• Today is: Thursday, March 28, 2024

စစ်ကောင်စီ အနေဖြင့် နိုင်ငံတကာအဆင့်ရှိသည့် ပြစ်မှုကြီးများ ကျူးလွန်နေကြောင်း ICNCC ပြော

စစ်ကောင်စီ အနေဖြင့် နိုင်ငံတကာအဆင့်ရှိသည့် ပြစ်မှုကြီးများ ကျူးလွန်နေကြောင်း ICNCC ပြော

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၈၊ ၂၀၂၁

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာမှ လသားအရွယ် ကလေးမိခင် နှင့် ကိုယ်ဝန်ဆောင် မိခင် တို့အား စစ်ကောင်စီ တပ်သားတို့သည် ရက်သတ္တပတ်ကြားတွင် မိသားစုဝင်များ ရှေ့တွင် အကြိမ်ကြိမ် အဓမ္မပြု ကျင့်ခဲ့ ကြောင်း သိရသည်။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ၏ ပြောဆိုချက်အရ ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၁၁) ရက်နေ့ည ၁၁ နာရီခန့်နှင့် နိုဝင်ဘာလ (၁၂) ရက်နေ့ မနက် ၂ နာရီခန့်တို့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာမှ ကလေးလေးယောက်၏မိခင်ဖြစ်ပြီး လက်ရှိကိုယ်ဝန် ခုနှစ်လလွယ်ထားသူအသက် ၃၀ အရွယ် ချင်းအမျိုးသမီးတစ်ဦးနှင့် ယင်းကျေးရွာမှပင် တစ်လခွဲအရွယ် ကလေး ၏မိခင်ဖြစ်သူ ချင်းအမျိုးသမီး တစ်ဦးတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့၏ခင်ပွန်းသည် များရှေ့တွင် အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်။

ထို့နောက် ယင်း ဖြစ်စဉ်နဲ့ မရှေးမနှောင်းမှာပင် ဆွေးမျိုးတော်စပ်သူ ယောင်းမ တစ်လခွဲအရွယ်ကလေး၏ မိခင်ဖြစ်သူအား အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးက လည်းကောင်း ၎င်းတို့ ၏ မိသားစုဝင်များအား ရိုက်နှက်ခြိမ်းခြောက်ချုပ်နှောင်ကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ အဖိုးတန် လက်ဝတ် တန်ဆာများကိုပါ လုယက်ခြင်းများ လည်းပြုလုပ်ခဲ့ကြသည်ဟု ပြောသည်။

ထို့ပြင် ၎င်းတို့ ပြုကျင့်သောကိစ္စများကိုထုတ်ဖော်ပြောဆိုပါက ကာယကံရှင်နှင့် မိသားစုဝင်များကို သတ်ပစ် မည်ဟူ၍ အသက် အန္တရာယ်ခြိမ်းခြောက်ခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု ပြောသည်။

အပ်လွယ်ရွာမှာ မီးတွင်းနေ ၁ လခွဲအရွယ်ကလေးရဲ့ မခင်တစ်ယောက်ကို နိုဝင်ဘာလ ၁၁ ရက်ညက စစ်သား ၃ ယောက်ကအကြိမ်ကြိမ် အဓမ္မပြုကျင့်တဲ့သတင်းကို အရင်နေ့တွေမှာ ရေးသားဖော်ပြထားပါတယ်။ မီးတွင်းနေတဲ့ အမျိုးသမီးဟာ အခု ကိုယ်ဝန်သည်အမျိုးသမီး ယောကျ်ားရဲ့ ညီမဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ကျူးလွန်ခံရတဲ့ ကာယကံရှင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ဖြစ်စဉ်နဲ့ စပ်လျဉ်း၍ အခုလိုပြောပါတယ်။

“၁၀ နာရီခွဲလောက်မှာ ကျမတို့ အိမ်ထဲကိုဝင်လာကြတယ်။ ပိုက်ဆံရှိလာလို့မေးတယ်။ မရှိရင်ရတယ်ဆိုပြီး ပြန်ထွက်ကြတယ်။ နောက်ထပ် ပြန်လာတဲ့ချိန်က ၁၁ ခွဲလောက်ဖြစ်မယ်။ နံကပ်ပေး။ မပေးရင်ပစ်သတ်မယ်တဲ့။ ကျမ ယောကျ်ားကို ကြမ်းပြင်မှာမှောက်ခိုင်းတယ်။ သေနတ်ဒင်နဲ့ ခေါင်းကိုထုတယ်။

ခြေထောက်နဲ့ကန်။ ကျမကို ရေချိုးခန်းမှာ ၂ ယောက်စလုံးက တလေ့စီ အဓမ္မပြုကျင့်တယ်။ ပြီးတော့ ဝမ်းသာလာလို့မေးတော့ ဝမ်းမသာဘူး ပြောရင်လည်း တခုခုလုပ်မှာကြောက်တာနဲ့ ဘာမှပြောစရာမရှိလို့ ဟုတ်ကဲ့လို့ ပြန်ဖြေရတယ်။ အိမ်ထဲကနေ အထွက်မှာ ယောကျ်ားကို ထပ်ရိုက်ပြီး သွေးထွက်တယ်။

ဒုတိယကြိမ်ထပ်လာက မနက်ပိုင်း ၂ နာရီခွဲလောက်ဖြစ်မယ်။ အိမ်တံခါးကိုဖွင့်ခိုင်းတယ်။ မဖွင့်ရင်ပစ်မယ်လို့ ခြိမ်းခြောက်၊ အမျိုးသားက ခေါင်းနဲ့ပါးစပ်ကနေ သွေးထွက်လို့ အိပ်ယာကနေမထနိုင်တော့ဘူး။ ရေချိုးခန်းမှာ ကျမကို အဲ့ ၂ ကောင်ကပဲ ထပ်ကျင့်ကြတယ်။ မအင်္ဂါကိုက်လို့သွေးထွက်သွားတယ်။ အခုထိနာသေးတယ်။ အိမ်ထဲက ဆေးလိပ်ဗူးလည်းပစ်ပေါက်တယ်။ ဓာတ်မီးနဲ့မျိုးသားခေါင်းရိုက်ကို ထပ်ရိုက်ကြတယ်။ အရက်လည်း နံတယ်။ အရက်ပုလင်းတွေလည်းပါတယ်။ ဟိုဘက်က မိန်းကလေးပြုကျင့်တဲ့သူနဲ့ စစ်သားတွေနဲ့ လူက အတူတူပဲ” လို့ပြောပါတယ်။

ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံချင်းအမျိုးသမီးနှစ်ဦးအား မတရားပြုကျင့် သောကိစ္စ သည် ကာယကံရှင်အမျိုးသမီးများနှင့် ၎င်းတို့၏မိသားစုဝင်များကိုသာမက ချင်းလူမျိုးများအပေါ် တွင်ပါ ကျုးလွန် သည့် လူသားမျိုးနွယ်ကိုထိခိုက်သောပြစ်မှု (Crime against humanity) ဖြစ်ကြောင်း ICNCC က ပြောသည်။

တိုင်းရင်းသားနယ်မြေများ၌ လူနည်းစုတိုင်းရင်းသူ အမျိုးသမီးများကို မတရားပြုကျင့်မှုအား စစ်ရေးဗျုဟာ တစ်ရပ်အဖြစ် အစဥ်အဆက်လက်ခံခွင့်ပြုခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၏ အထက်ပါလုပ်ရပ်ကို လူမျိုးတုန်းရှင်းလင်းမှု (ethnic cleansing) လုပ်ဆောင်ချက်အဖြစ် ICNCC အနေဖြင့် ရှုမြင်သုံးသပ်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောသည်။

အပ်လွယ်ကျေးရွာမှ ချင်းအမျိုးသမီးနှစ်ဦးအပါအဝင် ချင်းဒေသအသီးသီးရှိအမျိုးသမီးများ၊ မွန်မြတ်သော မိခင်များ၏ ဂုဏ်သိက္ခာကိုကာကွယ်မြှင့်တင်ရန်၊ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်ရိုင်းစိုင်းသောအပြုအမူ များ ချင်းဒေသနှင့် ဤပြည်ထောင်စုမှ အမြစ်ဖြတ်နိုင်ရန်အတွက် ယခုရာဇဝတ်မှုကို ကျူးလွန်သူများနှင့် အဆင့် ဆင့်တာဝန်ရှိသူများအား တရားဥပဒေရှေ့မှောက်ပို့ဆောင်ကာ တရားမျှတမှုကို ဆောင်ကျဉ်းနိုင်ရေး မိမိတို့ ကောင်စီအနေဖြင့် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ထုတ်ပြန် ပြောဆိုထားပါတယ်။

နိုဝင်ဘာလ (၇)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာ၌ အသက် (၆၀)ကျော်အရွယ် ခြံစောင့် အမျိုးသမီးအို တစ်ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့်ခဲ့မှုကြောင့် တိုင်ကြားခဲ့ရာ စစ်ကောင်စီတပ်က အဆိုပါတပ်သားအား အရေးယူမည်ဟု နိုဝင်ဘာလ (၁၁)ရက်နေ့က သတင်းထုတ်ပြန်ထားခဲ့သေးသည်။

Ref – ICNCC / ZALEN