• Today is: Friday, March 29, 2024

ဖက်ဒရယ်ဂျာနယ်ရဲ့ သီးသန့် ဆက်သွယ်မေးမြန်းချက် အစီအစဉ်

ဒီတပတ်မှာတော့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC)ရဲ့ အဖွဲ့ဝင်တဦးနဲ့ ဖက်ဒရယ်ဂျာနယ် သီးသန့် ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်လိုက်ပါတယ်။

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၅၊ ၂၀၂၁

မေး။ ။ ပထမဆုံးအနေနဲ့ ဆရာတို့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) အဖွဲ့ကို ဘယ်လို ပုံစံနဲ့ ဖွဲ့စည်းထားသာကို အရင်ဦးဆုံးပြောပေးပါ။

ဖြေ။ ။ မွန်ပြည် ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC) ဆိုတာ ပြည်နယ် ကိုယ်စားပြု ကော်မတီ ဖြစ်တယ်။ အာဏာရှင် စနစ်ကို တိုက်ဖျက်ရေး၊ မွန်ပြည်နယ်သူပြည်နယ်သားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ပြည်နယ်အစုအဖွဲ့ အနေနဲ့ ဆောင်ရွက်ဘို့ ရည်ရွယ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဆိုတော့ အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ရရှိရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုသည့် နိုင်ငံရေး ရည်မှန်းချက်၊ ရပ်တည်ချက်၊ မူဝါဒလမ်းစဉ်များကို လက်ခံနိုင်သော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် မွန်ပြည် ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မေး။ ။ တစ်ချို့တိုင်းရင်းသားအုပ်စုက ဖက်ဒရယ်အဆင့်ကို ကျော်ပြီး စဉ်းစားနေတယ်လို့ ကြားရတယ်။ တချို့အဖွဲ့ကတော့ Pre-Panglong ကို ပြန်သွားချင်တာမျိုးပေါ့။ ဆိုတော့ ဆရာတို့ အဖွဲ့က ဘယ်လိုသွားဖို့ စဉ်းစားထားပြီလဲ။

ဖြေ။ ။မွန်ပြည် ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ အန္တိမရည်ရွယ်ချက်ပန်းတိုင်က ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဘဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထဲမှာ မွန်ပြည်သူ ပြည်သား များ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေး အပြည့်အဝရှိသည့် မွန်ပြည်နယ်ကို ဖော်ထုတ်ဘို့ ဖြစ်ပါတယ်။ ကျနော် တို့မြင်တာက ကျနော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့စနစ်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပါတယ်။ ဖက်ဒရယ် စနစ်ကသာလျှင် ကျနော်တိုနိုင်ငံရှိ တိုင်းရင်းသားများ၏တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး ကို ဖော်ဆောင်နိုင်မှာဖြစ်ပြီး ပြည်ထောင်စုစနစ်ကသာလျှင် တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားမှု ကို ညီညွတ် မှုအဖြစ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ NUG/NUCC နဲ့ ချိတ်ဆက်ဆောင်ရွက်မှုရှိပါသလား။ ဘယ်အဆင့်ထိ ချိတ်ဆက်ထားမှု ရှိပြီလဲ။

ဖြေ။ ။ MSICC အနေနဲ့ MSICC ရဲ့ လုပ်ငန်းစဉ်ထဲမှာ အာဏာရှင် စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် နိုင်ငံရေး ရည်မှန်းချက်၊ ရပ်တည်ချက်၊ မူဝါဒ လမ်းစဉ်များကို လက်ခံနိုင်သော ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းများနှင့်အဆို ပူးပေါင်းသွားမယ်ဆိုတာ အတိတကျဖော်ပြထားတယ်။ ဒီတော့ NUG/NUCC နဲ့မကပါဘူး။ ဒီရည်မှန်းချက်၊ ရက်တည်ချက်တူတဲ့ မည်သည့် အဖွဲ့အစည်းမဆို ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ဆရာတို့အနေနဲ့ ပြည်နယ်အစိုးရ ဖွဲ့ဖို့ အစီအစဉ်ရှိပြီလား။ ဘယ်လိုပြင်ဆင်ထားပါသလဲ။ NUG နှင့် အနိုင်ရပါတီ/ကိုယ်စားလှယ်များအခန်းကဏ္ဍကို ဘယ်လိုထည့်သွင်း စဉ်းစားထားပါသလဲ။

ဖြေ။ ။ လောလောဆယ် ဒီကိစ္စပြောဘို့ စောပါသေးတယ်။

မေး။ ။ အခုဆိုရင် လူထုလှုပ်ရှားမှုတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ နည်းလမ်းတစ်ခုတည်း မဟုတ်တော့ဘဲ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်အထိကို ဉီးတည်လာနေတာပါပြီ။ အဲဒါဟာ ဆယ်စုနှစ် သုံးခုကြာ ဒေါ်အောင်ဆန်းစုကြည့် ကိုင်စွဲထားတဲ့ လမ်းစဉ်မဟုတ်လေတော့ အကယ်၍ သူလွတ်လာရင် NUG/NUCC နဲ့ လက်ရှိ နွေဉီးတော်လှန်ရေး အပြောင်းအလဲ၊ အက်ကြောင်း သို့မဟုတ် ဂယက်ရိုက်မှု ရှိနိုင်မလား။

ဖြေ။ ။ မြန်မာပြည်သူတစ်ရပ်လုံးက အာဏာသိမ်းမှုကို အကြမ်းမဖက်သည့်နည်းလမ်းဖြင့် ဆန့်ကျင်ခဲ့တာပါ။ ဒါကို အာဏာသိမ်းစစ်ကောင်စီက အင်အားဖြင့် ရက်စက် အကြမ်းဖက် ပစ်ခတ်နှိမ်းနင်းသည့်အတွက် လူထုက လက်နက်ကိုင်ခုခံသည့်နည်းလမ်းကို မဖြစ်မနေရွေးချယ်ရတာပါ။ လက်နက်ကိုင်တော်လှန်ရေးနည်းကို စစ်တပ်က တွန်းပို့လိုက်တာပါ။ ဒါကို ပထမဦးဆုံးအချက်အနေနဲ့ သိထားစေချင်ပါတယ်။ နောက်တစ်ခုက မြန်မာ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်နဲ့ ပြည်သူလူထု၏တိုက်ပွဲပါ။ ပြည်သူလူထုတစ်ရပ်လုံးက အာဏာရှင်ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးပါ။ ဒါကို မြန်မာလူထုသာမက ကမ္ဘာကပါ လက်ခံထားသည့် အချက်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အာဏာသိမ်းကတည်းက အဖမ်းခံရတာပါ။ နွေဦးတော်လှန်ရေး၊ လက်ရှိ လက်နက်ကိုင် ခုံခံတော်လှန်ရေးနဲ့ ပတ်သက်ပြီး သူမ ဘာမှ ပြောဆိုထားတာမရှိပါ။ အရင်က အကြမ်းမဖက် နည်းလမ်းကို ကျင့်သုံးတာက အရင်အခြေအနေပါ။ အခုအခြေအနေမှာ ဒေါ် အောင်ဆန်းစု ကြည်အနေနဲ့  ဘာမှ ပြောဆိုထားတာမရှိတော့ အချို့လူတွေက ကြိုတင်ကောက်ချထားသလို ခန့် မှန်းပြောဆို တာက မသင့်ဘူးလို့ထင်ပါတယ်။

 NUG/NUCC နဲ့လည်း ဖက်ဒရယ်ချာတာက ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း စစ်အာဏာရှင် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရေးကို လုပ်ဆောင်နေပါတယ်။ အဲဒီလမ်းပြမြေပုံအတိုင် တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အာစု သပိတ် လူငယ် စသည့်အင်အားစုအသီးသီးနဲ့ လက်တွဲအကောင်အထည်ဖော်နေပါတယ်။ ဒါကို လူထုတစ်ရပ်လုံးက ထောက်ခံပြီး မျော်လင့်ချက်ကြီးမားစွာနဲ့ မျော်လင့်နေပါတယ်။ ဒါကြောင့် စစ်အာဏာရှင် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရေး နိုင်ငံရေးလမ်းပြမြေပုံကို ဘယ်သူတစ်ဦးတစ်ယောက်ကြောင့် သက်ရောက်မှု ဂယက်ရိုက်မှု မရှိနိုင်ပါဘူး။

မေး။ ။ CRPH ရဲ့ Federal Democracy Charter (FDC) မှာ တိုင်းရင်းသားတွေလိုလားတဲ့‘အခြေခံမူ”တွေက တော်တော်လေးတော့ ပြည့်စုံပြီးပေါ့နော်။ သို့သော် တိုင်းရင်းသား တစ်ချို့လိုလားတဲ့ “နိုင်ငံတော်နာမည်ကို လူမျိုး တစ်ခုတည်းအခြေမခံဘဲ နာမည်သစ်နဲ့ ပြောင်းလဲရေးနဲ့ ဗမာ(မြန်မာ) လူမျိုးအခြေခံသော ပြည်နယ်ထားရှိရေး စတဲ့ အဆင့်ထိ လိုက်လျောဖို့က ဗမာ(မြန်မာ)နိုင်ငံရေးခေါင်းဆောင်များဘက်က လိုက်လျော်နိုင်မလား။

ဖြေ။ ။ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ အခြေခံမူတွေ အလွန်အရေးကြီးပါတယ်။ အခု Federal Democracy Charter (FDC) မှာ တိုင်းရင်းသားတွေရဲ့လိုလားချက်တွေက အတော်လေး ပြည့်စုံပါတယ်။ နိုင်ငံအမည်ပြောင်းတာတို့ ဗမာ(မြန်မာ)လူမျိုးပြည်နယ်ဘဲဖြစ်ဖြစ်  ပြည်နယ်အသစ်သတ်မှတ်တာဘဲဖြစ်ဖြစ် ကျနော်တို့ကြားမှာ ညှိနှိုင်းယူလို့ ရနိုင်ပါတယ်။ အမြင်မတူတာတွေက ဆွေးနွေးညှိနှိုင်းမှုကနေ လုပ်ဆောင်လို့ ရပါတယ်။ အရေးကြီးတာက ပြည်ထောင်စုလို့ပြောရင် ပြည်ထောင်စုအတွင်းမှ ရှိနေတဲ့ တိုင်းရင်းသား လူမျိုးအားလုံး တန်းတူအခွင့်အရေးကို ဖော်ဆောင်နိုင်တဲ့ အခြေခံမူတွေ ရှိဘို့ဖြစ်ပါတယ်။ ဒါက နိုင်ငံရဲ့ အမည်နာမအထက် ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။