• Today is: Monday, January 17, 2022

ဖက်ဒရယ်စနစ်နှင့် ပြည်နယ်ဖွဲ့စည်းပုံများ၏ အခန်းကဏ္ဍ

Federal Journal
November30/ 2021

ဖက်ဒရယ်စနစ်နှင့် ပြည်နယ်ဖွဲ့စည်းပုံများ၏ အခန်းကဏ္ဍ (Federal Alliance)

ဖက်ဒရယ်စနစ်ရယ်လို့ဆိုလိုက်ရင်- ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် စုပေါင်းအုပ်ချုပ်ခွင့်ကို မျှဝေကျင့်သုံးခြင်းဖြစ်တယ်ဆိုတာ အားလုံးသိရှိကြပြီးပါတယ်။ စုပေါင်းအုပ်ချုပ်ခွင့်ကို ကျင့်သုံးနိုင်ဖို့ ပြည်ထောင်စုဖွဲ့စည်းပုံကို ရေးဆွဲပြဌာန်းကြတာကို အမြဲပြောကြလေ့ရှိပါတယ်။ သို့သော် ပြည်နယ်တွေမှာလည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ရေးဆွဲပြဌာန်းခွင့် ရှိတယ်ဆိုတာကိုတော့ ပြောဆိုဆွေးနွေးမှု သိပ်မတွေ့ရပါဘူး။ ဒါကြောင့် ဖက်ဒရယ်စနစ်အတွင်း ပြည်နယ်ဖွဲ့စည်းပုံတွေဟာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်သလဲ၊ ဘာကြောင့် အရေးကြီးသလဲဆိုတာ ဆွေးနွေးတင်ပြလိုပါတယ်။

ကမ္ဘာပေါ်ရှိဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးနေတဲ့ နိုင်ငံတွေမှာ- ပြည်နယ်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကျင့်သုံးခွင့် ရှိတဲ့ နိုင်ငံတွေရှိသလို၊ တစ်ချို့သော ဖက်ဒရယ်နိုင်ငံတွေမှာတော့ ပြည်ထောင်စုဖွဲ့စည်းပုံထဲမှာ- ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆက့်နှစ်ခုစလုံးကို တစ်ပါတည်း ထည့်သွင်းပြဌာန်းတဲ့ စနစ်လည်းရှိပါတယ်။ ဥပမာဆိုရရင်- အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်အားလုံးဟာ မဖြစ်မနေဖွဲ့စည်းပုံအခြေခံဥပဒေရှိရမှာဖြစ်ပါတယ်။ ဆွဇ်ကွန်ဖက်ဒရေးရှင်းဟာဆိုလည်း အလားတူ ပြည်ထောင်စုမျိုးဖြစ်ပါတယ်။ သို့သော် နောက်ဆုံးပေါ် နီပေါလ်ပြည်ထောင်စုလိုမှာတော့- ပြည်ထောင်စုနှင့် ပြည်နယ် ကိစ္စရပ်အားလုံးကို ဖွဲ့စည်းပုံတစ်ရပ်တည်း မှာ ထည့်သွင်း ကျင့်သုံးတာကို တွေ့ရမှာဖြစ်ပါတယ်။

▪️ပြည်နယ်တွေရဲ့ အချုပ်အခြာအာဏာ

ပြည်ထောင်စုဖြစ်တည်လာရခြင်းကို ပြန်ပြီးခြေရာကောက်ရရင် ပြည်နယ်တွေဟာ လွပ်လပ်တဲ့နိုင်ငံတစ်ရပ်အဖြစ်ကို ယူနိုင်ပါလျက်နှင့် မယူကြဘဲ ပေါင်းစည်းနေထိုင်မှဖြစ်မယ်လို့ ယုံကြည်ပြီးပေါင်းစည်းကြတဲ့ ပြည်ထောင်စုဖြစ်လာတာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ပင်လုံသဘောတူညီချက်ဟာ ထိုကဲ့သို့သော ဖြစ်စဉ်ဖြစ်ပါတယ်။ ဒီလိုပေါင်းစည်းခြင်းအားဖြင့် ပြည်ထောင်စုမှာပဲ အချုပ်အခြာအာဏာရှိတော့တယ်လို့ မှတ်ယူလို့ မရဘူး။ တချို့သော အာဏာတွေကိုသာ ပြည်ထောင်စုကို စုပေါင်းအုပ်ချုပ်စေဖို့ အပ်နှင်းလိုက်တာဖြစ်ပေမယ့်၊ ပြည်နယ်တွင်းမှာ ကျင့်သုံးရမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို‌တော့ ပြည်နယ်မှာသာထားရှိရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပြည်နယ်တွေဟာ ကိုယ်ပြည်နယ်အတွင်းမှာ အချုပ်အခြာအာဏာ တစ်စုံတစ်ရာရှိတဲ့ ပြည်ထောင်စုအဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပြည်နယ်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ လိုအပ်လာတာဖြစ်ပါတယ်။ ပြည်နယ်တွေဟာ ပြည်ထောင်စုဖွဲ့စည်းပုံနှင့် ဥပဒေအရ ပဋိပက္ခမရှိဘဲ ပြည်နယ်တွင်း အချုပ်အခြာ အာဏာကို ကျင့်သုံးနိုင်ရမှာဖြစ်ပါတယ်။

▪️ပြည်နယ်ဖွဲ့စည်းပုံတွေရဲ့ ဝိသေသလက္ခဏာ

ပြည်နယ်ဖွဲစည်းပုံတွေအဖို့ အခြေခံဥပဒေတွေဟာ အခြေခံအားဖြင့် ဝိသေသလက္ခဏာ (၃) ရပ်နှင်တော့ ပြည်စုံရပါမယ်။ အဆိုပါ ဝိသေသလက္ခဏာတွေကတော့ –

(၁)  ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေ အနေနှင့် အခြေခံကျတဲ့ တစ်ဦးတစ်ယောက်ချင်း အခွင့်အရေးတွေနှင့် အစိုးရဖွဲ့စည်း၊ စနစ်တွေကို  လွတ်လွတ်လပ်လပ် ရေးဆွဲထားရမယ်။

(၂) ပြည်နယ်ဖွဲ့စည်းပုံတွေဟာ သာမန်ရိုးကျ ပြဌာန်းဥပဒေတွလိုပြုပြင်ပြောင်လဲရန် လွယ်လင့်တကူမဖြစ်ဘဲ အခိုင်အမာ ဖြစ်ဖို့လိုသလို ၊ အမြင့်ဆုံးဥပဒေ တစ်ရပ်လည်း ဖြစ်ရမယ်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။  

(၃) ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေဟာ သက်ဆိုင်ရာ ပြည်နယ်လူထု၏ အသီးသီးသော ထောက်ခံမှု၊လိုက်နာမှုကို ရရှိထားရမယ်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

▪️ပြည်နယ်ဖွဲ့စည်းပုံတွေရဲ့ လုပ်ဆောင်ပုံ

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အဓိကအားဖြင့် ပေးစွမ်းနိုင်တယ့် လုပ်ဆောင်ပုံတွေရှိပါတယ်။ ယေဘုယျအားဖြင့် ဒီလုပ်ဆောင်ပုံတွေကို ဖော်ပြရရင်-

(၁ ) ပြည်နယ်တွင်း မှီတင်းနေထိုင်သူတွေရဲ့ အခွင့်အရေးကို ဖော်ထုတ်အသိအမှတ်ပြုပေးတယ်။ ပြည်ထောင်စုသားတွေကို ခွဲခြားတာမျိုးထက် ကိုယ့်ပြည်နယ်အတွင်းမှာ ပိုလို့အခွင့်အရေးဖော်ထုတ်အသိအမှတ်ပြုပေးရတာဖြစ်ပါတယ်။

(၂) ပြည်နယ်တွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေရဲ့ တည်ဆောက်ပုံကို ပြဌာန်းပေးသလို၊ ကျင့်သုံးရမယ့် နည်းလမ်းတွေကိုဖော်ပြပေးပါတယ်။ ယင်းမဏ္ဍိုင်အသီးသီးရဲ့ သက်တမ်း၊ တင်မြှောက်ပုံတွေ၊ အသေးစိတ်လုပ်ဆောင်ပုံတွေ ပါရှိခြင်းအားဖြင့် ပြည်နယ်ရဲ့ ပြဌာန်းခွင့်ကို ကျင့်သုံးနိုင်တာဖြစ်ပါတယ်။

(၃) ပြည်နယ်တွင်း ဒေသန္တရအစိုးရတွေရဲ့ ဖွဲ့စည်းပုံတွေ၊ လုပ်ပိုင်ခွင့်အာဏာတွေ နှင့် ဝန်ဆောင်မှုအမျိုးအစားတွေကို သတ်မှတ်ပေးတယ်။ ဒီလိုနည်းအားဖြင့် ဒေသန္တရကိုပိုမိုနီးကပ်စွာ ပူပေါင်းဆောင်ရွက်နိုင်စေပါတယ်။

(၄) ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း လုပ်ငန်းစဉ်တွေကိုလည်း ပြဌာန်းအာမခံချက်ပေးတယ်လို့ ဆိုပါတယ်။ ပြည်နယ်အခြေခံဥပဒေတွေဟာ ဗဟိုပြည်ထောင်စု ဥပဒေတွေလောက်တော့ ပြင်ဆင်ရန် မခက်ခဲကြလို့ ပြည်နယ်သား တွေက ပြင်ဆင်ဖို့လည်း ပြုလွယ်ပြင်လွယ် ရှိစေပါတယ်။ 

▪️ဥပဒေအကျိုးသက်ရောက်မှု

ဒီလိုအချက်တွေပါလို့ ပြည်နယ်ဖွဲ့စည်းပုံတွေဟာ ပြည်ထောင်စု ကိုကျော်လွန် လုပ်ဆောင်မှာလားဆိုတော့ မဟုတ်ပါဘူး။ ဥပဒေကိုယ်၌ ကိုယ်ကျင့်တရား ( Morality of Law) တွေကိုလိုက်နာရပါတယ်။ ပြည်ထောင်စုကပေးအပ်ထားတဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခွင့်ဖို့ မဟုတ်ဘဲ ပိုပြီးတိုးမြင့်အာမခံဖို့လုပ်ဆောင်ပေးပါတယ်။ ဥပမာ- အနေနှင့်ဆိုရရင် ဆွဇ်ဇာလန်နိုင်ငံဖြစ်စဉ်မှာပြည်နယ်တွေဟာ ဗဟိုပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေထက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းပါအခွင့်အရေးတွေ၊ ဥရောပသမဂ္ဂဆိုင်ရာလူ့အခွင့်အရေးသဘောတူညီမှုပါ အချက်တွေကို အာမခံဖော်ပြကြတာကို တွေ့ရလို့ ဗဟိုဖွဲ့စည်းပုံထက် ပိုပြီး လူ့အခွင့်အရေးရှေ့ဆောင်တွေဖြစ်ကြပါတယ်။ သို့သော် ပြည်ထောင်စုဖွဲ့စည်းပုံက အာမခံထားတဲ့ အချက်တွေကို ချိုးဖောက်ကျင့်သုံးခွင့်ရကြတာ မဟုတ်ပါဘူး ပိုမိုတိုးချဲ့အာမခံနိုင်အောင်သာ ဆောင်ရွက်ကြရတာဖြစ်တယ်။

ပြည်ထောင်စုဖွဲ့စည်းပုံတစ်ရပ်ပဲ ရှိတဲ့နိုင်ငံတွေမှာ ပြည်နယ်တွေဟာ ၎င်းတို့ရဲ့ လုပ်ဆောင်ပုံကို ပြင်ဆင်ရန် ခက်ခဲလှပါတယ်။ ပြည်ထောင်စု ပါလီမန်ကသာလျှင် ပြင်ဆင်နိုင်တဲ့ အတွက်ပြည်နယ်တွင်းမှာ အခက်အခဲရှိသည် ဖြစ်စေ၊ အဆင်မပြေသည် ဖြစ်စေသည်ကျိတ်မှိတ်ကျင့်သုံးရပါတယ်။ ဒါကြောင့် အိန္ဒိယပြည်ထောင်စုလို ဖွဲ့စည်းပုံတစ်ရပ်ထဲရှိရမယ်ဆိုတဲ့နိုင်ငံမှာ တောင် ကတ်ရှ်မီယား ပြည်နယ်ကို ပြည်နယ်ဖွဲ့စည်းအခြေခံ ဥပဒေရေးဆွဲ ပြဌာန်းခွင့်ပေးခြင်းအားဖြင့် ဖြေရှင်းနေကြ ရပါတယ်။ ပြည်ထောင်စုဖွဲ့စည်းပုံ တစ်ရပ်ထဲကျင့်သုံးတဲ့ နိုင်ငံတွေမှာထက်စာရင် – ပြည်နယ်ဖွဲ့စည်းပုံရှိတဲ့ ပြည်ထောင်စု တွေမှာဆိုရင် ပြည်နယ်တွေဟာ ၎င်းတို့ရဲ့ ပြည်နယ်ပြဿနာကို ပြည်နယ်ဖွဲ့စည်းပုံထဲမှာ လွယ်လင့်တကူအဖြေရှာခြင်း အားဖြင့် အဖြေရှာညှိနှိုင်းနိုင်ကြတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဗဟိုပြည်ထောင်စုဖွဲ့စည်းပုံထက် ပိုပြီး ပြုလွယ် ပြင်လွယ် ( flexible ) ဖြစ်လို့ ပြည်နယ်တွင်း အစုအဖွဲ့တွေအကြား  ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ရတာ ပိုပြီး လွယ်ကူ စေပါတယ်။

▪️အနာဂါတ် ပြည်ထောင်စု နှင့် သင့်လျော်မှု

လွပ်လပ်ရေးရစကတည်းက ဗဟိုချုပ်ကိုင်တဲ့ စနစ်ကို ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံအခင်းအကျင်းမှာ- ပြည်နယ်တွေရဲ့ အခွင့်အရေးကို အာမခံနိုင်ဖို့၊ အမှန်တကယ်ကျင့်သုံးလုပ်ဆောင်နိုင်ဖို့ဟာ အရေးကြီးလှပါတယ်။ ခေတ်အဆက်ဆက် ပြင်ဆင်ရခက်တဲ့ ဗဟိုဖွဲ့စည်းပုံတွေရဲ့ အောက်မှာ- ပြည်နယ်အသီးသီးရဲ့ အခွင့်အရေးနှင့် အချုပ်အာဏာတွေဟာ ဆိတ်သုဉ်း နေခဲ့ရပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာနှင့် ဝေးကွာနေခဲ့ပါတယ်။ အုပ်ချုပ်ရေးရှုထောင့်ကကြည့်လျှင် ဗဟိုကချပေးတဲ့ ပုံစံအတိုင်း ကျင့်သုံးခွင့်ရလို့ ပြည်နယ်သားတွေရဲ့ လိုလားမှု၊ အံဝင်ဂွင်ကျမဖြစ်မှုတွေကိုသာ ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒါ့အပြင် ပြင်ဆင်ဖို့ ခက်ခဲကျပ်တည်းလှတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံတွေရဲ့ ဖိနှိပ်မှုအောက်မှာ- ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ ပြည်နယ်အစိုးရကိုရွေးကောက်တင်မြောက်ခွင့်၊ ပြည်နယ်သားအခွင့်အရေး ခံစားပိုင်ခွင့်တွေနှင့် ဝေးကွာနေကြရပါတယ်။ ဒါကြောင့် အနာဂါတ်ပြည်ထောင်စုတည်ဆောက်ရေးမှာလည်း ပြည်နယ်ဖွဲ့စည်းပုံတွေရဲ့ အခန်းကဏ္ဍဟာ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြည်နယ်သားတွေ့ရဲ့ အခွင့်အရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မယ့် ကိစ္စရပ်တစ်ခုဖြစ်တယ်ဆိုတာကို လက်ခံကြဖို့လိုပါတယ်။

▪️ စောရှိုင်းကိုကိုလွင် ရေးသည်။

ဖက်ဒရယ်ဂျာနယ်

နိုဝင်ဘာ ၃၀၊ ၂၀၂၁

ရည်ညွန်းကိုးကား

  • Sub constitutionalism by Tom Ginsburg & Eric A. Posner
  • The State Constitution: Nature and Its purpose by Paul G.Kauper
  • Models of Subnational Constitutionalism by Jonathan L. Marshfield
  • SWISS CANTONAL CONSTITUTIONS AS SOURCES OF LAW FOR THE PROTECTION OF FUNDAMENTAL RIGHTS by Sophie Weerts