• Today is: Monday, January 17, 2022

နွေဉီးတော်လှန်ရေးနှင့် တိုင်းရင်းသားပြည်နယ်ဒေသအတွင်း အခြေအနေများ

Federal Journal
November29/ 2021

နွေဉီးတော်လှန်ရေးနှင့် တိုင်းရင်းသားပြည်နယ်ဒေသအတွင်း

အခြေအနေများ

(ဩဂုတ်လမှ အောက်တိုဘာလ အတွင်း – ၂၀၂၁)

အာဏာရှင်စနစ်ဆန့်ကျင်မှု နွေဉီးတော်လှန်ရေးကာလအတွင်း အလွှာပေါင်းစုံမှ တိုင်းရင်း သား ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုနှင့် လှုပ်ရှားမှုများကို မိမိတို့ ဖက်ဒရယ်ဂျာနယ်က သုံးလ တစ်ကြိမ်ဖြင့် လေ့လာပြုစု၍ ထုတ်ပြန်လေ့ရှိပါသည်။ ဤတစ်ကြိမ်တွင် ဩဂုတ်လမှ အောက်တိုဘာ လအတွင်းရှိ တွင်းရင်းသား ဒေသအတွင်း –

  • မြို့နယ်/နွယ်စု အခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု
  • စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု၊ စစ်ဘေးရှောင်နှင့် အိုးအိမ်ပျက်ဆီးမှု၊
  • ပြည်နယ်/လူမျိုးအလိုက် ညှိနှိုင်းတိုင်ပင်ရေးကောင်စီများ ဖွဲ့စည်းမှုနှင့် လှုပ်ရှားမှုများ၊
  • အကြမ်းမဖက် လူထုလှုပ်ရှားမှုများ စသည်တို့ကို အကျဉ်းချုံး စုစည်းတင်ပြထားပါသည်။

အပိုင်း (၁)

မြို့နယ်/မျိုးနွယ်စု အခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ

          စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ မြို့နယ် သို့မဟုတ် မျိုးနွယ်စုအလိုက် ကာကွယ်ရေး တပ်ဖွဲ့ (Defense Force) များကို အသီးသီးဖွဲ့ကြသည်။ ပြည်နယ်များအနက် ချင်းနှင့် ကယားပြည်နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ အများဆုံး ဖွဲ့စည်းပြီး ရှမ်း၊ ကရင်၊ ကချင်နှင့် မွန်ပြည်နယ်များတွင်လည်း အသီးသီး ဖွဲ့စည်း ကြသည်ကို တွေ့ရသည်။ ရခိုင်ပြည်နယ်တွင် ဖွဲ့စည်းမှုမရှိဟု သိရသည်။

(၁) ကချင် ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

ကချင်ပြည်နယ်နှင့် KIA/KIO ဉီးဆောင်မှုအောက်တွင် မြို့နယ်အလိုက် ဖွဲ့စည်းထားသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (People Defense Force) ၁၁ ဖွဲ့ထက်မနည်း ဖွဲ့စည်းကြသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ  အတွင်း စစ်ကောင်စီတပ် နှင့် KIA တို့ကြား တိုက်ပွဲပေါင်း (၄၉) ကြိမ်ထက် မနည်း  ဖြစ်ပွားခဲ့သည်။ တိုက်ပွဲ အများဆုံး ဖြစ်ပွားသည့် မြို့နယ်များသည် ပူတာအို၊ တနိုင်း၊ ဖားကန့်၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမောက် စသည့် နေရာဒေသများတွင် ဖြစ်ပွားလျက်ရှိနေသည်။

(၂) ကယား ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

ကယားပြည်နယ်နှင့် ကရင်နီလူမျိုးများနေထိုင်ရာ မြို့နယ်များတွင် PDF တပ်ဖွဲ့များကို ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ (KSCC)၏ နိုင်ငံရေး ဦးဆောင်မှု အောက်တွင် Karenni National Defence Force – (KPDF) ဖွဲ့စည်းသည်။ KNDF တွင် လွိုင်ကော်၊ မိုးဗြဲ၊ ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်၊ ဖယ်ခုံ မြို့နယ်ပေါင်းစုံမှ လူငယ်များကို စုစည်းထားသည်။ အမြဲတမ်း တပ်ဖွဲ့ဝင် တစ်သောင်း ဝန်းကျင်ခန့် ရှိနိုင်ကြောင်းနှင့် KNDF တပ်ဖွဲ့၏ စုစည်းအောက်တွင် ယာယီအဖွဲ့ဝင် ၅ ထောင် ဝန်းကျင်နီးပါး ရှိနိုင်ကြောင်း ခန့်မှန်းပြောကြသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း စစ်ကောင်စီတပ် နှင့် ကရင်နီတပ်မတော် (KA) တို့ကြား တိုက်ပွဲ (၄၆)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တို့ကို စုစည်းထားသည့် ကရင်နီအမျိုးသား ကာကွယ် ရေးတပ် (KNDF) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ (၁၅)ကြိမ်ထက် မနည်း ဖြစ်ပွား ခဲ့သည်။ ဖယ်ခုံ ၊ လွိုင်ကော်၊ ဒီမောဆို၊ ဘော်လခဲ၊ ဖရူဆို စသည့်မြို့နယ်များတွင် အဓိက ဖြစ်ပွားလျက်ရှိနေသည်။

(၃) ကရင် ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

ကရင်ပြည်နယ်နှင့် ကရင်လူမျိုးများ နေထိုင်ရာ ဒေသများတွင် မြို့နယ်သို့မဟုတ် ဒေသအခြေခံ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းမှု တစ်ချို့ တွေ့ရှိရသည်။ သို့သော် ကရင်ပြည်နယ်ရှိ မြို့နယ်ကာကွယ်ရေး အဖွဲ့များသည် မြေပြင်တွင် အမှန်တကယ် တိုက်ပွဲဖော်ဆောင်မှုကို မတွေ့ရှိရပေ။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း စစ်ကောင်စီတပ်နှင့် ကေအဲန်ယူ တို့ကြား တိုက်ပွဲများ ( ၄၇) ကြိမ်ထက် မနည်း​ ဖြစ်ပွားခဲ့သည်။ ကေအဲန်ယူ၊​ ပြည်သူ့ ကာကွယ်ရေး တပ် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် တို့ကြား (၆)ကြိမ်ထက် မနည်း ဖြစ်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသများသည် ဘားအံ၊ မြ၀တီ၊ ကော့ကရိတ်၊ ကြားအင် ဆိပ်ကြီး စသည့်မြို့နယ်များတွင် ဖြစ်ပွားလျက် ရှိသည်။

(၄) ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

ချင်းပြည်နယ်နှင့် ချင်းလူမျိုးနေထိုင်ရာမြို့နယ်များတွင်း မြို့နယ်သို့မဟုတ် မျိုးနွယ်စု အခြေခံ ကာကွယ်ရေးတပ်ဖွဲ့ ကို အသီးသီး ဖွဲ့စည်းကြသည်။ Chinland Defence Forces နာမည်ဖြင့် ၁၆ ဖွဲ့ထက်မနည်း ရှိပြီး CNDF နှင့် PDF-Zoland အဖွဲ့များလည်းရှိသည်။ ချင်းလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် CNF ဉီးဆောင်မှုဖြင့် အဆိုပါ မြို့နယ်/မျိုးနွယ်စု အခြေပြု တပ်ဖွဲ့များ ပူးပေါင်းသည့် Chinland Joint Defence Committee (CJDC)ကိုလည်း ဖွဲ့စည်းထားသည်။ CJDC တပ်ဖွဲ့ဝင် အင်အား ၁၃,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း စစ်ကောင်စီတပ် နှင့် ချင်းလန်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲ (၄၀)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများသည် တီတန်၊ ထန်တလန်၊ မင်းတပ်၊ မတူပီ၊ ဟားခါး၊ မင်းကင်း၊ ကလေး-ကဘော၊ ကန်ပက်လက်နှင့် ပလက်ဝ  စသည့်မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသည်။

(၅) မွန်ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက်(G-Z) လူငယ်၊ ကျောင်သား၊ ပြည်သူ၊ ဝန်ထမ်း၊ နည်းပညာ တက်ပုဂ္ဂိုလ်၊ မြို့ခံ ရပ်မိ/ရပ်ဖများ စုစည်း၍ မွန်ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (National Guard Force) နာမည်ဖြင့် မြို့နယ် အသီးသီးတွင် ဖွဲ့စည်းသည်ဟု သိရသည်။ မြို့နယ် ကာကွယ်ရေးတပ်များကို ကျိုက်ထို၊ သထုံ၊ ‌မော်လမြိုင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ဘီးလင်း၊ ‌‌ပေါင်၊ ကျိုက်မရော၊ မုဒုံ၊ ရေး နှင့် သိမ်ရဇပ် စသည့် မြို့နယ်များတွင် (၁၃)ဖွဲ့ခန့် ဖွဲ့စည်းထားသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း ကေအဲန်ယူနှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်တပ် ဖွဲ့ ပူးပေါင်း၍ စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း (၁၁)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ တဖန် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) နှင့် စစ်ကောင်စီတပ် တို့ကြား တိုက်ပွဲပေါင်း (၆)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့် ဒေသများသည် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ရေး စသည့်မြို့နယ် တို့တွင် ဖြစ်ပွားခဲ့သည်။

(၆) ရှမ်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

ရှမ်းပြည်နယ်အတွင်း နေထိုင်သော လူမျိုးစုများသည် မြို့နယ်များ နှင့် လူမျိုးစုတို့အား အခြေခံကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ People Defense Force (PDF) နာမည်ဖြင့် ၁၁ ဖွဲ့ထက်မနည်း ဖွဲ့စည်း ကြသည်။ ယင်းကာကွယ်ရေးတပ်ဖွဲ့များကို ပအိုဝ့်၊ တာချီလိတ်၊ ရှမ်းမြောက်၊ တောင်ကြီး၊ နောင်ချို၊ ရှမ်းတောင်၊ အင်း၊ ဓနု၊ တောင်ရိုး၊ သီပေါ စသည်ဖြင့် အသီးသီး အခြေပြု ဖွဲ့စည်းကြပြီး NUG နှင့် ပူးပေါင်း ဆောင်ရွက်ရန် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားကြကြောင်း သိရှိရသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း စစ်ကောင်စီတပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း (၆၁)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ အများဆုံး ထိတွေ့မှု ရှိနေသည်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကိုးကန့်(MNDAA) နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်သည်။ တဖန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပေါင်း (၁၅)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု လည်းရှိသည်။  

စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများသည် နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး စသည့်မြို့နယ်များတွင် ဖြစ်သည်။

အပိုင်း(၂)

ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု၊ ဖမ်းဆီးခံရမှု၊ အိုးအိမ် ဖျက်ဆီးခံရမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှု

၂၀၂၁ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သားပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ အိုးအိမ်ဖျက်ဆီး ဆုံးရှုံးမှုများနှင့် နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်မှုတို့ အခြေအနေကို ပြည်နယ်အလိုက် အောက်ပါအတိုင်း အကျဉ်းချုပ် စုစည်းတင်ပြအပ်ပါသည်။

(၁) ကချင်ပြည်နယ်

 သုံးလအတွင်း တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် အရပ်သား ပြည်သူ (၄)ဦး ထပ် မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၁၃)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကချင် ပြည်နယ်တွင်း ဒေသခံ ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် အရေအတွက် (၁၂,၄၅၀)ကျော် ထွက်ပြေးတိမ်းရှောင် နေကြရသည်။

(၂) ကယား ပြည်နယ်

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တိုက်ပွဲများကြောင့် ဒေသခံ ကရင်နီပြည်သူများ (၁၁၀၂၀၀)ကျော် နေရပ်စွန့်ခွါ ထွက်ပြေး သိမ်းရှောင်နေကြရသည်။ သုံးလအတွင်း တိုက်ပွဲများကြောင့် အရပ်သား ပြည်သူ (၃၁)ဦး ထက် မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၅၉)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။ ထိုပြင် ဒေသခံ ပြည်သူများ၏ နေအိမ်များ (၁၃၆) ထက် မနည်း ပျက်ဆီးဆုံးရှုံး ခဲ့ရသည်။ ဖမ်းဆီးခံခဲ့ရသည့် အရပ်ပြည်သူများ (၄၉)ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

(၃) ကရင် ပြည်နယ်

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း တိုက်ပွဲများကြောင့် အရပ်သား ပြည်သူ (၃)ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၂၁)ဦး နှင့် ဖမ်းဆီးခံရသူများ (၁၀)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တိုက်ပွဲများကြောင့် ဒေသခံ ကရင် ပြည်သူများ (၆၀,၀၅၀) ကျော် ဆက်လက် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

(၄) ချင်းပြည်နယ်

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ချင်းပြည်နယ်အတွင်း စစ်ပွဲကြောင့် အရပ်သားပြည်သူ ၆ သောင်း ကျော် အိုးအိမ်စွန့်၍ ထွက်ပြေးပုန်းရှောင်နေကြသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း တိုက်ပွဲများကြောင့် အရပ်သား ပြည်သူ (၆)ဦး ထက် မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၂၆)ဦး နှင့် ဖမ်းဆီးခံရသူများ (၁၀)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။

သုံးလအတွင်း စစ်ကောင်စီတပ်များက ချင်းပြည်နယ်အတွင်း မြို့နယ် ရွာအသီးသီးမှ နေအိမ်ပေါင်း (၄၀၀) ခန့်ကို မီးရှို့ဖျက်ဆီးခံခဲ့ရသည်-

  • အောက်တိုဘာလ (၁၉) မှ (၂၃) ရက်နေ့အတွင်း မင်းတပ် ၊ မတူပီလမ်း တလျှောက် ကျေးရွာများမှ နေအိမ် (၁၀၇)လုံး ဖျက်ဆီး၊
  • အောက်တိုဘာလ တတိယပတ် အတွင်းတွင် ဖလမ်းမြို့နယ် ရမ်ထလိုနှင့် တလန်ဇာရ် ကျေးရွာတို့၍ လူနေအိမ် (၁၀၀)လုံး ဖျက်ဆီး၊
  • အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဖလမ်းမြို့နယ်၊ တာလ်ကျေးရွာ၌ နေအိမ် (၁၂)လုံး မီးရှို့ဖျက်ဆီး၊
  • အောက်တိုဘာလ (၁၄)ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ရဲလ်သီးကျေးရွာ၌ ဘုရားကျောင်း တလုံးအပါအဝင် နေအိမ် (၁၂)လုံး မီးရှို့ဖျက်ဆီး၊
  • အောက်တိုဘာလ (၂၉)ရက်နေ့တွင် ထန်တလန်မြို့ရှိ လူနေအိမ် (၁၆၃) လုံး နှင့် ဘုရား ကျောင်း (၂)လုံး စစ်ကောင်စီတပ်၏ လက်နက်ကြီးများ ပစ်ခတ်မှုတို့ကြောင့် မီးလောင် ကျွမ်း ဖျက်ဆီး ခံခဲ့ရကာ ရက်သတ္တပတ်အတွင်း နေအိမ်ပေါင်း (၁၀) လုံးထက်မနည်း ထပ်မံ မီးရှို့ ဖျက်ဆီး ခံခဲ့ရသည်။

(၅) မွန်ပြည်နယ်

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း တိုက်ပွဲများကြောင့် အရပ်သား ပြည်သူများ သေဆုံးသူ (၂)ဦး ထက် မနည်းရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ (၈)ဦး နှင့် ဖမ်းဆီးခံရသူများ (၃၁၂)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။ မွန်ပြည်နယ်တွင် ဒေသခံ ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည့် အခြေအနေထိ မရှိသေးကြောင်း သိရသည်။

(၆) ရှမ်းပြည်နယ်

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်အတွင်း အရပ်သား ပြည်သူများ (၁၁)ဦး ထက် မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၁၈)ဦး နှင့် ဖမ်းဆီးခံရသူ (၅)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ (၂၀,၂၁၀) ကျော် နေရပ်စွန့်ခွာ ထွက်ပြေးသိမ်းရှောင်နေကြရသည်။

အပိုင်း(၃)

ပြည်နယ်/လူမျိုးအလိုက် ညှိနှိုင်းတိုင်ပင်ရေးကောင်စီများ

အာဏာသိမ်းသည့် နောက်ပိုင်းတွင် မိမိပြည်နယ်နှင့်လူမျိုးအလိုက် stakeholders အသီးသီးများ စုစည်းလျက် နိုင်ငံရေးနှင့် စစ်ရေးအရ အင်အားတည်ဆောက်ကြပါသည်။ လက်ရှိတွင် ကချင်၊ ကယား၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ် တို့တွင် အဆိုပါ ကောင်စီ သို့မဟုတ် ကောင်စီများကို ဖွဲ့စည်းကြသည်ကို တွေ့ရသည်။ ရခိုင်နှင့် ကရင်ပြည်တွင် ဖွဲ့စည်းမှုမရှိသည်ကို တွေ့ရသည်။

၁။ ချင်းပြည်နယ် – ICNCC

CNF လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရေးတော်ပုံတွင် ပါဝင်သည့် အရပ်ဘက်အဖွဲ့အစည်းများဖြင့် ဧပြီလတွင် ဖွဲ့စည်းခဲ့သည့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီသည် လက်ရှိအချိန်တွင် ချင်းပဋိညာဉ် (Chin Charter)စာတမ်း မူကြမ်းရေးဆွဲနေဆဲ ဖြစ်ပြီး နိုဝင်ဘာလ မကုန်ခင် အပြီးပြတ် ဆောင်ရွက်ရန် စီစဉ်ထားကြကြောင်း သိရှရသည်။ ထိုစာတမ်း အတည်ပြုပြီးနောက် ဒီဇင်ဘာလအတွင်း ကြားကာလ ချင်းအမျိုးသားညီညွှတ်ရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန် ရည်မှန်းထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများမှအဆင့် သိရှိရသည်။ လက်ရှိအချိန်တွင် ICNCC ကောင်စီက Humanitarian Committee နှင့် Covid-19 Committee တို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ ထိုကော်မတီ များမှတဆင့် ချင်းပြည်သူများ၏ အခက်အခဲများကို ကူညီဆောင်ရွက်ရန်လည်း စီစဉ်ထားသည်ဟု သိရှိရသည်။

၂။ ကယားပြည်နယ်- KSCC

ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများ၊ လူငယ် နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ တတ်သိ ပညာရှင်များ စုစည်း၍ ကိုယ်စားလှယ် (၃၇)ဉီးဖြင့် ဖွဲ့စည်းသည့် ကြားကာလာ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီသည် ကရင်နီပြည် အတွင်းရှိ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး၊ စားဝတ်နေရး တို့ကို ဆောင်ရွက်ရန် ပြင်ဆင်ထားသည်ကို တွေ့ရသည်။

ပြည်နယ်အဆင့်တွင် အစိုးရ အခိုင်အမာ တည်ဆောက်ရန် ပြင်ဆင်လျက်ရှိသော KSCC သည် လက်ရှိတွင် အစိုးရ အင်္ဂါရပ်များ အနေဖြင့် ကရင်နီ ပြည်သူ့ရဲတပ်ဖွဲ့ (KSP)၊ ပညာရေးကော်မတီနှင့် ကျန်းမာရေးကော်မတီတို့ကို ဖွဲ့စည်းပြီး စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

ပြည်နယ် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ကော်မတီ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကော်မတီနှင့် နိုင်ငံရေးအထောက် အကူပြု ကော်မတီများကို ဖွဲ့စည်းပြီ စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ ကရင်နီ ပြည်နယ် ရဲ တပ်ဖွဲ့ကိုလည်း ဩဂုတ်လ (၂၅)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

၃။ မွန်ပြည်နယ် – MSICC

မွန်ပြည်နယ်တွင် ဖွဲ့စည်းထားသည့် မွန်ပြည်နယ် ကြားကာလ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (MSICC) သည် နွေဉီးတော်လှန်ရေးတွင်ပါဝင်သည့် တက်ကြွလှုပ်ရှားသူများ ဉီးဆောင်၍ ဖွဲ့စည်းထားသည်ဟု သိရှိရသည်။ MSICC အနေဖြင့် အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ရရှိရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ရည်မှန်းထားသည်ဟု သိရသည်။ MSICC အနေဖြင့် NUG အစိုးရတွင် ပူးပေါင်းပါဝင်လျက်ရှိရာ လက်ရှိတွင် NUCC မှ ရေးဆွဲထားသော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်(ချာတာ)မှာ လက်မှတ်ထိုးနိုင်ရေးတို့ကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ကြားကာလ မွန်ပြည် အစိုးရဖွဲ့စည်းရန် အစီအစဉ်မရှိသေးကြောင်း သိရှိရသည်။

၄။ ကချင်ပြည်နယ် – KPICT

KPICT သည် ပြည်တွင်းပြည်ပ ကချင်အဖွဲ့အစည်း (၅)ဖွဲ့မှ ကိုယ်စားလှယ်သုံးဦးစီစေလွှတ်၍ (၁၅)ဦး ကော်မတီဖြင့် မတ်လ (၉ – ၁၁) ရက်နေ့တွင် ဖွဲ့စည်းကာ ဦးဆောင်နေခြင်း ဖြစ် ကြောင်းနှင့် မကြာခင်တွင် ကြားကာလကချင်ပြည်နယ် အစိုးရကိုလည်း ဖွဲ့စည်းရန် ရည်ရွယ်လျက်ရှိကြောင်း သိရှိရသည်။ ဩဂုတ်လ မှ အောက်တိုဘာလအတွင်း KPICT အနေဖြင့် အွန်လှိုင်း ပလက်ဖောင်းပေါ်မှ တဆင့် လူထုကို နိုးဆော်သည့် လုပ်ငန်းစဉ်များကို အဓိက ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

၅။ ရှမ်းပြည်နယ် – TPCC

တအာင်းနိုင်ငံရေး ခေါင်းဆောင်များ၊တအာင်းနိုင်ငံရေးပါတီ၊ တအာင်းလွှတ်တော် ကိုယ်စား လှယ်များ၊ တအာင်း အရပ်ဖက် အဖွဲ့အစည်းများနဲ့ ပါဝင်၍ ဖွဲ့စည်းသည့် တအာင်းနိုင်ငံရေး အတိုင်ပင် ခံ ကော်မတီ (Ta’ang Political Consultative Committee –TPCC) ကို ကော်မတီဝင် (၁၁) ဦးနှင့် အရံကော်တီ (၆)  ဦးတို့ဖြင့် ဖွဲ့စည်း ခဲ့ပါသည်။ TPCC သည် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေး အတွက် လုပ်ဆောင် နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိပါသည်။

TPCC ၏ နိုင်ငံရေး ရည်မှန်းချက်အနေဖြင့်

(၁) အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေး၊

(၂) တအာင်းဒေသအတွင်းရှိ ပြည်သူများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး

(၃) တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး

(၄) တအာင်းပြည်နယ် တည်ဆောက်ရေး

(၅)ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး စသည့်တို့ ဖြစ်ပါသည်။

လုပ်ငန်းစဉ်များအနေဖြင့်

၁။ နိုင်ငံရေးဆိုင်ရာညှိနှိုင်းမူနှင့် ပူးပေါင်းဆောင်ရွက်ရေး

၂။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေး

၃။ တအာင်းဒေသအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်း

၄။ Advocacy နှင့် Networking

၅။ လူထု လှုပ်ရှားမူ

၆။ သတင်းနှင့်ပြန်ကြားရေး စသည့်တို့ကိုဆောင်ရွက်နေသည်။

CRPH ၏ လမ်းညွန်ချက်များနှင့်အညီ ကြားကာလ တအာင်းဒေသပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့- Ta’ang Region Administration အဖွဲ့ကို ဖွဲ့စည်းထားပြီး အကာအကွယ် ကင်းမဲ့နေတဲ့ လူထုကို ကူညီပေးနေ ကြောင်း TPCC ၏ ပြောခွင့်ရ နိုင်အောင်မိုင်းက ဖက်ဒရယ်ဂျာနယ်ကို ပြောသည်။

အပိုင်း(၄)

ပြည်နယ်အလိုက် အကြမ်းမဖက်လူထုလှုပ်ရှားမှုများ

စစ်ကောင်စီ၏ အကြမ်းဖက် နှိမ်နှင်းမှုကြောင့် အနုနည်းလူထုလှုပ်ရှားမှုအများစုသည် နောက်ပိုင်းတွင် မလွဲမရှောင်သာဖြင့် လက်နက်ကိုင် ခုခံတော်လှန်ရေးအသွင်ဆောင်လာသည် ဆိုသော်လည်း လက်ရှိအချိန်ထိ အကြမ်းမဖက် လူထုဆန္ဒပြလှုပ်ရှားမှုသည် ပြည်မဒေသအပြင် တိုင်းရင်းသား ဒေသများတွင် ကြိုကြားကြိုကြား မြင်တွေ့နေရဆဲ ဖြစ်ပါသည်။ အထူးသဖြင့် ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ် နှင့် ချင်းပြည်နယ် စစ်ကိုင်းနယ်စပ်၊ ကလေးမြို့နယ် တို့တွင် အဓိက အားဖြင့် မြင်တွေ့ရသည်။

၁။ ကချင်ပြည်နယ်

ဆန္ဒပြလှုပ်ရှားမှု အများဆုံးပြုလုပ်သည့် ဖားကန့်မြို့တွင် သြဂုတ်လ အတွင်း (၂၂) ကြိမ်၊ စက်တင်ဘာလအတွင်း (၂၀) ကြိမ်၊ အောက်တိုဘာလ အတွင်း (၂၃)ကြိမ်ခန့် ဆက်လက် ချီတက်ဆန္ဒထုတ်ဖော် နေကြဆဲ ဖြစ်သည်။

မြစ်ကြီးနားမြို့ရှိ Kachin State Civilian- KSCM ၊ အခြေခံပညာကျောင်းသားများ သမဂ္ဂ များနှင့် ပြည်သူများ ပူးပေါင်း အင်အား (၁၀၀)ခန့်မှဖြင့် သြဂုတ်လ အတွင်း (၁၄) ကြိမ်ခန့်၊ စက်တင်ဘာလ အတွင်း (၁၀)ကြိမ်ခန့်နှင့် အောက်တိုဘာလအတွင်း (၃) ကြိမ်ဖြင့် အသီးသီး ဆန္ဒပြချီတက်မှုကို ပြုလုပ်ခဲ့သည်။

အလားတူ မိုးညှင်းမြို့နယ်ရှိ ကျောင်းသားသမဂ္ဂများနှင့်‌ ဒေသခံပြည်သူများ ပူးပေါင်းကာ ဩဂုတ်လအတွင်း (၁၅) ကြိမ်၊ စက်တင်ဘာလအတွင် (၂) ကြိမ် ဆန္ဒပြလှုပ်ရှားမှုကို ဆောင်ရွက်နိုင်ခဲ့ကြသည်။

၂။ ကယားပြည်နယ်

ကယားပြည်နယ်သည် တိုင်းရင်းသားပြည်နယ်ဒေသများထဲက စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒပြ လှုပ်ရှားမှု အပြင်းထန်ဆုံး ဒေသတစ်ခုဖြစ်ခဲ့သည်။ ဖေဖော်ဝါရီလ မှ မေလအတွင်း ကယားပြည်နယ်ရှိ မြို့နယ်စုံတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လှုပ်ရှားမှု ရှိခဲ့သော်လည်း စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်၊ ဖြိုခွင်းမှုများကြောင့် ကယားလူငယ်များက လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်သွား ကြ၍ ယင်းလှုပ်ရှားမှုများက ရပ်တန့်သွားပြီဖြစ်သည်။

၃။ ကရင်ပြည်နယ်

ဩဂုတ်လမှ အောက်တိုဘာလအထိ၊ သုံးလအတွင်း ကရင်ပြည်နယ်၊ ဘာအံမြို့ရှိ တော်လှန်လူငယ် များ အင်အားစုနှင့် ပြည်သူများပူးပေါင်း အင်အား (၅၀)ခန့် က (၃) ကြိမ် ဘုရားသုံးဆူမြို့ အမျိုးသမီးများ ဦးဆောင်ပြီး ပြည်သူများ ၆၀ ခန့်က (၅) ကြိမ်ခန့်နှင့် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် အမျိုးသမီး အင်အားစုများနှင့် ဒေသခံပြည်သူများ စုပေါင်းပြီး လူအင်အား (၁၀၀)ဝန်းကျင်ဖြစ် (၁၃) ကြိမ် ချီတက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။

၄။ ချင်းပြည်နယ်

          ကယားပြည်နယ်ကဲ့သို့ ချင်းပြည်နယ်သည် တိုင်းရင်းသား ဒေသများထဲတွင် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု အပြင်းထန်ဆုံးပြည်နယ်တစ်ခု ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် လူငယ်အများစုသည် လက်နက်ကိုင် ကာကွယ်ရေးလမ်းစဉ်(CDF)ကို ရွေးချယ်လာကြရာ ဇွန်လနောက်ပိုင်းတွင် ချင်းပြည်နယ်မှာ ဆန္ဒပြ လှုပ်ရှားမှု မရှိသလောက် ရပ်တန့်သွားသည်။

          သို့သော် ချင်းလူမျိုး လူဉီးရေ ထက်ဝက်ခန့်နေထိုင်သော ကလေးမြို့တွင် ပြည်သူများ အင်အား (၅၀) ခန့် NUG အစိုးရကို အသိအမှတ်ပြုရေး ကြွေးကြော်သံတို့ဖြင့် ဩဂုတ်လအတွင်း (၈)ကြိမ်၊ စက်တင်ဘာလ အတွင်း (၆)ကြိမ်၊ အောက်တိုဘာလ အတွင်း (၁၁)ကြိမ်ခန့် ချီတက် ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြသည်ကို တွေ့ရှိရသည်။

၅။ မွန်ပြည်နယ်

မွန်ပြည်နယ်သည် မြို့နယ်အချို့တွင် လူငယ်အင်အားစုများ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုများသည် ယနေ့အထိ စဉ်ဆက်မပြက် ပြုလုပ်နိုင်သော ပြည်နယ် ဖြစ်ပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သထုံခရိုင် ကျိုက်ထိုမြို့၊ ပေါင်းမြို့နယ် နှင့် ရေးမြို့နယ်တွင် တော်လှန်လူငယ်များနှင့် ပြည်သူများ ပူးပေါင်းကာ သြဂုတ်လအတွင်း (၁၆) ကြိမ်ခန့်၊ စက်တင်ဘာလ အတွင်း (၄) ကြိမ်၊ အောက်တိုဘာလ အတွင်း (၃) ကြိမ် ဆန္ဒထောက်ဖော်နိုင်ခဲ့ကြသည်။

၅။ ရှမ်းပြည်နယ်

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ နမ့်ခမ်းမြို့နှင့် ကျိုင်းတုံမြို့များတွင် စက်တင်ဘာလ အတွင်း (၂)ကြိမ်နှင့် အောက်တိုဘာလအတွင်း (၄) ကြိမ် စစ်အာဏာရှင်ဖြုတ်ချရေး၊ သွေးမအေးကြောင်း ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

၆။ ရခိုင်ပြည်နယ်

          အားလုံးသိရှိသည့်အတိုင်း ရခိုင်ပြည်နယ်တွင် စစ်အာဏာသိမ်းသည့်နေ့မှ ယနေ့အထိ အာဏာရှင် ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှု မရှိသလောက် ငြိမ်သက် လျက်ရှိ ပါသည်။

ဖက်ဒရယ်ဂျာနယ် စုစည်းတင်ဆက်သည်။

အပြည့်အစုံ pdf file ဖြင့် ဖတ်ရှုလိုပါက –

Spring-Revolution-in-Ethnic-Areas