလို့ အချိန်တစ်နှစ်ကျော် ရပ်စဲနေတာဖြစ်ပါတယ်။
ရခိုင်ဒေသက စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးသွားတဲ့ အရပ်သား ၃၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ဦးအထိရှိခဲ့ပါတယ်။ စစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော်ဟာလည်း အထိအချိန် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) က ပြောထားပါတယ်။
ကိုးကား – RFA Burmese, Mg Mg Soe, Local person
Credit – Photo