• Today is: Friday, April 19, 2024

ပြည်နယ်ဒေသများရှိ မြို့နယ်/မျိုးနွယ်စု အခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ၏ နောက်ဆက်တွဲ အခြေအနေ အကျဉ်းချုပ်

ပြည်နယ်ဒေသများရှိ မြို့နယ်/မျိုးနွယ်စု အခြေပြု

ကာကွယ်ရေးတပ်ဖွဲ့များ၏ နောက်ဆက်တွဲ အခြေအနေ အကျဉ်းချုပ်

(ဩဂုတ်လမှ အောက်တိုဘာလအတွင်း- ၂၀၂၁)

            စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ မြို့နယ် သို့မဟုတ် မျိုးနွယ်စုအလိုက် ကာကွယ်ရေး တပ်ဖွဲ့ (Defense Force) များကို အသီးသီးဖွဲ့စည်းကြသည်။ ပြည်နယ်များအနက် ချင်းနှင့် ကယားပြည်နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ အများဆုံး ဖွဲ့စည်းပြီး ရှမ်း၊ ကရင်၊ ကချင်နှင့် မွန်ပြည်နယ်များတွင်လည်း အသီးသီး ဖွဲ့စည်း ကြသည်ကို တွေ့ရသည်။ ရခိုင်ပြည်နယ်တွင် ဖွဲ့စည်းမှုမရှိဟု သိရသည်။

(၁) ကချင် ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

ကချင်ပြည်နယ်နှင့် KIA/KIO ဉီးဆောင်မှုအောက်တွင် မြို့နယ်အလိုက် ဖွဲ့စည်းထားသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (People Defense Force) ၁၁ ဖွဲ့ထက်မနည်း ဖွဲ့စည်းကြသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ  အတွင်း စစ်ကောင်စီတပ် နှင့် KIA တို့ကြား တိုက်ပွဲပေါင်း (၄၉) ကြိမ်ထက် မနည်း  ဖြစ်ပွားခဲ့သည်။ တိုက်ပွဲ အများဆုံး ဖြစ်ပွားသည့် မြို့နယ်များသည် ပူတာအို၊ တနိုင်း၊ ဖားကန့်၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမောက် စသည့် နေရာဒေသများတွင် ဖြစ်ပွားလျက်ရှိနေသည်။

(၂) ကယား ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

ကယားပြည်နယ်နှင့် ကရင်နီလူမျိုးများနေထိုင်ရာ မြို့နယ်များတွင် PDF တပ်ဖွဲ့များကို ကရင်နီပြည်အတိုင်ပင်ခံ ကောင်စီ (KSCC)၏ နိုင်ငံရေး ဦးဆောင်မှု အောက်တွင် Karenni National Defence Force – (KPDF) ဖွဲ့စည်းသည်။ KNDF တွင် လွိုင်ကော်၊ မိုးဗြဲ၊ ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်၊ ဖယ်ခုံ မြို့နယ်ပေါင်းစုံမှ လူငယ်များကို စုစည်းထားသည်။ အမြဲတမ်း တပ်ဖွဲ့ဝင် တစ်သောင်း ဝန်းကျင်ခန့် ရှိနိုင်ကြောင်းနှင့် KNDF တပ်ဖွဲ့၏ စုစည်းအောက်တွင် ယာယီအဖွဲ့ဝင် ၅ ထောင် ဝန်းကျင်နီးပါး ရှိနိုင်ကြောင်း ခန့်မှန်းပြောကြသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း စစ်ကောင်စီတပ် နှင့် ကရင်နီတပ်မတော် (KA) တို့ကြား တိုက်ပွဲ (၄၆)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တို့ကို စုစည်းထားသည့် ကရင်နီအမျိုးသား ကာကွယ် ရေးတပ် (KNDF) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ (၁၅)ကြိမ်ထက် မနည်း ဖြစ်ပွား ခဲ့သည်။ ဖယ်ခုံ ၊ လွိုင်ကော်၊ ဒီမောဆို၊ ဘော်လခဲ၊ ဖရူဆို စသည့်မြို့နယ်များတွင် အဓိက ဖြစ်ပွားလျက်ရှိနေသည်။

(၃) ကရင် ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

ကရင်ပြည်နယ်နှင့် ကရင်လူမျိုးများ နေထိုင်ရာ ဒေသများတွင် မြို့နယ်သို့မဟုတ် ဒေသအခြေခံ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းမှု တစ်ချို့ တွေ့ရှိရသည်။ သို့သော် ကရင်ပြည်နယ်ရှိ မြို့နယ်ကာကွယ်ရေး အဖွဲ့များသည် မြေပြင်တွင် အမှန်တကယ် တိုက်ပွဲဖော်ဆောင်မှုကို မတွေ့ရှိရပေ။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း စစ်ကောင်စီတပ်နှင့် ကေအဲန်ယူ တို့ကြား တိုက်ပွဲများ ( ၄၇ ) ကြိမ်ထက် မနည်း​ ဖြစ်ပွားခဲ့သည်။ ကေအဲန်ယူ၊​ ပြည်သူ့ ကာကွယ်ရေး တပ် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား (၆)ကြိမ်ထက် မနည်း ဖြစ်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသများသည် ဘားအံ၊ မြ၀တီ၊ ကော့ကရိတ်၊ ကြားအင် ဆိပ်ကြီး စသည့်မြို့နယ်များတွင် ဖြစ်ပွားလျက် ရှိသည်။

(၄) ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

ချင်းပြည်နယ်နှင့် ချင်းလူမျိုးနေထိုင်ရာမြို့နယ်များတွင်း မြို့နယ်သို့မဟုတ် မျိုးနွယ်စု အခြေခံ ကာကွယ်ရေးတပ်ဖွဲ့ ကို အသီးသီး ဖွဲ့စည်းကြသည်။ Chinland Defence Forces နာမည်ဖြင့် ၁၆ ဖွဲ့ထက်မနည်း ရှိပြီး CNDF နှင့် PDF-Zoland အဖွဲ့များလည်းရှိသည်။ ချင်းလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် CNF ဉီးဆောင်မှုဖြင့် အဆိုပါ မြို့နယ်/မျိုးနွယ်စု အခြေပြု တပ်ဖွဲ့များ ပူးပေါင်းသည့် Chinland Joint Defence Committee (CJDC)ကိုလည်း ဖွဲ့စည်းထားသည်။ CJDC တပ်ဖွဲ့ဝင် အင်အား ၁၃,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း စစ်ကောင်စီတပ် နှင့် ချင်းလန်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲ (၄၀)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများသည် တီတန်၊ ထန်တလန်၊ မင်းတပ်၊ မတူပီ၊ ဟားခါး၊ မင်းကင်း၊ ကလေး-ကဘော၊ ကန်ပက်လက်နှင့် ပလက်ဝ  စသည့်မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသည်။

(၅) မွန်ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက်(G-Z) လူငယ်၊ ကျောင်သား၊ ပြည်သူ၊ ဝန်ထမ်း၊ နည်းပညာတက် ပုဂ္ဂိုလ်၊ မြို့ခံ ရပ်မိ/ရပ်ဖများ စုစည်း၍ မွန်ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (National Guard Force) နာမည်ဖြင့် မြို့နယ် အသီးသီးတွင် ဖွဲ့စည်းသည်ဟု သိရသည်။ မြို့နယ် ကာကွယ်ရေးတပ်များကို ကျိုက်ထို၊ သထုံ၊ ‌မော်လမြိုင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ဘီးလင်း၊ ‌‌ပေါင်၊ ကျိုက်မရော၊ မုဒုံ၊ ရေး နှင့် သိမ်ရဇပ် စသည့် မြို့နယ်များတွင် (၁၃)ဖွဲ့ခန့် ဖွဲ့စည်းထားသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း ကေအဲန်ယူနှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်တပ်ဖွဲ့ ပူးပေါင်း၍ စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း (၁၁)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ တဖန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် စစ်ကောင်စီတပ် တို့ကြား တိုက်ပွဲပေါင်း (၆)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့် ဒေသများသည် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ရေး စသည့်မြို့နယ် တို့တွင် ဖြစ်ပွားခဲ့သည်။

(၆) ရှမ်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

ရှမ်းပြည်နယ်အတွင်း နေထိုင်သော လူမျိုးစုများသည် မြို့နယ်များ နှင့် လူမျိုးစုတို့အား အခြေခံကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ People Defense Force (PDF) နာမည်ဖြင့် ၁၁ ဖွဲ့ထက်မနည်း ဖွဲ့စည်း ကြသည်။ ယင်းကာကွယ်ရေးတပ်ဖွဲ့များကို ပအိုဝ့်၊ တာချီလိတ်၊ ရှမ်းမြောက်၊ တောင်ကြီး၊ နောင်ချို၊ ရှမ်းတောင်၊ အင်း၊ ဓနု၊ တောင်ရိုး၊ သီပေါ စသည်ဖြင့် အသီးသီး အခြေပြု ဖွဲ့စည်းကြပြီး NUG နှင့် ပူးပေါင်း ဆောင်ရွက်ရန် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားကြကြောင်း သိရှိရသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း စစ်ကောင်စီတပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း (၆၁)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ အများဆုံး ထိတွေ့မှု ရှိနေသည်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကိုးကန့်(MNDAA) နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်သည်။ တဖန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပေါင်း (၁၅)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု လည်းရှိသည်။  

စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများသည် နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး စသည့်မြို့နယ်များတွင် ဖြစ်သည်။

ဖက်ဒရယ်ဂျာနယ် စုစည်းတင်ဆက်သည်။

နိုဝင်ဘာ ၂၅၊ ၂၀၂၁