• Today is: Thursday, April 18, 2024

လေးကေ့ကော်မြို့အနီး နေရာသုံးခုတွင်ဖြစ်သည့် တိုက်ပွဲ စစ်ကောင်စီတပ်မှ ၆ ဦးသေ ၊ ၈ ဦး ဖမ်းဆီးခံရဟုဆို

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၁၅၊ ၂၀၂၁

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ နံနက်မှစ၍ လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲစတင်ဖြစ်ခဲ့ရာ မြို့တွင်း မြို့ပြင် နေရာသုံးခု၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၆ဦးသေ ၈ဦး အရှင်ဖမ်းဆီးခံရကြောင်း ကရင်တိုင်းရင်းသားတစ်ဦးက KNLA သတင်းရင်းမြစ်ကို ကိုးကား၍ ပြောကြားသည်။

KNU အုပ်ချုပ်ရေးနယ်မြေ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်က ယမန်နေ့တွင် စစ်အင်အား အလုံး အရင်းဖြင့် ဝင်ရောက်ပြီး လွှတ်တော်အမတ်အပါအဝင် အဆိုပါနေရာ၌ ခိုလှုံနေသူများကို ဖမ်းဆီးခဲ့ပြီးနောက် ယနေ့မနက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

“KNLAက လာတဲ့ သတင်းတစ်ရပ်ပြောတာက တပ်ဘက်က စကခ (၁၃)က ၆ယောက်သေတယ်၊ ၈ယောက် အရှင်ဖမ်းမိတယ်တဲ့။ သူတို့ပြောတာ ကြားတာ။ အတည် ပြုလို့တော့ မရသေးဘူး။ အခုက ဖြစ်တာ သုံးနေရာလောက်ဖြစ်တာ။ မြို့တွင်း မြို့ပြင်မှာ ဖြစ်တာ။ အခုက ကြိုကြား ပစ်ခတ်မှုတွေဖြစ်နေတာပေါ့။ အခြေအနေက ဆိုးသွားမယ့် သဘောပဲရှိတော့မယ်”ဟု ကရင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် လေးကေ့ကော်မြို့ပေါ်သို့ ကျရောက်ပေါက်ကွဲ၍ မြို့ပေါ်ရှိ ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ၎င်း ကဆိုသည်။

“အခုကတော့ မြို့ထဲမှာ လက်နက်ကြီးကျည် ၁၀လုံးလောက်ကျတယ်ဆိုတော့ အကုန်လုံးထွက်ပြေးကုန်ပြီပေါ့။ အခုက အကုန်လုံးရှောင်ကုန်ပြီ။မရှောင်လို့ ဘယ်နေရဲမလဲ။ မြို့ထဲကို လက်နက်ကြီးကျတယ်။ လူထုတွေ အထိအခိုက်မရှိဘူး။ ဒါပေမဲ့ အခြေအနေက တင်းမာသွားပြီ ရှေ့လျှောက်တိုက်ပွဲပဲဖြစ်တော့မယ်”ဟု အဆိုပါ ကရင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများပါက လေကြောင်းမှ တိုက်ခိုက်မှုများ ရှိလာနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

လေးကေ့ကော်ဒေသ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်ဒေသ လုံခြု့ရေးကို အင်အားတိုးမြှင့် ချထားကာ တပ်လှန့်ထားကြောင်း မဲဆောက် အခြေစိုက် ကရင်အမျိုးသားမီဒီယာက ဖော်ပြသည်။

လက်ရှိတွင် လေးကေ့ကော်ဒေသမှ တိမ်းရှောင်လာသူများသည် သောင်ရင်းမြစ်အနီး ရောက်ရှိလာ၍ ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်ခြင်းဖြစ်ကြောင်း၊ လေးကေ့ကော်တိုက်ပွဲ၌ စစ်တပ်ဘက်က ၆ဦးသေဆုံးပြီး ၈ဦး အဖမ်းခံထားရကြောင်းနှင့် ထိခိုက်ကျဆုံးမှု နှင့်ပတ်သက်၍ သီးသန့်အတည်ပြုချက် မရသေးကြောင်း ကရင်အမျိုးသားမီဒီယာက ဖော်ပြခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာနယ်မြေများ၌ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ရာ လေးကေ့ကော်ဒေသတွင် ယခု ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

(​လေး​ကေ့​ကော်​​ဒေသခံများ ထွက်​ပြေးတိမ်း​ရှောင်​နေသည်ကို ​တွေ့ရစဥ်)

People’s Spring