• Today is: Thursday, March 28, 2024

လုပ်ပိုင်ခွင့်အာဏာကိုယ်စားလွှဲအပ်ခြင်း (Delegation)

လုပ်ပိုင်ခွင့်အာဏာကိုယ်စားလွှဲအပ်ခြင်း (Delegation)

ဒီနေ့မနက်ပိုင်း အစည်းအဝေးတက်စရာရှိတော့ ဉာဏ်ကျယ်လေးဖော်ရဲ့ဆရာမခမျာ မနေ့ကအဖြေလွှာတွေကို စစ်ဖို့အတွက် အချိန်မရှိလို့  ဉာဏ်ကျယ်လေးဖော်ကို စာစစ်ကူခိုင်းရပြန်တယ်။

ဒါပေမဲ့ ဆရာမက မှန်ကန်တိကျဖို့နဲ့ ဘက်မလိုက်ဖို့အတွက် ဘယ်အဖြေကတော့ အမှန်၊ ဘယ်အပုဒ်ကို ဘယ်နှစ်မှတ်ပေးရမယ်ဆိုတာကို သေချာရှင်းပြပေးပြီး ကျောက်သင်ပုန်းပေါ်မှာ ရေးပေးထားခဲ့တယ်။ အဖြေလွှာတွေ အပုံလိုက်ကြီး စစ်ရတော့ နော်နော်က ပျင်းညောင်းကြီးဖြစ်လာထင်ပါတယ်၊ ခဏခဏ သမ်းနေလေရဲ့။ ပိုပို၊ ရှန်နဲ့ ဆလိုင်းကတော့ ကစားဖို့အချိန်ကျန်အောင်လို့ ဆရာမပေးတဲ့ အမှတ်ပေးစည်းမျဉ်းကို ကြည့်ပြီး စာပဲ တစိုက်မတ်မတ်စစ်နေကြတယ်။ သေချာစစ်ကြဖို့လည်း တစ်ယောက်နဲ့တစ်ယောက် သတိပေးရင်း မုန့်စားကျောင်းဆင်းချိန်မတိုင်ခင် အကုန်ပြီးအောင်လုပ်နေကြပါတယ်။

ဆရာမက စာစစ်ဖို့တာဝန်ကို ကလေးတွေကို ကိုယ်စားလွှဲတဲ့အခါ စည်းမျဉ်းစည်းကမ်းတွေ အတိအကျ ချမှတ်ပေးသလိုပဲ အစိုးရအဆင့်ဆင့်တွေကြား ဒါမှမဟုတ် အမှီအခိုကင်း လွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့ “လုပ်ပိုင်ခွင့်အာဏာ ကိုယ်စားလွှဲအပ်ခြင်း” မျိုးလုပ်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိပြီး ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေ တစ်ခါတည်း ပါလေ့ရှိပါတယ်။ 

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၇၊ ၂၀၂၂