• Today is: Friday, April 19, 2024

ကရင်နီ ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ကြုံတွေ့နေရသည့် အခြေအနေကို PKPF တင်ပြ

ကရင်နီ ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ ကြုံတွေ့နေရသည့် အခြေအနေကို PKPF တင်ပြ

ဖက်ဒရယ်ဂျာနယ်

နိုဝင်ဘာ ၂၀၊ ၂၀၂၁

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင်း စစ်အာဏာရှင်စနစ် မလိုလားသည့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာမှ မလွဲတာမရှောင်နိုင် လက်နက်ကိုင်၍ စစ်ကောင်စီကို ယနေ့အချိန်ထိ ပြန်လည် ခုခံနေရသည့် ကရင်နီဒေသတွင် စစ်ရေးတင်းမာမှု အကြီးမားဆုံး ဒေသတခုအဖြစ် ဖြစ်နေပါတယ်။ စစ်ရေးတင်းမာမှုများ၏ နောက်ဆက်တွဲအနေဖြင့် ဒေသခံ ပြည်သူလူထုများသည် စစ်ပွဲတွင်း တစာခံအဖြစ် အသုံးချမှုများ ကြုံတွေ့ နေရတက်သည်။ ဒီအခြေအနေများကို မြေပြင်ကွင်းဆင်းပြီး တစိုက်မတ်မတ် မိမိအမျိုးသားရေး အသိစိတ်တခုတည်းဖြစ် စစ်အာဏာရှင် စနစ်ကို မလိုလားသော ကရင်နီလူငယ်တချို့ကစုဖွဲ့ကာ မည်သည့်ထောက်ပံ့မှုမှမရှိဘဲ စစ်ပွဲတွင်း ဒေသခံလူထုများ လူ့အခွင့်အရေးချိုးဖောက် ခံရမှုများကို မှတ်တမ်းတင် အချက်အလက် ကောက်ခံနေသည့် ဒေသခံ အဖွဲ့ငယ်လေး တဖွဲ့ ရှိနေသည်ကို တွေ့ရသည်။ ယင်းအဖွဲ့သည် (Progressive Karenni People Force – PKPF) ဟူသည် ကရင်နီလူငယ် အဖွဲ့ငယ်လေး တဖွဲ့ဖြစ်သည်။

ကရင်နီဒေသခံ ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပိုမိုများပြားလာသောကြောင့် နောင်တချိန်တွင် နွေဦးတော်လှန်ရေး သမိုင်းမှတ်တမ်းကောင်း တည်ရှိနေဖို့နဲ့ ကျူးလွန်သူများအနေဖြင့် မဖြစ်မနေ အပြစ်ပေး အရေးယူမှုကို ခံယူရမည် ဖြစ်သောကြောင့် အခုလို အချက်အလက်များကို တစိုက်မတ်မတ် ကောက်ခံနေရတာ ဖြစ်ကြောင်း PKPF ကော်မတီဝင် ခဂန က ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒေတာအချက်အလက်ကောက်ပြီး ထုတ်ပြန်ရခြင်းရဲ့ရည်ရွယ်ချက်က အချိန်နဲ့တပြေးညီ ကရင်နီပြည်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အကြောင်းတွေကို ပါးဘာလစ်ကို ချပြတာပေါ့။ လာမယ့်မြန်မာနိုင်ငံ အခြေအနေသစ် တစ်ခုမှာ ကျွန်တော်တို့ကရင်နီပြည်က ဘယ်လောက်ပေးဆပ်ခဲ့သလဲဆိုတဲ့ သမိုင်းမှတ်တမ်း မှတ်ရာတွေကို ချပြခြင်တာလည်းပါတယ်။ နွေဦးတော်လှန်ရေးပြီးသွားတဲ့ တစ်နေ့ကျရင် အာဇာနည်ဆိုပြီး ဘယ်သူ တွေကို သတ်မှတ်ပေးသင့်လဲဆိုတာမျိုးတွေ၊ ကျွန်တော်တို့တွေ သမိုင်းပေးတာဝန်ကို ဘယ်လောက်ထမ်း ဆောင်နိုင်ခဲ့လဲ ဆိုတဲ့ဟာမျိုးတွေ မှတ်တမ်းမှတ်ရာ ချန်ထားချင်လို့ပေါ့။ ကျွန်တော်တို့အသက်နဲ့ ချွေးနဲ့ပေးဆပ်ခဲ့ ရတော့ တော်လှန်ရေးပြီးတဲ့အချိန်ကျရင် တန်းတူရည်တူအခွင့်အရေး ပြန်ရချင်ပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်မြေ ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံတမ်းတွေကို အသက်ပေးပြီးကာကွယ်သွားခဲ့ကြတယ်ဆိုတာကို ကျွန်တော်တို့ တခြားလူမျိုးတွေကိုလည်း ချပြမယ်။ နိုင်ငံတကာကိုလည်းချပြမယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး တစ်လျှောက်လုံး မှာ ကျွန်တော်တို့ ကရင်နီတွေကပူးပေါင်းပါဝင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းမှတ်ရာ တွေကိုချပြချင်သာရယ်၊ ပြီးတော့ အခုလို ကရင်နီ ပြည်သူလူထုအပေါ် မတရား လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်ကောင်စီတပ်ကို အရေးယူ အပြစ်ပေးမှု ရရှိအောင် ဆောင်ရွက်နေကြသာ ဖြစ်ပါတယ်” ဟု ပြောပါတယ်။  

တိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်ရေးတင်းမာမှုများ ပိုမိုဆိုးဝါးသာကြောင့် စစ်ပွဲအတွင်း ဒေသခံများက တစာခံများအဖြစ်လည်း အသုံးချခံနေရတဲ့ အခြေအနေများကလည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ PKPK ကော်မတီဝင် ခဂနက ဖက်ဒရယ်ဂျာနယ်ကို ဆက်ပြောသည်မှာ ….

“စကစဖက်ကနေ ထိုးစစ်ဆင်လာလို့ ရွာထဲရောက်ရင် ရွာသားတွေကိုဖမ်းတယ်။ စစ်ဆေးမေးမြန်းတယ်။ လူသားဒိုင်းကာအဖြစ် လုပ်တာတွေရှိတယ်ပေါ့နော်။ အဲ့ဒါလူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုပဲ။ ကရင်ပြည်မှာ တိုက်ပွဲတိုင်းလိုလို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေ တွေ့နေရတယ်ပေါ့နော်။ ကျွန်တော်တို့ ကရင်နီတွေ အိမ်တလုံးဆောက်တယ်ဆိုတာက ကိုယ့်ရဲ့မျိုးဆက်သစ်တွေအထိနေဖို့ အိမ်ကောင်းကောင်းလေး ဆောက်တာတွေရှိတယ်။ အဲ့အိမ်တွေလည်း လက်နက်ကြီးထိမှန်တာ ရှိတာပေါ့။ မီးရှို့တာတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့လူထုရဲ့ဘဝက အရမ်းဆိုးရွားတဲ့အနေအထားမှာရှိပါတယ်။ လက်ရှိ ကရင်နီ ပြည်နယ်ရဲ့  လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက လက်လှမ်းမှီသလောက် ပြုစုထားတာတွေရှိပါတယ်” ဟု ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာသာကြောင့် စစ်ပြေး ဒုက္ခသည်များဟာ အခြေခံ အသုံးအဆောင်ပစ္စည်းများနဲ့ စားနပ်ရိက္ခာများ၊ ဆေးဝါးများ အရေးတကြီးလိုအပ်နေတယ်လို့ PKPK ကော်မတီဝင် ခဂန က ဖက်ဒရယ် ဂျာနယ်ကို ဆက်ပြောပါတယ်။

“အဓိက ကရင်နီပြည်အနောက်ဖက်ခြမ်း ဖယ်ခုံ၊ မိုးဗြဲ၊ ဒီမောဆိုမြို့နယ်မှာဆိုရင် ကရင်နီလူထုတွေ တော်တော် များများ ဒုက္ခရောက်နေကြတယ်။ အိမ်မီးရှို့ခံရတာတွေ၊ ဖမ်းဆီးခံရတာတွေ၊ တစ်နေရာမလုံခြုံတော့လို့ နောက်တစ်နေရာပြောင်းပြီးစစ်ရှောင် နေရတာတွေ အများကြီးရှိတာပေါ့။ ကျွန်တော်တို့ စစ်မဲ့ဇုံ သတ်မှတ်ရ တာလည်း တိတိကျကျမရှိဘူး၊ အိုးပစ်အိမ်ပစ် ထွက်ပြေးရတဲ့ပြည် သူလူထုတွေလည်း အရမ်းများနေပြီ၊ အခုထိ ဒီမောဆိုမြို့နယ်မှာဆို အိမ်မပြန်လာနိုင်တဲ့သူတွေ အများကြီးရှိသေးတယ်။ ဖယ်ခုံ၊ မိုးဗြဲဖက်မှာရောပဲ။ ကျွန်တော်တို့ကရင်နီလူထုတွေက ဒုက္ခအများကြီးရောက်တယ်။ ဘယ်နားမှာလုံခြုံမှုရှိသလဲဆိုတဲ့နေရာလည်း မရှိသလောက်ဖြစ်နေတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေလည်းရှိတယ်၊ ကလေးသူငယ်တွေလည်းရှိတယ်၊ သက်ကြီးရွယ်အို မပြေးနိုင်တဲ့သူတွေလည်းရှိတယ်။ ဆေးဝါးဆိုလည်းလုံလုံလောက်လောက်မရှိဘူး။ ယင်လုံ အိမ်သာကအစ တောထဲမှာနေတော့ ဖြစ်သလိုနေရတယ်။ စစ်ရှောင်တွေအတွက် စောင်တွေ၊ အဝတ်အစားတွေ ကအစ စားနပ်ရိက္ခာတွေကအစ ဆေးဝါးတွေကအစ အများ ကြီးလိုတယ်။ အသက်ကိုဖက်နဲ့ ထုပ်ပြီး စစ်ရှောင်ရင်း ပြေးနေရတယ်” ဟုပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လက်ရှိတွင် ကရင်နီဒေသတွင်း စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံရသည့် ဒေသခံများ ( ၁၇၄ )ဦးထက် မနည်း ရှိနေပြီး မတရား သတ်ဖြတ်ခံရသည့် အရပ်သားများ သေဆုံးသူ ( ၁၀၂ )ဦး ထိ ရှိလာပြီဖြစ်သည်။ တိုက်ပွဲများ ပြင်းထန်လာပြီး စစ်ကောင်စီတပ်၏ မဆင်မခြင် လက်နက်ကြီးများ ပစ်ခတ်မှုတို့ကြောင့် ဒေသခံ ပြည်သူများ၏ နေအိမ်များ (၄၂၁)လုံးထက် မနည်း ပျက်ဆီး ဆုံးရှုံးနေကြရပြီ ဖြစ်ကြောင်း PKPF ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘက်နှစ်ဘက် စစ်ရေးတင်းမာမှုတို့ကြောင့် ကရင်နီဒေသတွင်း ပြည်သူလူထုများက နေရပ်စွန့်ခွါ ထွက်ပြေး သိမ်းရှောင်နေရသည့် လူဦးရေ (၂)သိန်း ဝန်းကျင်ခန့် ရှိလာပြီ ဖြစ်ကြောင်းလည်း သိရသည်။