• Today is: Friday, March 29, 2024

ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမှုနှင့် လူမှုပြဿနာများ မြင့်တက်လာမှုအပေါ် မြစ်ကြီးနားဂိုဏ်းအုပ် သာသနာ၊ ကက်သလစ်အသင်းတော်က သဘောထားထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာလ ၁၄၊ ၂၀၂၁

“ယုံကြည်သူဖြစ်စေ မယုံကြည်သည်ဖြစ်စေ ကမ္ဘာမြေသည် လူတိုင်းအတွက် အကျိုးရှိစေမည့် အသီးအပွင့်များ ကို မျှဝေခံစားနိုင်သော အမွေအနှစ်အဖြစ် မရှိမဖြစ်လိုအပ်ကြောင်း ကျွန်ုပ်တို့သဘောတူထားသည်။” Laudato Si’ (၉၃)

 

“(က) ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သဘာ၀ပတ်၀န်းကျင်းဆိုင်ရာ စာချွန်လွှာ (Laudato Si’) သည် ကျွန်ုပ်တို့ အား ပေါင်းစပ်ဂေဟစနစ်၏ စိတ်ဓာတ်ဖြင့် ရေရှည်တည်တံ့ခိုင်မြဲရေးဆီသို့ ဖိတ်ခေါ်သည်။ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်၊ ဖန်ဆင်းခြင်းအမှုအရာများ နှင့် တစ်ဦးနှင့်တစ်ဦးအတွက် လေးလေးနက်နက် ဂရုစိုက်မှုဖြင့် ကျွန်ုပ်တို့သည် ပိုမိုကောင်းမွန်သောအနာဂတ်ကို အတူတကွ တည်ဆောက်နေခြင်းအပေါ် ကက်သလစ် အသင်းတော်မှ အစဥ်အလေးထား ဆောင်ရွက်နေပါသည်။

 

(ခ) ကက်သလစ်လူမှုသွန်သင်ချက်အားဖြင့် “ကက်သလစ်သာသနာသည် ဖန်ဆင်းခြင်းအမှုအရာများကို ကာကွယ်စောင့်ရှောက်ရန်၊ သဘာ၀ ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ တရားမျှတမှုအတွက်” အစဥ်အမြဲ အလေးထားဆောင်ရွက်ရန် လှုံဆော်ပြီး လက်တွေ့ပါ၀င်လုပ်ဆောင်လျှက်ရှိသည်။ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင် သည် လူ့ဘောင်မိသားစုကို ဖန်ဆင်းခြင်းခံအရာများအား စောင့်ရှောက်အုပ်ထိန်းရန် တာဝန်ပေးခဲ့ သော်လည်း ကျွန်ုပ်တို့သည် ထိုတာဝန်ဝတ္တရားများကို လျစ်လျူရှု၊ အလွဲသုံးစားပြုနေခဲ့သည်။

ရာသီဥတုပို၍ ပူနွေး လာခြင်း၊ သဘာဝပတ်ဝန်းကျင် ပိုမိုညစ်ညမ်းလာခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်သုန်း လာခြင်းများသည် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားမှု ပိုမိုမြင့်တက်လာစေခြင်း၊ ဆင်းရဲမွဲတွေမှုနှင့် ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်စေခြင်းနှင့် လူမှုပြဿနာအမျိုးမျိုး ဆီသို့ တွန်းပို့နေသည်။ သဘာ၀ပတ်၀န်းကျင်နှင့် လူမှုပြဿနာများကို အဓိက ကြုံတွေ့ခံစားရသူများမှာ အခြေခံလူတန်းစားများ ဖြစ်သည်။

 

(ဂ) နိုင်ငံရေးပဋိပက္ခကို အကြောင်းပြုကာ ကချင်ပြည်နယ်အတွင်း သဘာဝသယံဇာတကို အခြေပြုသော တူးဖော်ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းများ သည် ဧရာဝတီ မြစ်ကြောတစ်လျှောက်နှင့် အခြားသော မြစ်ချောင်းများ၊ နယ်မြေဒေသ အများအပြားသို့ ဝင်ရောက်ပြီး စက်ယန္တားကြီးများဖြင့် အရှိန်မြင့် လုပ်ဆောင်မှုများသည် သိသိသာသာ မြင့်တက်လာနေသည်ကို တွေ့မြင်ရပါသည်။ သဘာဝပတ်၀န်းကျင်နှင့် ရာသီဥတုပျက်စီးခြင်း၊ ဌါနေ တိုင်းရင်းသားများနှင့် ဒေသခံများ၏ အမှတ်လက္ခဏာ၊ အသက်ရှင်နေထိုင်မှု နှင့် ၄င်းတို့၏ လုံခြုံမှုကိုလည်း ခြိမ်းခြောက်လျှက်ရှိနေပါသည်။

 

(ဃ) စက်ယန္တားကြီးများဖြင့် သယံဇတများအား အလွန်အကျွံတူ:ဖော်ခြင်းများကြောင့် သဘာဝ အဖိုးတန် အရင်းအမြစ်များဖြစ်သော သစ်တောများ၊ မြစ်၊ ချောင်း၊ အင်းအိုင်များ ပျက်စီးမှုများ ပိုမိုဆိုးရွား လာနေပါသည်။ ၎င်းတို့နှင့် ဆက်စပ်နေသော လူမှုပြဿနာများဖြစ်သည့် ဌါနေတိုင်းရင်းသားများနှင့် ဒေသခံများ၏ အခွင့် အရေးများ ဆုံးရှုံးခြင်း၊ လူထုများအကြား စိတ်ဝမ်းကွဲခြင်း၊ ပဋိပက္ခများဖြစ်ပွားခြင်း၊ မူးယစ်ဆေးဝါး ပြဿနာ များ မြင့်တက်လာခြင်း၊ လူ့ဂုဏ်သိက္ခာနှင့် တန်ဖိုးကျဆင်းလာခြင်းများသည် သိသာထင်ရှားစွာ ဖြစ်ပွားနေ ပါသည်။

 

(င) အထက်ပါအဖြစ်အပျက်နှင့် ပြဿနာများအပေါ် လွန်စွာစိုးရိမ်ပြီး သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် လုပ်ငန်းရှင်များမှ စောလျှင်စွာ အရေးတယူ တုံ့ပြန်ဆောင်ရွက်နိုင် ရန် အောက်ဖော်ပြပါ အချက်များဖြင့် တိုက်တွန်းအကြံပြုအပ်ပါသည်။

 

၁။ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ၊ သဘာဝအမွေအနှစ်များ၊ ယဥ်ကျေးမှု အမွေအနှစ်များကို ထိခိုက် ပျက်စီးစေသော စက်ယန္တယားကြီးများဖြင့် သဘာ၀သယံဇတ တူးဖော်ခြင်းကို ရပ်တန့်ပေးရန်။

 

၂။ ဌါနေတိုင်းရင်းသားများ၏ ဒေသခံများ၏ အခွင့်အရေးများ၊ အသံများကို လေးစားလိုက်နာကာ ၎င်းတို့၏ လုံခြုံမှုနှင့် အသက်ရှင်သန်မှုကို ထိပါးစေသော လုပ်ရပ်များကို ရှောင်ကြဥ်ပေးရန်။

 

၃။ လက်ရှိဖြစ်ပေါ်နေသော ဆိုးကျိုးများနှင့် ဒေသခံများ၏ထိခိုက်နစ်နှာမှုများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ အလေးထား ကုစားဖြေရှင်းပေးရန်။

 

၄။ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများမှ မူလအခွင့်အရေးများဆုံးရှုံးပြီး ထိခိုက်နှစ်နှာသောလူထုနှင့် တစ်သား တည်း ရပ်တည်ပြီး ၎င်းတို့အတွက် အရေးဆိုပန်ကြားခြင်းနှင့် ကူညီဖြေရှင်းပေးရန်။

 

၅။ သဘာဝပတ်ဝန်းကျင်နှင့် လူမှု့ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် သယံဇာတကိုအမှီပြုသော စီးပွား ရေးလုပ်ငန်းများကို လျှော့ချ၊ ရပ်တန့်ကာ သဘာဝပတ်ဝန်းကျင်၊ လူအဖွဲ့အစည်းများနှင့် သဟဇာတ ဖြစ်သော စီးပွားရေးလုပ်ငန်းများ ပိုမိုအကောင်ထည်ဆောင်ရွက်ရန်။

 

“ကက်လစ်အသင်းတော်၊ မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ အနေဖြင့် ဘုရားရှင် ၏ ချစ်ခြင်းမေတ္တာ၊ ဂရုဏာ တော်နှင့် ဖန်းဆင်းထားသည့် ကျွန်ုပ်တို့၏ မြေကမ္ဘာအိမ်၊ သဘာဝပတ်ဝန်းကျင်နှင့် ထိခိုက်ရှလွယ်သောသူများ ကို ကာကွယ်စောင့်ရှောက်သည့် လုပ်ငန်းစဥ်များတွင် အစဥ်အမြဲ ပါဝင်အာပေးလုပ်ဆောင်နေမည်ဖြစ်သည်” ဟု တိုက်တွန်း တောင်းဆိုထားသည်။