• Today is: Thursday, March 28, 2024

2021 နွေဦးရာသီမြင်ကွင်းများ (၁၂၅)

2021 နွေဦးရာသီမြင်ကွင်းများ (၁၂၅)

(ရွှေဘိုလွင်ပြင် နဲ့ မြောင်)

တလောလေးက လေးစားရတဲ့ မိတ်ဆွေတစ်ယောက်က ရွှေဘိုလွင်ပြင်ကို ပတ်ဝိုင်းခြေမှုန်းတာမျိုး ဖြစ်လာနိုင်မလားလို့ မေးပါတယ်။ ခြေမှုန်းတာမျိုးကတော့ အရင်ကတည်းက ဖြစ်နေတာပါပဲ။ ဒီအခြေအနေမှာ စကစ အနေနဲ့ ရွှေဘိုလွင်ပြင်ကို အပြီးသတ်ပြန်ရဖို့တော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ဖြေမိပါတယ်။

၂၈/၁၀/၂၀၂၁ နေ့ကတည်းက ရွှေဘိုလွင်ပြင်မြောက်ဘက်အစပ်၊ ကာပေါင်းကျရွာအောက်နားလောက်ကနေ လေယာဉ်နဲ့ အခေါက်ခေါက်ပစ်သွားလိုက်တာ သဖမ်းဆိပ်အနောက်ဘက် ကျွဲတဲရွာနားထိ တောက်လျှောက်ပဲ။ လေယာဉ်နဲ့ပစ်တယ်ဆိုတာ မြေပြင်မှာ ကြည်းတပ်တွေ တိုးမပေါက်လို့ ဖြေရှင်းတဲ့နည်းပါ။

ပြီးတော့ ဆည်ရဲ့ အရှေ့အနောက်ရွာတွေ၊ တောတွေကို တောနင်းဖြေရှင်းခဲ့ပါသေးတယ်။ ရှင်းလင်းရေးဝင်နေတုန်းကခဏ ပြေးကြရပေမယ့် နောက်တော့ ဒုံရင်းပါပဲ။ အဲ့ဒီကတည်းက စကစမှာ ဖိအားတွေများပြီး ရွှေဘိုလွင်ပြင်ဝန်းကျင်ကို ရှင်းထုတ်ဖို့ ကြိုးစားနေတာ မြင်သာပါတယ်။ တဖြည်းဖြည်းနဲ့ အဲ့ဒီလွင်ပြင်မှာ တော်လှန်ရေးအင်အားစုတွေ ကင်ဆာဆဲလ်ပွားသလို တားမရဆီးမရပွားလာနေတာကို စိုးရွံ့လာတာလည်းပါပါတယ်။ ဇူလိုင်လလောက်ကတည်းက ဒီပဲယင်းအရှေ့နဲ့အနောက်ရွာတွေကို ဝင်မွှေ၊ မီးရှို့ လုယက်တာ လုပ်နေပါပြီ။ မြေပုံပေါ်မှာ မူးမြစ်အနောက်ခြမ်း၊ (ဒီပဲယင်းအရှေ့ခြမ်း)က အနီနဲ့ ပြထားတဲ့နေရာတွေက တော်တော်ခံကြရပါတယ်။

ဒီမနက် ၀၇/၁၂/၂၀၂၁ မှာတော့ ဒီပဲယင်းအနောက်ဘက် ဆယ်မိုင်လောက်အကွာက အောင်စည်မြေရွာကို လက်နက်ကြီးတွေနဲ့ပစ်၊ လေယဉ်နဲ့တိုက်တာလုပ်နေပါပြီ။ အဲ့ဒီနားက အင်ဘုတ်မှာ ရဟတ်ယာဉ်နဲ့ စစ်သည်တွေချပြီး၊ ၀၉၁၁၂၁မှာကတည်းက ဝင်းရံတို့ တပ်တည်တို့ကို ရွာမီးရှို့ ရှင်းလင်းရေးလုပ်ခဲ့ပြီးပါပြီ။ ဒီနေ့မှာ ရွာနားနီးစပ် အောင်စည်မြေကို ရှင်းလင်းနေရတာပါ။ တော်လှန်ရေးတပ်သားတွေဟာ တိုက်ပွဲတွေကြောင့်  နေရာသာရွှေ့သွားမယ်၊ ပျောက်မသွား၊ ကုန်မသွားနိုင်သေးတာ သေချာပါတယ်။ နာနာနှက်လေ၊ ဓားကောင်းလေပဲ ဆိုသလို အဖိနှိပ်အရက်စက်ခံရဖန်များလေ မာရေကျောရေရှိလှတဲ့ တော်လှန်ရေးတပ်သားတွေ ပွားလာလေပါပဲ။

ဒီလွင်ပြင်ဟာ ရွှေဘိုကနေ အနောက်ဘက်ကို မူးမြစ်ဝှမ်း၊ ရေဦး၊ ဒီပဲယင်း အနောက်ခြမ်းထိပါပြီး၊ မြောက်ဘက် သဖမ်းဆိပ်ဆည်၊ တောင်ဘက် မန္တလေး-မုံရွာလမ်းအထိပါပါမယ်။ မုံရွာလမ်းတောင်ဘက်ကို ကျော်လိုက်တာနဲ့ ချင်းတွင်း-ဧရာဝတီကြားက တိုက်ပွဲအရှိန်ကောင်းပြီး ပြည်သူ့အုပ်ချုပ်ရေးတစ်ပိုင်းတစတောင် ဝင်နေတဲ့ မြောင်နယ်ထဲရောက်သွားပါပြီ။ ဒီပဲရင်းအနောက်ဘက်မှာ တိုက်ပွဲအရှိန်မြင့်နေတဲ့ ချင်းတွင်းအရှေ့အနောက်ခြမ်း ၊ မင်းကင်း၊ ကနီ၊ ယင်းမာပင်နယ်ရှိနေပါတယ်။ ယင်းမာပင်တောင်ဘက်မှာလည်း မုံရွာ၊ ဂန့်ဂေါလမ်းမကြီးကို စိုးမိုးခြိမ်းခြောက်ထားတဲ့ ပုလဲနဲ့ ပေါက်နယ်ရှိနေပါတယ်။ သဖမ်းဆိပ်ဆည်မြောက်ဘက်ကို ဆက်တက်ရင်လည်း ချပ်သင်းဘေးမဲ့တောနဲ့ ဆက်နေတဲ့ ဆန့်ကျင်မှုဇာတ်ရှိန်မြင့်တဲ့ ပင်လယ်ဘူးဒေသ၊ သူ့မြောက်ဘက်ဆက်တက်ရင် တိုက်ပွဲအရှိန်မကျတဲ့ ကချင်-စစ်ကိုင်းအစပ်ပါ။ ကြားထဲမှာ တစ်ရက်တည်း စကစ ယာဉ်တန်းကို (၈)ကြိမ်တိတိ ဆက်တိုက်မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ထီးချိုင့်နယ်ရှိပါသေးတယ်။

မြေပုံပေါ်မှာကြည့်လိုက်ရင် ရွှေဘိုလွင်ပြင်ရဲ့ အရှေ့နောက်တောင်မြောက်ဝဲယာဟာ တော်လှန်ရေး မီးတောက်တွေချည်းပါပဲ။ အဲ့ဒါအားလုံးကို တစ်ပြိုင်နက်ရှင်းဖို့ ဆိုတာ လက်ရှိ စကစ စစ်အင်အားနဲ့ ဘယ်လိုမှ ဖြစ်နိုင်မယ်မထင်ပါ။ မဖြစ်နိုင်လို့လည်း၊ ချင်းတောင်တက်တဲ့ အနော်ရထာ၊ စစ်ကိုင်းကိုရှင်းမယ်ဆိုတဲ့ အလောင်းဘုရားတွေဟာ နာမည်သာရှိပြီး အလုပ်မဖြစ်တာ၊ အခွံသာကျန်တဲ့ သေနတ်စုတ်ပမာဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ရွှေဘိုခွင်တစ်ခုတည်းတင် တော်လှန်ရေးအင်အားစု ငါးထောင်ကျော်ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့မှာ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM က သင်္ဘောနှစ်စီး ထိန်းသိမ်းထားနိုင်ပြီး မြို့ဝင်လမ်းဂိတ်တွေကို စစ်ဆေးရေးလုပ်မယ်ပြောတော့ လူတွေက မြောင်ကို လွတ်မြောက်နယ်မြေဖြစ်ပြီ၊ ပထမဆုံးလွတ်မြောက်တဲ့နယ်မြေလို့ စိတ်ခံစားမှုတွေနဲ့ ပြောကြပါတယ်။ လွတ်မြောက်နယ်မြေဖြစ်ဖို့ဆိုတာ ကိုယ့်တပ်တွေက ကိုယ့်နယ်မြေကို လုံလုံခြုံခြုံကာကွယ်မှုပေးထားနိုင်ရပါမယ်။ အဲ့ဒီနယ်ထဲမှာ ကိုယ့်အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်ထုတ်လုပ်ရေးစံနစ်ကို ကိုယ်တိုင် ထူထောင် ထားနိုင်ရပါမယ်။ အဲ့ဒါမှ လွတ်မြောက်နယ်မြေဖြစ်မှာပါ။ ခုတော့ မြောင်ထဲမှာကို စကစ စခန်းရှိနေပါသေးတယ်။ မြောင်အဖွဲ့က အဲ့လိုကြေငြာလိုက်တော့ ချက်ချင်း စစ်အင်အား ၈၀ လာဖြည့်ပါတယ်။ ဒါဟာ တော်လှန်ရေးအဖွဲ့တွေ တစ်စိတ်တစ်ပိုင်း ကြီးစိုးထားတဲ့ လမ်းပေါ်က လာဖြည့်တာဖြစ်ပါမယ်။ လူတွေရဲ့ စကားသံကြောင့် မြောင်တော့ ဒုက္ခရောက်တော့မယ်၊ ဝိုင်းပတ်ချေမှုန်းခံရတော့မယ်လို့လည်း တွေးပူကြပါတယ်။ ဒီနေ့ထိတော့ မြောင်ဟာ သင်္ဘောတွေလည်း ထိန်းထားတုန်းပါပဲ၊ စကစကလည်း လူ၈၀ မြို့ထဲလာဖြည့်ထားတာ၊ တိုက်ပွဲအနည်းကျဉ်းဖြစ်တာလောက်ကလွဲပြီး ထူးခြားတဲ့ စစ်ဆင်ရေးသတင်းတက်မလာပါဘူး။ ဆိုရရင် အဲ့လောက်ကို အားမရှိတာလည်းဖြစ်နိုင်ပါတယ်။ မြောင်သတင်းတက်ပြီးပြီးချင်းမှာ၊ ချင်းတွင်းမြစ်အနောက်ခြမ်းက ပခန်းငယ်နဲ့ အရှေ့ခြမ်းကပရိမ္မာဘက်မှာ စစ်အင်အား ၅၀၀ချပြီးမြောင်မြို့ကို ဝိုင်းထားပြီဆိုတဲ့ သတင်းမျိုးလည်းတက်ပါတယ်။ သူပေးထားတဲ့ တပ်တည်ဟာ ချင်းတွင်းမြစ်ဘက်မှာဖြစ်ပြီး မြောင်က ဧရာဝတီကမ်းပေါ်မှာပါ။ အနီးဆုံးပရိမ္မာတောင် ၁၅မိုင်လောက်ဝေးပါသေးတယ်။ ဘားမားဗီဂျေရဲ့ သတင်းမှာတော့ ခုလိုဖတ်ရပါတယ်။

Burma VJ

မြောင်မြို့နယ်မှာ စစ်ကောင်စီတပ် အင်အားတိုးနေ

နိုဝင်ဘာ ၅၊ စစ်ကိုင်း

စစ်ကိုင်းတိုင်းမြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ အင်အားတိုးချနေတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ တပ်တွေရဲ့ အင်အားကိုတော့ တိုးချနေတယ်၊ သူတို့ဘက်က နေရာတိုင်းမှာ အင်အားတွေတိုးချနေ တယ်၊ မြောင်မြို့ပေါ်မှာ အင်အား ၈၀ ကျော်လောက်ထပ်မံတိုးထားပြီး၊ မုံရွာဘက်ကလာတဲ့နေရာတွေ မှာ အင်အား ၆၀ ကျော်လောက်ထပ်တိုးထားတယ်” လို့ပြောပါတယ်။ ချင်းတွင်းမြစ်ရဲ့ တစ်ဘက်ကမ်း မှာတော့ အင်အားရာချီတိုးချထား တယ်လို့လည်း သိရပါတယ်။

သင်္ဘောတွေကို ထိန်းချုပ်ထားပေမဲ့ သင်္ဘောပေါ်ကဆီတွေကို ပြည်သူတွေကိုတစ်အိမ်ထောင် ၂ ဂါလံ ဝေပေးတယ်ဆိုတာကတော့ မမှန်ဘူးလို့လည်း ပြောပါတယ်။

“ သတင်းတွေကို ဘယ်လိုတွေတောင်ဖွနေတာလဲမသိဘူး။ ကျွန်တော်တို့ သင်္ဘောတွေကို ထိန်းချုပ် ထားပါတယ်၊ ရေလည်‌ခေါင်မှာ ကျောက်ချထားပြီးတော့ သင်္ဘောပေါ်ပါလာတဲ့ လူတွေကို ကျွန်တော်တို့ ကထိန်းသိမ်းထားတယ်၊ ကောင်းကောင်းမွန်မွန်ထားထားပါတယ်၊ ဟိုဘက်ကမ်းမှာ စကစတွေလည်းရှိ နေတယ်” လို့ပြောပါတယ်။ သင်္ဘော ၂ စီးမှာ စုစုပေါင်း လူ ၂၁ ဦးပါဝင်ပါတယ်။

ဆီတွေဝေပေးနေတယ်ဆိုပြီး တက်လာတဲ့ပုံတွေက သင်္ဘောကျင်းတွေမှာ ပုံမှန်ဆီကဲ့ တဲ့နေရာတွေ ဖြစ် တယ်လို့လည်း သိရပါတယ်။ မြောင်မှာ ချထားတဲ့ တပ်တွေထဲမှာ တပ်မ ၃၃ နဲ့ တပ်မ ၇၇ ပါဝင်နိုင် တယ် လို့ယူဆကြောင်းလည်း ပြောပြပါတယ်။

ဒီဗီဘီသတင်းမှာတော့ ခုလိုရေးထားပါတယ်။

DVB TV News

မြောင်မြို့ပေါ်မှာ စစ်ကောင်စီက အင်အား ၈၀ကျော်ထပ်ချထားပြီး ချင်းတွင်းမြစ်ကြောင်းမှာအင်အား ၂၀၀ ကျော်ထပ်ချလာတယ်လို့ မြောင်- ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ပြောပါတယ်။ ပုလဲ၊ ယင်းမာပင်၊ ကနီ၊ စလင်း၊ ရေစကြို၊ မြောင်၊ ချောင်းဦးမြို့တွေမှာ PDF တွေက အသာစီးရနေပေမယ့် မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဦးမှာမဟုတ်ဘူးလို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးကပြောပါတယ်။

ပြောချင်တာက စကစ မှာ နေရာတစ်နေရာကို အပြတ်ဖြတ်နိုင်တဲ့ အင်အားရှိမနေဘူးဆိုတာပါ။ နောက်ပြီး စစ်ရေးဆိုတာ ဖဘပေါ်က သတင်းတွေကို ကြည့်ပြီးလုပ်နေတာမဟုတ်ပဲ၊ သူ့မြေပြင်စစ်သတင်းနဲ့ သူ့အချိန်အဆ၊ သူ့စီမံချက်နဲ့သူလုပ်နေတာသာဖြစ်တယ်ဆိုတာပါပဲ။

ရွှေဘိုလွင်ပြင်ဟာ တော်လှန်ရေးမီးတောက်တွေကြားက အလယ်ကျတဲ့နေရာမှာရောက်နေပါတယ်။ သူ အလွယ်တကူကျရှုံးဖို့ဆိုတာ ဖြစ်နိုင်ချေနည်းလှပါတယ်။ တိုက်ပွဲတွေကတော့ ဆက်ရှိနေဦးမှာ ဆက်တော့ အဖိခံနေရဦးမှာပါပဲ။ တော်လှန်သူတွေကလည်း ရသမျှ အရှိန်မြှင့်တော်လှန်နေကြဦးမှာပါ။

Nyein Aye Eain (ငြိမ်းအေးအိမ်)

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၉၊ ၂၀၂၁