• Today is: Tuesday, April 16, 2024

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း (Decentralization)

        ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း (Decentralization)

တစ်နေ့က နော်နော်ရဲ့ဖွားဖွားက ဉာဏ်ကျယ်လေးဖော်ကို စာကြိုးစားလို့ မုန့်ဖိုးတွေ ချီးမြှင့်လိုက်တယ်။ နော်နော်တို့ သူငယ်ချင်းတစ်သိုက်လည်း ရရချင်းပဲ မုန့်ဖိုးကိုယ်စီကိုင်ပြီး ဒေါ်ပုမ စတိုးဆိုင်ကို ပြေးကြတော့တာပဲ။ 

အိမ်မှာက အပြင်စာတွေ သိပ်မစားခိုင်းတော့ ပိုပိုက အခွင့်ကြုံတုန်း စားရအောင် ခေါက်ဆွဲထုပ်တစ်ဖာဝယ်ပြီး၊ အကြံကြီးတဲ့ နော်နော်ကတော့ စတစ်ကာစာအုပ်ဝယ်ခဲ့တယ်။ အချိုရည်ကြိုက်တဲ့ ရှန်က ဆိုဒါအအေးနဲ့ ရေခဲမုန့်၊ ကာတွန်းဖတ်ရတာကြိုက်တဲ့ ဆလိုင်းက ကာတွန်းဂျာနယ်ဝယ်လာတယ်။ 

မုန့်ဖိုးရတဲ့နေ့က ကိုယ်ကြိုက်တာတွေဝယ်ပြီး နောက်နေ့ပြန်တွေ့တော့ ပိုပို၊ ရှန်နဲ့ ဆလိုင်းတို့မှာ မုန့်ဖိုးက သိပ်ပြီး များများစားစားမကျန်တော့ဘူး။ အဲဒီအချိန်မှာပဲ လာဘ်မြင်တဲ့ နော်နော်က သူဝယ်ထားတဲ့ စတစ်ကာစာအုပ်ထဲက စတစ်ကာတွေကို ကျန်တဲ့သူတွေကို ပြန်ရောင်းပြီး မုန့်ဖိုးထပ်ရှာပါတော့တယ်။ နော်နော်တစ်ယောက်ကတော့ ကိုယ့်သူငယ်ချင်းတွေအကြောင်း ကောင်းကောင်းသိပြီး စတစ်ကာစာအုပ်ဝယ်ထားလိုက်တော့ မုန့်ဖိုးတွေ ဆတိုးရသွားတာပေါ့။

နော်နော်က သူပိုင်ဆိုင်တဲ့ စတစ်ကာစာအုပ်ကို သုံးပြီး မုန့်ဖိုးထပ်ရှာသလိုမျိုးပဲ ဖက်ဒရယ်စနစ်မှာဆိုရင် အစိုးရအဆင့် အသီးသီးဟာ ကိုယ့်ဒေသရဲ့ အရင်းအမြစ်တွေကို ထိရောက်စွာအသုံးချပြီး ကိုယ့်ပြည်နယ်/တိုင်းဒေသကြီးအတွက် ဝင်ငွေရရှိအောင် ဖန်တီးနိုင်ပါတယ်။ 

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၄၊ ၂၀၂၁