• Today is: Thursday, April 18, 2024

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့သပိတ်စစ်ကြောင်းတို့အား အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် ရှုံ့ချကြောင်းနှင့် သမ္မတနှင့် အတိုင်ပင်ခံအား ပြစ်ဒဏ်ချမှတ်ခြင်းကို လက်ခံနိုင်ဖွယ်မရှိဟု PPST ပြော

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၇၊ ၂၀၂၁

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့သပိတ်စစ်ကြောင်းကို အာဏာသိမ်း စစ်ကောင်စီတပ်က အကြမ်းဖက် တိုက်ခိုက်မှုများကို ရှုံ့ချကြောင်းနှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်   စစ်ကောင်စီက ပြစ်ဒဏ်များချမှတ်ခြင်းအပေါ် လက်ခံနိုင်ဖွယ်မရှိကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန် ပြောဆိုထားသည်။

အကြမ်းမဖက်လှုပ်ရှားမှူတွေကို ဖိနှိပ်ဖြိုခွင်းတဲ့အနေအထားကို လက်မခံဘူး၊ ဘယ်နိုင်ငံသားမဆို မိမိဆန္ဒကို ထုတ်ဖော်ခွင့်ရှိရမယ်။ ကျွန်တော်တို့ ဒီတိုင်းပြည်မှာ ညှိနှိုင်းမှုမှာ ပါဝင်ဆောင်ရွက်ရမယ့် တာဝန်ရှိသူတွေကို အခုလို အရေးယူမှုတွေက ဖြေရှင်းသွားရမယ့် နည်းလမ်းမဟုတ်ဘဲနဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပဋိပက္ခတွေပိုမို ကြီးထွား သွားစေတယ်လို့ ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

“အဓိကကတော့ ကျွန်တော်တို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းကတည်းက ကျွန်တော်တို့ ထုတ်ပြန် ပြီးသားဖြစ်ပါတယ်။ ဆိုလိုတာကတော့ အကြမ်းမဖက်လှုပ်ရှားမှူတွေကို ဖိနှိပ်ဖြိုခွင်းတဲ့အနေအထားကို လက်မခံဘူးပေါ့နော်၊ ဘယ်နိုင်ငံသားမဆို မိမိဆန္ဒကိုထုတ်ဖော်ခွင့်ရှိရမှာပေါ့နော်။ ကျွန်တော်တို့ရဲ့ အခြေခံမူမှာ လည်း ပြည်သူလူထုကိုအကာအကွယ်ပေးရမယ်ဆိုတာ အခြေခံမူမှာပါတယ်။ ဒီလိုမျိူးအကြမ်းမဖက် လှုပ်ရှားမှု မျိူးကို အခုလိုဖိနှိပ်တာမျိူးက တစ်ကယ်ကိုမဖြစ်သင့်မဖြစ်ထိုက်တဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်း တစ်ခုမှာ မဖြစ်သင့်တဲ့အခြေအနေတစ်ခုပါ။ ဒါကိုလုပ်လို့မရဘူးဆိုတာ ကျွန်တော်တို့ကန့်ကွက်တဲ့အနေအထားကို ကျွန်တော်တို့ဖော်ပြတာပေါ့။ ဒါကတစ်ချက်။ ပြီးတော့ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ပြစ်ဒဏ်ချတဲ့ကိစ္စပေါ့။ ကျွန်တော်တို့နိုင်ငံရေးရည်မှန်းချက်မှာ ကျွန်တော်တို့ရဲ့ သဘောထားကို တင်ပြထား ပါတယ်။ အဲဒါကတော့ ဒီနိုင်ငံမှာရှိနေတဲ့ နိုင်ငံရေးအကြပ်အတည်းကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ အဖြေရှာဖို့ လိုအပ်တယ်ဆိုတာရယ်၊ ပြီးတော့မှ သူတို့ဆွေးနွေးပြီးတော့မှ ပါဝင်သင့်ပါဝင်ထိုက်တဲ့ ခေါင်းဆောင်တွေ အားလုံးပါဝင်ပြီးတော့မှ ဂုဏ်သိက္ခာရှိရှိညှိနှိုင်း ဆွေးနွေးအဖြေရှာဖို့ပါ။ အဲဒီလို အခြေအနေကြားထဲကနေ အခုလိုမျိူး ကျွန်တော်တို့ ဒီတိုင်းပြည်မှာ ညှိနှိုင်းမှုမှာ ပါဝင်ဆောင်ရွက်ရမယ့် တာဝန်ရှိသူတွေကို အခုလို အရေးယူမှုတွေက ဖြေရှင်းသွားရမယ့်နည်းလမ်းမဟုတ်ဘဲနဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပဋိပက္ခတွေ ပိုမို ကြီးထွား သွားစေမယ်။ အဲဒါကြောင့် ကန့်ကွက်ကြောင်း ဖော်ပြတာဖြစ်ပါတယ်” ဟု ပြောပါတယ်။  

လာမယ့် စတုတ္ထအကြိမ်ညီလာခံ ဒုတိယပိုင်းကို လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီကိုရွေ့လိုက်ကြေင်း ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ဖက်ဒရယ်ဂျာနယ်ကို ဆက်ပြောပါတယ်။

“အဓိကပြင်ဆင်ချိန်နည်းတယ်ဆိုတဲ့အနေအထားကလည်း ကျွန်တော်တို့ အခြေနေအမျိူးမျိူးပေါ့နော်။ ဆိုလိုတာက ကျွန်တော်တို့ အစည်းအဝေးတစ်ခု ကျင်းပပြီးဆိုရင်တော့ ရလဒ်ကောင်းတွေထွက်ဖို့ ကြိုတင်ပြင်ဆင် ရတာပေါ့။ ညှိနှိုင်းအစည်းအဝေးတွေလည်း ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်ရတာပေါ့။  ဒီကနေ့ကာလမှာ ကတော့ အားလုံးသိတဲ့အတိုင်းပါပဲ ကိုဗစ်-၁၉ အခြေအနေအောက်မှာ ဖြေရှင်းနိုင်တဲ့အခြေအနေမရှိဘူးလေ။ အဲဒီအခြေအနေကြောင့် ကျွန်တော်တို့ အွန်လိုင်းပေါ်ကနေ ညှိနှိုင်းနေရတော့ အချိန်ပိုယူရတာပေါ့လေ။ ပုံမှန်အခြေအနေထက်။ ကျွန်တော်တို့အခု မျှော်မှန်းထားတာထက်အချိန်ပိုယူရတဲ့အနေအထားဖြစ်တာပေါ့။ ပြီးတော့ ကျွန်တော်တို့အစည်းအဝေးကျင်းပဖို့ အခင်းအကျင်းဆိုတာကလည်း ပုံမှန်အားဖြင့် ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ချင်းမိုင်မှာ ဒါမှမဟုတ် ကျွန်တော် EAO တွေရဲ့ အခြေစိုက်စခန်းမှာ ဆောင်ရွက်လေ့ရှိတာပေါ့။ ဒါပေမယ့် အခုက ကိုဗစ် ၁၉ အခြေအနေကိုလည်းထည့်တွက်ရတာကိုး။ ဒီတော့ Zoom နဲ့ညှိနှိုင်းဆောင်ရွက် နေရတဲ့အခါကျတော့ ပုံမှန်ထက်အချိန်ပိုယူရတာပေါ့နော်” ဟု ပြောပါတယ်။

PPST ၏ ၂ ရက်တာ အစည်းအဝေးအပြီး နိဂုံးချုပ် မိန့်ခွန်းတွင် “ဒီဇင်ဘာ ၅ ရက်နေ့မနက်ပိုင်းက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည့် သပိတ်စစ်ကြောင်းကို အာဏာသိမ်း စစ်ကောင်စီတပ်က အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍လည်း ရှုံ့ချကြောင်း” နှင့် “နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍လည်း လက်ခံနိုင်ဖွယ်မရှိပါ။ ထိုကဲ့သို့ စစ်ကောင်စီ၏ ဆောင်ရွက်ချက်များကြောင့် နိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်ရေးအတွက် ပိုမိုအလှမ်းဝေးစေတယ်လို့ ယူဆပါတယ်” ဟု အလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ထိုသို့ ထည့်သွင်းပြောဆိုထားပါတယ်။

အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် PPST တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ဖြစ်ပါတယ်။