• Today is: Friday, March 29, 2024

CRPH နှင့် ဗိုလ်ချုပ်ဂွန်မော် ပါဝင်သည့် KPICT အဖွဲ့ တွေ့ဆုံဆွေးနွေး

CRPH နှင့် ဗိုလ်ချုပ်ဂွန်မော် ပါဝင်သည့် KPICT အဖွဲ့ တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၄ ၊ ၂၀၂၁
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ၏ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်ဂွန်မော်ပါဝင်သော ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း CRPH ၏ ထုတ်ပြန်ချက်အရသိရသည်။
မနေ့က နိုဝင်ဘာလ ၁၃ ရက်တွင် CRPH နှင့် တွေ့ဆုံဆွေးနွေးခဲ့သော KPICT အဖွဲ့၌ ဗိုလ်ချုပ် ဂွန်မော်နှင့် အတူ အဖွဲ့ဥက္ကဌဖြစ်သူ ဦးတူးရှန်၊ အတွင်းရေးမှူး ဦးအင်ဆန်ဂွမ်ဆန်နှင့် တွဲဘက်အတွင်းရေးမှူးဖြစ်သူ ဦးခွန်းအောင်တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
CRPH ဘက်မှ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ဦးထွန်းမြင့်၊ ဒေါ်ဖြူဖြူသင်းနှင့် မိုင်းလမင်းထွန်းအစရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် ၂ ဖက်သဘောတူချုပ်ဆိုခဲ့သော “ကြားကာလသဘောတူစာချုပ်” ချုပ်ဆိုပြီးနောက် ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေး အခြေအနေများ နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ နိုင်ငံတကာနှင့်ချိတ်ဆက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
CRPH ၏ ထုတ်ပြန်ချက်အရ ၎င်းတို့ကြား ရှေ့ဆက်၍ ၂ ဖက်ပုံမှန်တွေ့ဆုံရန်လည်း အတည်ပြုခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်တုန်းကလည်း အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးရာပြည့်က ကချင်ဘာသာရေးခေါင်းဆောင်များ၊ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များနှင့်တွေ့ဆုံကာ KIA အပါအဝင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်အကြား နှစ်ဖက်အပစ်အခတ်ရပ်စဲမှု သဘောတူညီနိုင်ရေး ကြားဝင်ညှိနှိုင်းပေးရန် ပြောဆိုခဲ့သော်လည်း အဆင်ပြေမှု မရခဲ့သေးပါ။