• Today is: Friday, March 29, 2024

ကရင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် စစ်ကောင်စီတပ်က ပြည်သူများကို တိုက်ခိုက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ တို့နှင့် ဥရောပနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံက ရှုတ်ချကြောင်းကြေညာ

ပုံစာ- ထိုင်းနိုင်ငံသို့ ထွက်ပြေးကြသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ပြည်သူများ။ (CJ)

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၄၊ ၂၀၂၁
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူများ တိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်း၍ စစ်အာဏာရှင်၏ နိုင်ငံတစ်ဝန်း ကျူးလွန်ထားသော ပြင်းထန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မိမိတို့ ရှုတ်ချကြောင်း အမေရိကန်၊ ဗြိတိန်၊ ဥရောပနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံက ရှုတ်ချကြောင်း ကြေညာထားသည်။
အဆိုပါကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော – ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ တို့အပြင် နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ် ရေးထိုး ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
 
မကြာသေးမီက ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း အပါအဝင် အရပ်သား ပြည်သူများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက် နေခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကို ရပ်တန့်ရမည်ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခုအခါ ၄င်းတို့အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
စစ်အာဏာရှင်အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှားက အဆင်အခြင်မဲ့တိုက်ခိုက်ခံရမှုများ ချက်ချင်း ရပ်တန့်ရန်နှင့် အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားရှိရန် မိမိတို့ တောင်းဆိုကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နိုဝင်ဘာလ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အကူအညီလိုအပ်နေသည့် ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံပြီး အတား အဆီး အဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို အပြည့်အ၀ကာကွယ်စောင့်ရှောက်ပေးပြီး ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိမိတို့ကလည်း ထပ်တူတောင်းဆိုလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။