• Today is: Thursday, March 28, 2024

ဆန္ဒပြသပိတ်တိုက်ပွဲဟူသည်ကား

ဆန္ဒပြသပိတ်တိုက်ပွဲဟူသည်ကား

အာဏာရှင်၏ စစ်အာဏာသက် ရှည်ကြာလေလေ၊ သပိတ်မှောက်ခြင်း၏ အကျိုးကို ကျနော်တို့ သံသယဖြင့် ကြည့်မြင်ဖြစ်လေလေ ဖြစ်လာပါသည်။ သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်းသည် စစ်အာဏာရှင်ကို ဖြုတ်ချနိုင် ပါမည်လော။ သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်းဖြင့် ခေါင်းမာသော စစ်အာဏာရှင်သည် သူ့၏ ရာဇပလ္လင်ပေါ်က နေ ဆင်းပေးမည် မဟုတ်ပါ။ သို့သော်လည်း ကျွန်ုပ်တို့သည် သပိတ်မှောက်ခြင်းကို အစဉ်တစိုက်လုပ်နေရမည် ဖြစ်ပါသည်။ အကြောင်းကား အဘယ့်ကြောင့်နည်း။

သပိတ်မှောက်ခြင်းသည် စစ်အာဏာရှင်၏ နဖားကြိုးကို တုံ့ခနဲ ဆောင့်ဆွဲသကဲ့သို့ ဖြစ်ပါသည်။ အကြောင်းမှာ၊ ၎င်း ပြေးချင်တိုင်း မပြေးနိုင်အောင် နဖားကြိုးကို ဇက်ခနဲ ဆောင့်ဆွဲလိုက်သလို သက်ရောက်မှု ရှိပါသည်။ သပိတ်မှောက်ခြင်းကြောင့် အုံကြွထကြွလာသော နိုင်ငံရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာပါသည်။ သာဓကများ ကို ကြည့်နိုင်ပါသည်။

ကိုလိုနီပညာရေးဌာနက အရာရှိများကို ရှိခိုး အရိုအသေပြုရမည်ဟူသော အမိန့်ကို သပိတ်မှောက် ဆန့်ကျင် ခြင်းကြောင့် ဝိုင်အမ်ဘီအေဟုခေါ်သော ဝံသာနုအသင်းကြီးပေါ်ပေါက်လာပြီး၊ မြန်မာပြည်၏ အမျိုးသားလွတ် မြောက်ရေးလှုပ်ရှားမှုကို ဘာသာရေးအားဖြင့်၊ လူမှုရေးအားဖြင့်၊ စီးပွားရေးအားဖြင့် သပိတ်မှောက်နိုင်ခဲ့ကြပါ သည်။ ဘုရားရင်ပြင်တော်၌ ဖိနပ်စီးနင်းခွင့်ကို ကန့်ကွက်သည့် ဆန္ဒပြသပိတ်များကြောင့် သူ့ကျွန်လက် အောက်မှ ရုန်းထွက်နိုင်ရန် ဆန္ဒအားများကို စုစည်းနိုင်ခဲ့ပါသည်။ တက္ကသိုလ်အဝန်းအဝိုင်းမှာ သက်ရောက် မည့် ယူနီဗာစီတီအက်ဥပဒေကို ကန့်ကွက်သပိတ်မှောက်ခြင်းကြောင့်၊ အမျိုးသားနေ့ဟု ပညတ်ရလောက် သည့် ပထမကျောင်းသားသပိတ်ကြီးဖြင့် အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကို သမိုင်းတင်နိုင်ခဲ့ပါသည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာကိုအောင်ဆန်းကို ကျောင်းထုတ်သောကြောင့် ပေါ်ပေါက်လာသော သပိတ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ ကြီးမြင့်လာခဲ့ရပါသည်။ ရေနံမြေအလုပ်သမားသပိတ်မှသည် ၁၃၀၀ ပြည့်အရေးတော်ပုံ မဟာသပိတ်ကြီးအထိ ကြီးမြင့်ခဲ့၍ တိုင်းပြည်အတွင်းက ကျောင်းသား၊ ဘုန်းကြီး၊ အလုပ်သမား၊ လယ်သမား၊ ရှေ့နေ၊ စာရေးဆရာ၊ အနုပညာရှင်၊ ဝန်ထမ်း၊ ကုန်သည် စသည့်လူတန်းစား အားလုံး ပါဝင်သည့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးကို ပြုစွမ်းနိုင်ခဲ့ကြပါသည်။ ဤကား ကိုလိုနီလက်အောက်တွင် ရှိခဲ့သော မြန်မာ့သမိုင်း၏ သပိတ်မှတ်တမ်းတချို့ဖြစ်ပါသည်။

စစ်အာဏာရှင်လက်အောက်တွင် ထင်ရှားသောသပိတ်တိုက်ပွဲများ မြောက်မြားစွာ ရှိခဲ့ပါသည်။ ဆိုရှယ်လစ် လမ်းစဉ်အစိုးရလက်ထက်၌ ပေါ်ပေါက်ခဲ့သော ဦးသန့်အရေးအခင်းသည် ဂုဏ်သိက္ခာနှင့် လူ့တန်ဖိုးကို နေရာပေးရန် ဆန္ဒပြတိုက်ပွဲဝင်ခြင်းဖြစ်သည်ဟု ယူဆပါသည်။ ပညာရှိသူတော်ကောင်းကို သူယုတ်တို့က နေရာ မပေးလိုပါ။ သည့်အတွက် တိုက်ပွဲဝင်ခြင်းဖြစ်ပါသည်။ လူ့အဖွဲ့အစည်းအတွင်း၌ လူ့ဂုဏ်သိက္ခာအတွက် နေရာပေးရန် လူထုက တိုက်ပွဲဝင်ခြင်းဟု နားလည်ပါသည်။ ၁၉၈၈ ခုနှစ် မဟာလူထုအရေးတော်ပုံသည် သပိတ်များ၏ အစုအဝေးကြီးဖြစ်သလို၊ ဆန္ဒပြကန့်ကွက်မှုများ၏ အပေါင်းအစုလည်းဖြစ်ပါသည်။ အသိဉာဏ် တစ်ထွာတစ်မိုက်ဖြင့် လုပ်ချင်ရာလုပ်ခဲ့သော အကျိုးဆက်ကို လူထုက ခါးစည်း၍ ခံစားခဲ့ကြပါသည်။ နောက် ဆုံး သည်းမခံနိုင်တော့သည့် အဆုံး၌ လူထုတိုက်ပွဲဖြင့် အစိုးရအပြောင်းအလဲဖြစ်ရန် တိုက်ပွဲဝင်ခဲ့ကြပါသည်။ ဤ လူထုတိုက်ပွဲသည် ထင်ရှားစွာအောင်မြင်ခဲ့ပါသည်။ သို့သော်လည်း အထွေထွေ အကန့်အသတ်တွေကို မကျော်လွန်နိုင်ခဲ့၍ ခရီးဆုံးပန်းတိုင်အထိ ရောက်အောင် မသွားနိုင်ခဲ့ကြပါ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး သည်၊ ဗုဒ္ဓဘာသာရဟန်းတော်များက ဦးဆောင်၍ ဆင်နွှဲသော လူထုဆန္ဒပြသပိတ်တိုက်ပွဲဖြစ်ပါသည်။ ဤဖြစ်ရပ်သည် စစ်အာဏာရှင်၏ နဖားကြိုးကို ပြေးချင်တိုင်း မပြေးနိုင်အောင် ဆောင့်ဆွဲလိုက်ပြီး၊ ဒီမိုကရေစီ ဖြစ်ထွန်းမှုကို အရှိန်တင်ရန် နှင်တံဖြင့် တို့ပေးလိုက်သော လုပ်ရပ်ဖြစ်ပါသည်။

သပိတ်တိုက်ပွဲနှင့် ဆန္ဒပြပွဲများသည် လက်နက်ကိုင်ထားသော စစ်အာဏာရှင်ကို ရုတ်ချည်းဖြုတ်ချပစ်ရန် မတတ်နိုင်သော်လည်း၊ ထိုသို့ ရုတ်ချည်းဖြုတ်ချတိုက်ဖျက်ရန် လှုံ့ဆော်မှုကို ပေးနိုင်ပါသည်။ လက်နက်ကိုင် နည်းဖြင့် တော်လှန်နေသော စစ်အာဏာရှင် ဖျက်သိမ်းရေးလမ်းစဉ် လျှောက်လှမ်းနေသူတို့၏ ဆန္ဒအားကို စုစည်းပေးနိုင်သော အဓိက လုပ်ရပ်တစ်ခုဖြစ်ပါသည်။ ဆန္ဒ မရှိဘဲ မအောင်နိုင်ပါ။ ထိုဆန္ဒအားကို မီးမသေ သွားစေရန် သပိတ်တိုက်ပွဲများနှင့် ဆန္ဒပြပွဲများက ကြီးစွာအားပေး နိုင်ပါသည်။ ဆန္ဒပြသပိတ်တိုက်ပွဲများသည် စစ်အာဏာရှင် တော်လှန်ရေးကို ကောက်ရိုးမီးအဆင့်ကနေ ရှားမီးအဆင့်အထိ မြှင့်တင်ပေးလိုက်သော၊ လောင်စာဓာတ်ကို ပေးစွမ်းနေပါသည်။ ထမင်းအိုးတစ်လုံးကောင်းစွာ ကျက်ရန်၊ ဖယောင်းတိုင်မီးတစ်တိုင် တည်းဖြင့် ထမင်းအိုးတည်၍ မရနိုင်ပါ။ မီးပြင်းတိုက်ပြီး ပွက်ပွက်ဆူအောင် လုပ်မှ၊ ထမင်းအိုးတစ်လုံးကျက်ပါ လိမ့်မည်။ စစ်အာဏာရှင်တော်လှန်ရေးလုပ်ရပ်သည် ထမင်းအိုးတည်သလောက် မလွယ်ကူပါ။ ဖယောင်းကို အရည်ပျော်စေရန် သာမန်ကောက်ရိုးမီးလောက်ဖြင့် ရနိုင်သော်လည်း သံကို အရည်ပျော်အောင်လုပ်၍ ကြို လောင်း၊ ပုံသွင်းပြုပြင်ရန်အတွက်မူ ကောက်ရိုးမီးဖြင့် မလုံလောက်ပါ။ ရှားမီးလောက်နဲ့လည်း ရချင်မှ ရပါလိမ့်မည်။ ကျောက်မီးသွေးကဲ့သို့သော လောင်စာပြင်းအားမျိုးဖြင့် လောင်ကျွမ်း မီးတိုက်ပစ်မှ ရပါလိမ့်မည်။ အဆက်မပြတ်သော လောင်စာဓာတ်ကို ပေး၍ မီးမပြတ် လောင်မြိုက်အောင် လုပ်နေခြင်းသည်ပင်လျှင် အရည်ပျော်ပြာကျရန် အဓိက တွန်းအားတစ်ရပ်ဖြစ်ပါသည်။ ဤလောင်စာဓာတ်များကို မပြတ်ထိုးပေးနေမှ ဖြစ်ပါလိမ့်မည်။

မင်းသေ့ (ဆောင်းပါး)

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၁၀၊ ၂၀၂၁။