• Today is: Friday, April 19, 2024

မြန်မာ့နွေဦးနိုင်ငံရေးပဋိညာဉ်

မြန်မာ့နွေဦးနိုင်ငံရေးပဋိညာဉ်

မြန်မာ့နွေဦးတော်လှန်ရေးမှာ ဦးဆောင်နေတဲ့ နိုင်ငံရေးအင်အားစုတွေကို ပထဝီအပိုင်းအခြားအရ အမျိုးအစားခွဲရင် အကြမ်းဖျင်းအားဖြင့် (၃) စု ထွက်လာပါတယ်။

  • (၁) တောင်ပေါ်ဖက်ဒရယ်လစ်အင်အားစုတွေ
  • (၂) မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒီမိုကရက်တစ်အင်အာစုတွေ
  • (၃) ဗမာအညာအင်အားစုတွေ … ဆိုပြီး ဖြစ်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ အားလုံးသောနိုင်ငံရေးအင်အားစုတွေဟာ ဖက်ဒရယ်ဒီမိုကရေစီအပေါ်မှာ ရပ်ခံစုဆုံ ကြတာတွေ့ရပါတယ်။ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီကို မူအားဖြင့် သဘောတူညီထားကြပြီးဖြစ်ပါတယ်။ သို့သော်လည်း အသေးစိတ်သောနည်းနာပိုင်းအားဖြင့် ဆက်လက်ဆွေးနွေးညှိနှိုင်းနေကြတာတွေ ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကို ထိန်းကျောင်းအကြံပြု ကူညီဆောင်ရွက်နေတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) ဟာ တစ်နိုင်ငံလုံးက နိုင်ငံရေးအင်အာစုတွေ ပုံစံအသီးသီးနဲ့ စုဖွဲ့ကိုယ်စားပြုထားတဲ့ ပုံစံဖြစ်ပါ တယ်။ နိုင်ငံရေးအရ ကိုယ်စားပြုမှုမှာ ကျယ်ပြန့်မျှတတဲ့ စုဖွဲ့မှု ပုံစံလို့ ပြောနိုင်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေး မှာ စစ်ရေးအရ စုဖွဲ့ ပူးပေါင်းကြတာတွေက တစ်ပိုင်းတစ်ကဏ္ဍဖြစ်ပြီး၊ နိုင်ငံရေးအရ သဘောတူညီမှုရအောင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့ စုစည်းနိုင်ဖို့ ကြိုးစားတာကလည်း အပိုင်းတစ်ကဏ္ဍအဖြစ် အရေးကြီးပါတယ်။ ကြားကာလအုပ်ချုပ်စီမံရေးဖြစ်စဉ်နဲ့ အသွင်ကူးပြောင်းတဲ့လုပ်ငန်းစဉ်တွေမှာ အရေးကြီးတဲ့ အဓိက ပဋိညာဉ်ဖြစ်ပါ တယ်။ နွေဦးအောင်ပွဲနောက်ပိုင်း ပီပြင်အသက်ဝင်လာမှာကတော့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေဖြစ်ပါ တယ်။ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား တလေးတစား အပြန် အလှန် သဘောတူချုပ်ဆိုထားကြတဲ့ ကတိကဝတ်စာချုပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အရေးကြီးပါတယ်။

ဘုံတူညီချက်

အားလုံးသောနိုင်ငံရေးအင်အားစုတွေဟာ ဘုံတူညီချက် (Common Ground) ကို ကြိုးစားရှာဖွေတည်ဆောက်နေ တာတွေ့ရပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေးတပ်ပေါင်းစုအတွက် ဘုံတူညီချက်နဲ့ ဘုံသဘောတူညီချက်တွေ တွေ့ရှိနိုင် ရေးဟာ အရေးကြီးပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီမူအပေါ်မှာ အားလုံးရပ်ခံသဘောတူညီပြီးဖြစ်လို့ ပြဿနာရယ် လို့ ကြီးကြီးမားမား မတွေ့နိုင်ပါ။ သို့သော်လည်း သေးသေးမွှားမွှားလေးတွေအပေါ် နိုင်ငံရေးအရ အမြင်ကျယ်ကျယ် နဲ့ သဘောထားကြီးကြီး ရှုမြင်နိုင်မှ ကောင်းပါမယ်။ သို့မဟုတ်ရင် အသေးအမွှားဖြစ်ရပ်လေးတွေက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီမူဘောင်ကို ချိုးဖျက်ပြီး၊ ကသောင်းကနင်း အခြေအနေကို ပြန်လည်ဆွဲခေါ်သွားနိုင်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ နိုင်ငံရေးခန္တီတရားအားနည်းခဲ့လို့၊ အကွဲအပြဲဇာတ်လမ်းနဲ့ ကြုံခဲ့ရတာတွေ့ရပါတယ်။ အသေးအမွှားဖြစ်ရပ်တွေရှိလာခဲ့ရင် သဘောထားကြီးကြီးနဲ့ တုံ့ပြန်ကြဖို့ ဖြစ်ပါတယ်။ အဓိကသတိထားရမှာက၊ နိုင်ငံရေးမဟာဗျူဟာအမြင်နဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့စရိုက်အခံဟာ မျှခြေညှိနိုင်ဖို့ ဖြစ်ပါတယ်။

နိုင်ငံရေးပဋိညာဉ်

နိုင်ငံရေးအရ အရေးကြီးတဲ့ ဘုံသဘောတူညီချက်တွေကို ပဋိညာဉ်အားဖြင့် ချုပ်ဆိုပြဌာန်းတာကို နိုင်ငံရေးပဋိ ညာဉ် (Political Pact) လို့ ခေါ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် မပေါ်ပေါက်သေးခင်၊ မြန်မာ့နွေဦးတော် လှန်ရေးကာလမှာ နိုင်ငံရေးနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အဓိက အရေးကြီးတဲ့အခြေခံမူဘောင် ဖြစ် တယ်လို့ နားလည်ရပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ နိုင်ငံရေးပဋိညာဉ်တစ်ရပ် ခိုင်ခိုင်မာမာရရှိခြင်းဟာ အရေးကြီးပါတယ်။ ဒီအရေးပါတဲ့လုပ်ငန်းစဉ်ကို လက်ရှိ နွေဦးနိုင်ငံရေးအင်အားစုတွေဟာ တစ်စုံတစ်ရာအတိုင်း အတာအထိ တက်လှမ်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း အပြီးသပ် ကတိကဝတ်ပြုပြီး ဖြည့်စွက်ဆွေးနွေးရမယ့် အပိုင်းတွေ ကျန်ရှိနေသေးတာတွေ့ရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ဟာ နိုင်ငံရေးပဋိညာဉ်တစ်ခုအနေနဲ့ အရေးကြီးတယ်။ ဒါ့ကြောင့် အားလုံးက ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ကို လက်တွေ့ကျကျ၊ စနစ်တကျနဲ့ အခြေခံစံတန်ဖိုးတွေကို ထည့်သွင်းပြီး အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ

နိုင်ငံရေးအင်အားစုတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ်မှာ မူတည်ပြီး ထွက်ပေါ်လာမှာကတော့ ဖက်ဒရယ် ဒီမိုကရေစီ အခြေခံဥပဒေဖြစ်ပါတယ်။ နိုင်ငံရေးအရ သဘောတူညီထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မူဘောင် အတွင်းကနေ အသေးစိတ် ထပ်မံထွက်ပေါ်လာမယ့် စာချုပ် (တနည်း) ပဋိညာဉ် ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ သစ်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အစိုးရနဲ့ လူထုအကြား ယုံကြည်စွာ ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်တယ်၊ ပဋိညာဉ်တစ်ခုဖြစ်တယ်။ ထိုနည်းလည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား နှစ်ဖက်သဘောတူ ချုပ်ဆိုထားတဲ့ စာချုပ် (တနည်း) ပဋိညာဉ်ဖြစ်တယ်။ ဒါ့ကြောင့် နွေဦး တော်လှန်ရေးအလွန်ကာလနဲ့ အသွင်ကူးပြောင်းရေးကာလမှာ ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေဟာ အရေးပါပါ တယ်။ ထိုနည်းလည်းကောင်း အနာဂတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး တစ်လျှောက်လုံးအရေးပါအရာရောက် မယ့် အရာဖြစ်ပါတယ်။

အကြံပြုချက်

ဒီနေရာမှာ အရေးကြီးတဲ့အချက် တစ်ခု ရှိပါတယ်။ လူထုအကြားမှာ ဖက်ဒရယ်ဒီမိုကရေစီအတွေးအမြင်တွေနဲ့ပတ် သက်ပြီး များများ စိမ့်ဝင်ဖြန့်ကျက်နိုင်ဖို့ လုပ်ကြရအုံးမှာ ဖြစ်ပါတယ်။ ယခင့်ယခင် လုပ်ခဲ့တဲ့ အလုပ်တွေဟာ မလုံလောက်သေးပါဘူး။ နိုင်ငံရေးအင်အားစုတွေအကြား သဘောတူညီထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ မူဘောင် တွေကို ပြည်သူနားလည်လက်ခံအောင် ကျယ်ကျယ်ပြန့်ပြန့် နားချဖို့ လိုပါသေးတယ်။ လူထုဟာ မြန်မာ့နွေဦး လှုပ်ရှားမှုတွေမှာ ဖက်ဒရယ်ဒီမိုကရေစီကို ကျင့်သုံကြဖို့ သဘောဆန္ဒ ရှိထားပြီးဖြစ်ပါတယ်။ သို့သော်လည်း ဒါကို လက်တွေ့ကျင့်သုံးနိုင်ဖို့ လူထုကြားထဲမှာ ဖက်ဒရယ်အမြင် ဖက်ဒရယ်အယူအဆ ဖက်ဒရယ်အတွေးအခေါ်တွေ ရင့်ကျက်ဖို့ လိုနေပါသေးတယ်။ ဒါကို နယ်ပယ်အသီးသီးက ပညာတတ်တွေက လှုံ့ဆော်ဖြန့်ကျက်ပေးကြဖို့ ဖြစ်ပါ တယ်။ သီးခြားနိုင်ငံရေးအင်အားစုတွေအတွင်းမှာသာ နားလည်သိရှိနေခြင်းဟာ မလုံလောက်ပါဘူး။ ဒီနေ့ ဒီအချိန် ကာလဟာ မတည်ငြိမ်သေးတဲ့ ကသောင်းကနင်းကာလမို့၊ ဒါကို မလုပ်နိုင်သေးဘူးလို့ ဆင်ခြေပေးလို့ မရပါ။ ကျဉ်းထဲကျပ်ထဲမှာ လုပ်သင့်လုပ်ထိုက်တာတွေကို သိမ်သိမ်မွေ့မွေ့ လုပ်ရမှာတွေ ရှိပါတယ်။ လူထုအကြားမှာ ဖက်ဒရယ်အမြင် ဖက်ဒရယ်အယူအဆနဲ့ ဖက်ဒရယ်ဆိုင်ရာအတွေးအခေါ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ဖြန့်ချိကြဖို့လည်း လိုပါတယ်။ နွေဦးတော်လှန်ရေးမှာ လက်နက်ကလည်း လက်နက်အလုပ်လုပ်ကြရမှာ ဖြစ်သလို၊ သိမြင်နားလည်မှုအတွက် ပညာကလည်း ပညာအလုပ်ကို လုပ်နေရပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ အချုပ်ပြောချင် တာကတော့…. ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ အရေးကြီးပြီး အခြေခံကျတဲ့ နိုင်ငံရေးဘုံသဘောတူညီချက်ဖြစ်တဲ့အတွက် သက်ဆိုင်ရာနွေဦးနိုင်ငံရေးအင်အားစုတွေအကြား နိုင်ငံရေးခန္တီ တရားနဲ့ နိုင်ငံရေးမဟာဗျူဟာအမြင် ရင့်ကျက်ကြဖို့ ဖြစ်ပါတယ်။ အကွဲအပြဲဇာတ်လမ်းကို ပြည်သူက နောက်ထပ် ထပ်မလိုချင်ပါ။ နောက်ဆုံးအချက်က – တော်လှန်ရေးအလွန်ကာလနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး မှာ လူထုရဲ့ ဖက်ဒရယ်အသိဟာ အရေးကြီးတာမို့၊ ဖက်ဒရယ်အမြင် ဖက်ဒရယ်အယူအဆနဲ့ ဖက်ဒရယ်အတွေး အခေါ်ဆိုင်ရာတွေကို နယ်ပယ်အသီးသီးက ပညာတတ်တွေက အသိပေးဝေငှဖြန့်ချိပြီး လူထုရဲ့ သိမြင်မှုကို ကျယ်ပြန့်အောင် လုပ်ကြဖို့ဖြစ်ပါတယ်။

မင်းသေ့

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၂၊ ၂၀၂၁