• Today is: Saturday, April 20, 2024

ကချင်ခရိုနီမိစ္ဆာများကိုချေမှုန်းပြီး မြစ်ဆုံကိုကယ်တင်ကြ (ရှတ်ဂျမ်စာစောင်)

ကချင်ခရိုနီမိစ္ဆာများကိုချေမှုန်းပြီး မြစ်ဆုံကိုကယ်တင်ကြ (ရှတ်ဂျမ်စာစောင်)

________________________

ကျွန်ုပ်တို့ ကချင်လူမျိုးများသည် ကချင်ပြည်ကို ကာကွယ်ပါ၊ ကိုယ့်အမျိုးကို ချစ်ပါ၊ ဖေးမပါ၊ အပြန်အလှန်ကူညီပါဆိုပြီး မိသားစု ညဆုတောင်းချိန် ဖြစ်စေ၊ ဘုရားကျောင်းမှာ ဖြစ်စေ ခေါင်းစဉ်ပေါင်းများစွာနဲ့ သြဝါဒခံယူခဲ့ကြရပါသည်။ သို့သော်ထိုအရာတွေဟာ ကချင်ခရိုနီများအပေါ် တော့ မသက်ဆိုင်ဘူးထင်ပါရဲ့။ ကချင်ပြည်ရဲ့ ဘယ်သယံဇာတတူးဖော်တဲ့ နေရာပဲကြည့်ကြည့် ကချင်ခရိုနီနာမည်များသည် ထိပ်ဆုံးကပင်ဖြစ်သည်။ အခုလည်း အင်မိုင်ခ၊ မလိခ၊ မြစ်ဆုံတဝိုက်နှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်ကို စက်ယန္တရားကြီးများဖြင့် တူးဖော်မှုများကြောင့် မြစ်မှာ လုံးဝကို ဝါညစ်နေပြီဖြစ်သည်။ 

မြစ်ဆုံဒေသခံများပြောကြားချက်အရ ယခုဧရာဝတီမြစ်ဆုံဒေသတွင် အဓိကရွှေတူးဖော်နေသူသည် ကချင်ခရိုနီ Yup မိသားစု၊ ပြည်သူ့စစ်ခေါင်းဆောင် လဆန်အောင်ဝါနှင့် ခက်ထိန်နန်ဥက္ကဌပြုလုပ်ခဲ့ဖူးသည့် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (KASH) တို့ အဓိက လုပ်ကိုင်နေကြသည်။ ထို့ပြင် Yupဇော်ခေါင်သည် သူ၏ခြံမှလည်း တရားမဝင်နည်းလမ်းဖြင့် တရုတ်တို့အား မြစ်ဆုံဒေသတွင် ရွှေတူးဖော်ခွင့်များလည်း ပေးထားသည်။ မြစ်ဆုံဒေသရွှေတူးဖော်မှုကို ရပ်တန့်ဖို့ရာ စစ်ဆေးနိုင်ဖို့ KIOဌာနချုပ်မှ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ (WMR)ကို တာဝန်ပေးထားသော်လည်း ယခု WMR ခေါင်းဆောင်ဖြစ်သည့် KBCဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန်နှင့်အဖွဲ့လည်း မြစ်ဆုံဒေသရွှေတူးဖော်မှုကို ရပ်တန့်ဖို့ညွှန်ကြားရန် မည်သည့် အကြောင်းကြောင့် တုန့်ဆိုင်းနေသည်ကို မသိနိုင်ပေ။

ယခုအခါတွင် Yupမိသားစု၏ မြစ်ဆုံဒေသရွှေတူးဖော်မှုကို ဖက်ဆစ်စစ်တပ် မြောက်ပိုင်းတိုင်း၏ တပ်ခွဲ (၃)ခုမှ ရွှေတူးဖော်မှုကို လုံခြုံရေးယူပေးထားကြောင်း ဒေသခံများပြောကြားချက်အရသိရှိရသည်။ Yup ဇော်ခေါင်သည် မြန်မာစစ်တပ်နှင့် KIAကြား ငြိမ်းချမ်းရေးပွဲစားပြုလုပ်ပေးသည့် Peace-talk Creation Group- PCGအဖွဲ့ဝင်လည်း ဖြစ်သည်။ ထို့အတူ ဖားကန့်တွင်လည်း Jadeland ကုမ္ပဏီနာမည်ဖြင့် ကျောက်စိမ်းလုပ်ငန်းများ များစွာပြုလုပ်နေသူဖြစ်သည်။ Yup ဇော်ခေါင်၏သား Yupနော်ကို ခက်ထိန်နန်သမီး ခက်ဆိုင်းထွယ်ပန်နှင့်လည်း ပေးစားထားသူဖြစ်သည်။ ထို့အတူ Yupဇော်ခေါင်သည် စစ်တပ်နှင့် ကေအိုင်အေနှင့်ပါ နှစ်ဖက်မျှပေါင်းကာ ကိုယ်ကျိုးရှာပြီး ကြီးပွားနေသူဖြစ်သည်။

ဖက်ဆစ်စစ်တပ်လက်အောက်ခံပြည်သူ့စစ်ခေါင်းဆောင်လဆန်အောင်ဝါသည်လည်း မြစ်ကြီးနားအရှေ့ဖက်ကမ်း မြစ်ရိုးတစ်လျှောက်မင်းမူနေပြီး သယံဇာတူရွှေတူးဖော်ရေးနှင့် လောင်းကစားဝိုင်းများ၊ ပြည့်တန်ဆာ လုပ်ငန်းများဖြင့် ကချင်အမျိုးသားရေးနာမည်ဖြင့် ကေအိုင်အေကို ဆန့်ကျင်ကာ ကိုယ်ကျိုးရှာပြီး မင်းမူနေသူ ဖြစ်သည်။

ခက်ထိန်နန်ဥက္ကဌပြုလုပ်ခဲ့သည့် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း(KASH)သည်လည်း ကချင်လူမျိုး အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဖွဲ့စည်းထားသော်လည်း ယခုထိတိုင်း ဟုတ်တိပတ်တိ မည်သည့်လုပ်ငန်းများ ပြုလုပ်ခြင်းမရှိဘဲ ယွပ်ဇော်ခေါင်၏ မြစ်ဆုံရွှေတူးဖော်ရေးတွင် အစုရှယ်ယာရှင်များ၏ ငွေများဖြင့် ပါဝင်နေသည်။ ယခုအခါတွင် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ဥက္ကဌပြုလုပ်နေသူသည် လဖိုင်ခွန်ဆဖြစ်သည်။ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတွင်လည်း ကချင်ဒိတ်ဒိတ်ကြဲ ခရိုနီများက အစုရှယ်ယာမြောက်များစွာ ပိုင်ဆိုင်ထားသည်။

မြစ်ဆုံရေကာတာရပ်တန့်ဖို့ အင်အားကြီးလှသည့် တရုတ်ကြီးကို သေးကွေးလှသည့် တန်ဖရဲရွာနှင့် ကချင်ပြည်သူများနှင့်အတူ ပြည်ထောင်စုတဝန်းလုံး လမ်းပေါ်ထွက်ကာ သမ္မတဦးသိန်းစိန်ခေတ်တွင် ရပ်တန့်နိုင်ခဲ့ကာ မြစ်ဆုံရေကာတာအရေး အနည်းငယ်သက်သာနိုင်ခဲ့သည်။ အဝေးမှရန်သူကိုသာ ကာကွယ်ဖို့ ကြိုးပမ်းနေရသဖြင့် ကိုယ့်မျက်ချေးမှ လောက်များက အချင်းချင်းဂုတ်သွေးစုပ်ကာ ကချင်ဒေသ၏ အသက်သွေးကြော် အင်မိုင်ခ၊ မလိခ မြစ်ဆုံဒေသကို ကိုယ်ကျိုးရှာကာ ဖျက်ဆီးခြင်းသည် ကချင်ပြည်သူများကို စော်ကားကာ သစ္စာဖောက်ခြင်းပင်ဖြစ်သည်။

ကချင်ပြည်သူများအနေဖြင့် အိမ်ပြင်မှ မိစ္ဆာထက် အိမ်တွင်းကြွက်ပုန်းကာ ဒုက္ခပေးနေသည့် မိစ္ဆာလောင်း ခရိုနီများကို ဆွေးမျိုးတွေကြည့်မနေဘဲ အမြန်ချေမှုန်းသင့်ပြီဖြစ်သည်။ အင်မိုင်ခနှင့် မလိခ မြစ်ဆုံပြီး ဧရာဝတီမြစ်သည် အမိကချင်ပြည်ကြီးအတွက် အသက်သွေးကြောတင်မက ဒီမြစ်ကြောင့် ကချင်ပြည်သူများ ယနေ့တိုင်ရှင်သန်ကာ ကချင့်ယဉ်ကျေးမှုများတည်တံ့နေရခြင်းဖြစ်သည်။ယခုကဲ့သို့ ကချင်ပြည်သူများ အသက်သွေးကြောဖြစ့် မြစ်ဆုံဒေသနှင့် မြစ်ရိုးသလျှောက်ကို ဖျက်ဆီးကာ ကိုယ်ကျိုးရှာ ရွှေတူးဖော်နေခြင်းသည် အဖိုးမဖြတ်နိုင်သည့် ကချင်ပြည်သူများ၏ထုံးတမ်းစဉ်လာယဉ်ကျေးမှုများ ထာဝစဉ် ပျောက်ကွယ်သွားနိုင်သဖြင့် အိမ်တွင်းဒုက္ခပေးနေသည့် မိစ္ဆာများကို အမြန်ရှင်းကာ ကချင်မြေအဓွန့်ရှည်တည်တံ့ဖို့  မြစ်ဆုံဒေသနှင့် ဧရာဝတီမြစ်ကို ကယ်တင်ကြပါစို့။

———————————————

NUG ရဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ကတော့ ကချင်ဒေသက သဘာ၀ သယံဇတ ထိန်းသိမ်းနိုင်ရေး သာမက တနိုင်ငံလုံးက သဘာ၀ သယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာများကို ထိန်းသိမ်း စီမံနိုင်ဖို့ ပြင်ဆင်နေတဲ့ အတိုင်းအတာတွေနဲ့ ပက်သတ်ပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကတဆင့် အခုလိုမှတ်ချက်ပေး ပြောထားပါတယ်။

“ကျနော့်ကို ကချင်ဒေသက သဘာ၀ သယံဇာတနဲ့ ပတ်သက်ပြီး ထိန်းချုပ်စီမံနိုင်ဖို့ မေးမြန်းမှုတွေ အများကြီးရှိနေပါတယ်။ တာဝန်ရှိတယ်လို့လဲ ခံယူထားပါတယ်။ သို့သော်လည်း ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သော်လည်းကောင်း အစိုးရတရပ်အနေနဲ့ အရင်ကလို အထက်အောက် စနစ် (topdown system) ပုံစံကနေ အောက်မှအထက်သို့ (bottom-up system) ပုံစံမျိုးနဲ့ ပုံဖော်လာနိုင်ဖို့ ကြိုးစားနေသာကြောင့်လည်းကောင်း CRPH နဲ့ KPICT တို့ကြား bilateral သဘောတူညီမှု လက်မှတ်ရေးထားတဲ့ အချက်တွေမှာလည်း သဘာ၀ သယံဇာတ ထိန်းသိမ်းစီမံ နိုင်ဖို့အတွက် ပါရှိပြီး ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ကချင်ဒေသက လုံခြုံရေးဆိုင်ရာ နှင့် အုပ်ချုပ်ရေးဆိုင်ရာ တို့ကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် KPICT အဖွဲ့ဝင်တို့ကြားမှာ ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် အချိန်တခုကို စောင့်ဆောင်းနေရပါတယ်။

ကြားကာလ သဘာ၀ သယံဇာတ ထိန်းသိမ်း စီမံနိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းတွေကိုလည်း ရေးဆွဲထားပြီး ဖြစ်တယ်။ NUCC / NUG သို့တင်ပြနိုင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ မြစ်ဆုံ က ရွှေတူးဖော်နေတဲ့ အခြေအနေတခုတည်း မဟုတ်ပဲ မြန်မာပြည် တနိုင်ငံလုံးနဲ့ ပတ်သက်ပြီး မူဝါဒ ရေးဆွဲနေတဲ့ အချိန်ဖြစ်တာကြောင့် အချိန်ကာလ တခုကို စောင့်ဆောင်းပေးဖို့ တင်ပြလိုက်ရပါတယ်” ဟု ပြောပါတယ်။

ပီဂျေအမ် (ဆောင်းပါး) 

ဖက်ဒရယ်ဂျာနယ်

နိုဝင်ဘာ ၂၂၊ ၂၀၂၁