• Today is: Friday, March 29, 2024

ယန်ဟီလီး က စစ်ခေါင်းဆောင်တွေကို တောပုန်းဓါးပြများ ဟု ပြောပြီ

ယန်ဟီလီး က စစ်ခေါင်းဆောင်တွေကို တောပုန်းဓါးပြများ ဟု ပြောပြီ

*************************************

အမေရိကန် သတင်းသမား ဒန်နီ ဖန်စတား အား ၆ လ နီးပါးမျှ ချုပ်နှောင်ထားခဲ့ပြီးနောက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သော်ငြားလည်း ပြန်လွှတ်ပေးခဲ့သည်ကို ကြည့်လျှင် မြန်မာ တရားစီရင်ရေး စနစ်သည် တရားမျှတစွာ စီမံ ဆောင်ရွက် နိုင်စွမ်း မရှိဘဲ စစ်တပ် ကို အကျိုးပြုနေရသည့် အဖြစ် ရောက်နေသည်ကို သတိပေးလိုက်သည့် ဖြစ်စဉ်ကြီးပင် ဖြစ်သည်။
ထို့အတွက် ကျမ အနေဖြင့် စစ်ခေါင်းဆောင်များကို နိုင်ငံတကာ တရားရုံးသို့ ခေါ်နိုင်မှ ဖြစ်မည်ကို တချိန်လုံး ပြောနေရခြင်းလည်း ဖြစ်ပေသည်။
ယခု စာရေးနေသည့် အချိန်မှာပင် ထိုပုဂ္ဂိုလ်များသည် တနိုင်ငံလုံးတွင် လူသတ် မီးရှို့သည့် ဗျူဟာကို တမင် သက်သက် ခပ်ကြမ်းကြမ်း ကျင့်သုံးနေကြဆဲဖြစ်သည်။ ကြမ်းတမ်းရက်စက်မှု များကြောင့် အထိတ် တလန့် ဖြစ်နေသော လူနေဒေသများသည် စက်သေနတ်သံများ နှင့် လေကြောင်းမှ ပစ်ခတ်မှုများ ဖြင့် အမြဲလို လှုပ်နှိုးခြင်း ခံခဲ့ကြရပြန်သည်။
စစ်သားများသည် သူတို့ ပစ်မှတ် အဖြစ် ရွေးချယ်ထားသော ရွာများကို စီးနင်း ဝင်ရောက်ပြီး လူများကို ဖမ်းဆီး စစ်ဆေး နှိပ်စက် သတ်ဖြတ်ခဲ့ကြသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများက နေရာအနှံ့တွင် ဖြစ်ပေါ် လာနေ ခဲ့သည်။ အိမ်များကို ဝင်ရောက် ရှာဖွေကာ တွေ့သမျှ လုယက်ပြီး မီးရှို့ခဲ့ကြ၍ လူများသည် မိမိတို့ ပိုင် အိမ်များ မီးခိုးတလူလူ လောင်ကျွမ်းနေသည်ကို ပြစ်ထားကာ လက်လွတ်ခြေလွတ် တောတောင်များ ရှိရာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
မြန်မာ စစ်တပ်သည် ထိုသို့ မြေလှန်စနစ် ကျင့်သုံးသည့် နေရာတွင် နာမည်ဆိုးဖြင့် ထင်ရှားကျော်ကြား နေကြသူ များ ဖြစ်ပေသည်။ ၂၀၁၇ ခုနှစ် အတွင်း ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်းသည်အထိ သတ်ဖြတ်လာ ခဲ့မှု များကြောင့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် လူ ၇ သိန်းခန် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ယခုအခါ ထိုနည်းလမ်းများ အတိုင်း တသွေမတိမ်း ကျင့်သုံးလာနေကြခြင်းလည်း ဖြစ်ပေသည်။ ဤပုံစံအတိုင်း သက္ကရာဇ် ၂၀၀၀ ကျော်ကာလများ အတွင်း နိုင်ငံ အရှေ့မြောက် အရပ်ရှိ ကချင် ဒေသတွင် တွေ့မြင်လာရသည်။ အလားတူ ၁၉၉၀ ကျော်ကာလများတွင် ရှမ်းပြည်နယ်တွင်လည်း တွေ့မြင်ခဲ့ရပြန်သည်။ ၎င်းတို့ ကျူးလွန်နေ မှုများ က အတော မသတ်နိုင် ဖြစ်လာရပြီး ကျူးလွန်သူများကို တရားဥပဒေ နှင့် အညီ တာဝန်ခံ ရန် မလုပ် နိုင်သရွေ့ တနေ့တခြား များသည်ထက် များလာဖို့သာ ရှိပေသည်။
၎င်းတို့ ကျင့်သုံးနေသော မြေလှန်စနစ်သည် စစ်တပ်ကို ဆန့်ကျင်နေသူများနှင့် ဆက်နွယ်နေသည်ဟု ယူဆ၍ ရသော အသိုက်အဝန်းများအား ကြောက်ရွံ့လာစေရန်၊ ပြစ်ဒဏ်ခတ်ရန် နှင့် ဖျက်ဆီးပြစ်ရန် ရည်ရွယ်ခဲ့ခြင်း လည်း ဖြစ်သည်။ ၎င်းတို့၏ လက်ရှိ ပစ်မှတ်သည် ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်း ပြီး စစ်အုပ်ချုပ်ရေး ထူထောင်လာမှုကို ဆန့်ကျင် တွန်းလှန်နေကြသော နိုင်ငံတဝှမ်းရှိ ဒီမိုကရေစီ လှုပ်ရှားမှုများကို မျှားဦးလှည့်လာခဲ့သည်။
မြေလှန် စနစ် ကျင့်သုံးသည့် မဟာဗျူဟာ သည် ယခုအခါ နိုင်ငံ အနောက်မြောက်ပိုင်း တွင် အသက်ဝင်လာနေပြီ ဖြစ်သည်။ လူများ အား အစုလိုက် အပြုံလိုက် သတ်ဖြတ်သည့် သတင်းများ၊ လူနေအိမ်များမှ မီးခိုး တလူလူ ထွက်လာနေသည့် ဓါတ်ပုံများက ဆိုရှယ်မီဒီယာများ တွင် ထိတ်လန့်ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထွက်ပေါ်လာနေခဲ့သည်။ လွန်ခဲ့သည့် လေးနှစ်က ရိုဟင်ဂျာ များ အပေါ် ပြုမူခဲ့သည့် အတိုင်းပင် ဖြစ်သည်။ ထိုဒေသများတွင် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တပ်များ ဖြန့်ကျက်ချလာနေမှုကပင် စစ်ဆင်ရေး အသစ်ကြီး တခုကို ရေကုန်ရေခန်း ဆင်နွှဲတော့မည့် ရှေ့ပြေး နမိတ်များအဖြစ် ညွှန်ပြနေပေသည်။
စစ်တပ်မှ စနစ်တကျ နှင့် နေရာအနှံ့တွင် အရပ်သားများကို တိုက်ခိုက်လာနေခြင်းသည် ကပင် လူသားများ အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်လာမှု နှင့်အတူ လူမျိုးတုံး သတ်ဖြတ်နေခြင်းလည်း ဖြစ်သည်။ မည်သူကမျှ ဝင်ရောက် ဟန့်တားခြင်း မရှိသည့်အတွက် ဆက်လက်ပြီး အရှိန်အဟုန်မြှင့် ကျူးလွန်လာကြပေဦးမည်။
ပြီးခဲ့သည့် အပတ်အတွင်း ကုလ လုံခြုံရေး ကောင်စီမှ အရေးပေါ် အစည်းအဝေး ခေါ်ယူလာခဲ့သည်။ ထိုအစည်း အဝေးမှ သင့်တင် လျှောက်ပတ်သည့် အမိန့်အာဏာကို ချမှတ်နိုင်စွမ်း ရှိခဲ့မည် ဆိုလျှင် မြန်မာ အပေါ် လက်နက် ရောင်းချမှု ပိတ်ပင်ခြင်း၊ စီးပွားရေး အရ ပိတ်ဆို့ အရေးယူခြင်း နှင့် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး အိုင်စီစီ သို့ လွှဲပြောင်းပေးခြင်းများ ပြုလုပ်နိုင်သည်။ အရေးယူနိုင်ရန် အတွက် ကျမ နှင့် မြန်မာ အရေး အထူး အကြံပေး ကောင်စီရှိ လုပ်ဖေါ်ကိုင်ဖက်များက “ဖြတ်သုံးဖြတ်” ဖြစ်သည့် လက်နက်၊ ငွေ နှင့် အပြစ်ဒဏ် အခတ်မခံရပဲ စိတ်ထင်တိုင်း ကျုးလွန်နေမှု များကို ဖြတ်တောက်ရန် တောင်းဆိုခဲ့ကြခြင်းပင် ဖြစ်သည်။
သို့သော် ကျမတို့ ခန့်မှန်းထားသည့် အတိုင်းပင် လုံခြုံရေး ကောင်စီသည် အဆိုပါ တောင်းဆိုချက် သုံးရပ်နှင့် နီးစပ်အောင်ပင် လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပေ။ ထိုမျှ မကသေး နိုင်ငံ အနောက်မြောက်ဖက်ရှိ လက်ရှိ စစ်ဆင် နေမှုများကို အပြီးသတ် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြရန်ကိုပင် တားမြစ်ခံခဲ့ရသည်။
ဤသို့ ပျက်ကွက်ခဲ့မှုသည် နိုင်ငံများအား မိမိတို့ အစီအစဉ်ဖြင့် ထိုထက် ပို၍ အရေးယူနိုင်ရေး အတွက် ကြိုးပမ်းလာမှုကို ဟန့်တားမှု မဖြစ်စေရေး သည် လွန်စွာ မှ အရေးပါနေပေသည်။ လုံခြုံရေး ကောင်စီတွင် ဟန့်တားခြင်း ခံခဲ့ရသော်လည်း ဖြတ်သုံးဖြတ် ကို အကောင်အထည် ဖေါ်နိုင်ရန် အခြား နည်းလမ်းများ ရှိနေပေသည်။
အမေရိကန် ပြည်ထောင်စု၊ ယူကေ၊ အီးယူ နှင့် အခြားနိုင်ငံများ အနေဖြင့် အတူတကွ ပူးပေါင်း လုပ်ဆောင် ကြခြင်းဖြင့် မြန်မာပြည်သူများ အပေါ် ကျူးလွန်ရန် လက်နက်များ ဝယ်ယူရန် လိုအပ်နေသည့် ဘီလီယံ နှင့် ချီသော နိုင်ငံခြားငွေများ ရရှိနိုင်မည့် အခွင့်အလမ်းများကို ဖြတ်တောက်ပြစ်နိုင်သည်။ ထိုအပြင် အိုင်စီစီ ၏ ရှေ့နေချုပ်ကိုလည်း သူ၏ စုံစမ်းစစ်ဆေးနေမှုအား မြန်မာနိုင်ငံကိုပါ ထည့်သွင်းရန် တောင်းဆိုနိုင်သည်။ ၎င်း၏ လုပ်ငန်းဘောင်သည် အလွန်တရာမှ ကန့်သတ်ခံနေရ၍ ထိုသို့ တောင်းဆိုမှသာ တနိုင်ငံလုံး အတိုင်း အတာအထိ စုံစမ်းနိုင်မည်လည်း ဖြစ်သည်။
စစ်တပ်မှ တိုင်းပြည်အာဏာကို အကြမ်းဖက်နည်း ဖြင့် သိမ်းယူခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် အကြပ် အတည်း ကာလကြီး အတွင်း နိုင်ငံကို ဦးဆောင်ရန် ရွေးချယ်တင်မြှောက်ခံထားရသော လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဧပြီလတွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အား ဖွဲ့စည်း လာခဲ့ခြင်း ဖြစ်သည်။ နောက် ပိုင်း သုံးလအကြာတွင် အိုင်စီစီ စတင် ဖွဲ့စည်းခဲ့သည့် ၂၀၀၂ ခုနှစ်မှ စပြီး နိုင်ငံ တွင်း ဖြစ်ပျက်နေမှုများကို စုံစမ်းရန် အိုင်စီစီ ၏ လုပ်ပိုင်ခွင့်ကို ထောက်ခံကြောင်း NUG မှ ကြေညာချက် ကို တင်သွင်းလာခဲ့သည်။
ထို့အတွက် အိုင်စီစီ ၏ ရှေ့နေချုပ်အနေဖြင့် မြန်မာ တနိုင်ငံလုံးရှိ ပြည်သူများ အပေါ် အမြဲလို ကျူးလွန် လာခဲ့ သော စစ်တပ်၏ ရက်စက်ကြမ်းကြုပ်လှသည့် ရာဇဝတ်မှုများကို ပထမဆုံး အကြိမ် အဖြစ် စုံစမ်းစစ်ဆေး ပိုင်ခွင့် ရရှိ လာခဲ့ပြီ ဖြစ်သည်။
၂၀၁၈ ခုနှစ် အတွင်း ကျမ ၏ ထောက်ခံ တင်ပြချက် ဖြင့် ကုလ လူ့အခွင့် အရေး ကောင်စီ မှ ဖွဲ့စည်းပေးခဲ့သည့် လွတ်လပ်ပြီး အမှီခို ကင်းသည့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အဖွဲ့ (IIMM) သည် ယခုအခါ သက်သေ အထောက်အထား ပေါင်း နှစ်သန်းခန့် စုဆောင်းနိုင်ခဲ့ပြီလည်း ဖြစ်သည်။ ဤသည်က မြန်မာပြည်သူများ အတွက် တရားမျှတမှု ဖေါ်ဆောင်ပေးနိုင်မည့် အကောင်းဆုံး အခွင့်အလမ်းလည်း ဖြစ်လာသည်။
ကျမတို့ စောင့်ကြည့်နေစဉ်အတွင်း #မြန်မာစစ်တပ်ကိုဦးဆောင်နေသည့်ရာဇဝတ်သားတောပုန်းဓါးပြများ မှ ၎င်းတို့ အာဏာ နှင့် ချမ်းသာကြွယ်ဝမှုကို ကာကွယ်ထားနိုင်ဖို့ သက်သက်ဖြင့် ပြည်သူများ အား ဒုက္ခပေးချင်တိုင်း ပေးလာနေမှုကို ခွင့်ပြု၍ မဖြစ်ပေ။ ဆက်လက်၍ ခွင့်ပြုနေပါက မြန်မာပြည်သူများ အပေါ် တာဝန် မကျေရာ လည်း ရောက်ပေသည်။ ခိုင်မာ ပြတ်သားစွာ ဆောင်ရွက်ဖို့ လိုအပ်နေပေပြီ။ ထိုသို့ လုပ်ရန် ယခုအခါ လိုအပ် လာနေပြီ ဖြစ်သည်။
(နယူးဝိခ် မဂ္ဂဇင်းတွင် နိုဝင်ဘာ ၁၉ ရက်နေ့ ရေးသားခဲ့သော မစ္စက် ယန်ဟီလီး၏ “Scorched Earth And The Long Road to Justice for Myanmar” ဆောင်းပါးကို ပြန်ဆိုတင်ပြခြင်း ဖြစ်သည်)

Hla Soewai (လှစိုးဝေ) 

ဖက်ဒရယ်ဂျာနယ် 

နိုဝင်ဘာ ၂၂၊ ၂၀၂၁