• Today is: Friday, March 29, 2024

NCA စာချုပ် ချိုးဖောက်သူမှာ စစ်ကောင်စီသာ ဖြစ်ကြောင်း NCA ထိုး အဖွဲ့ဝင်များပြော

ပုံစာ – NCA (၆) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ မှတ်တမ်း။ (ပုံဟောင်း)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၈၊ ၂၀၂၁

ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသို့ လိပ်မူ၍ စစ်ကောင်စီ က အသိပေးထုတ်ပြန်ချက် တစောင် ထုတ်ပြန် ပြောဆိုထားသည်။

“NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအနေဖြင့် စာချုပ်ပါ ကတိကဝတ်များကို အလေးထား လိုက်နာကြရန် စာချုပ်ပါ စည်းကမ်းများကို ကျူးလွန်ချိုးဖောက်ပါက လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ဆောင် ရွက်ချက်များကို ဆောင်ရွက်သွားမည်” ဟု စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက “NCA စာချုပ်ကို အတင်းအကျပ်ဖိအားပေးဆောင်ရွက်လို့ တော့မရဘူး” ဟု ဖက်ဒရယ်ဂျာနယ်ကို ပြောသည်။

“နှစ်ဖက်သဘောတူစာချုပ်ဖြစ်တဲ့အခါမှာ နှစ်ဖက်စလုံးကလိုက်နာရမယ်၊ ထိန်းသိမ်းရမယ်ဆိုတဲ့ တာဝန် ဝတ္တရားရှိတာကိုး။ ဒါပေမယ့်အဲ့ စာချုပ်ကို အတင်းအကျပ်ဖိအားပေးဆောင်ရွက်လို့တော့မရဘူးပေါ့နော်။ နိုင်ငံ ရေးကိုအခြေခံဖြေရှင်းတာမဟုတ်ပဲနဲ့ စာချုပ်ကိုအခြေခံဖြေရှင်းရင်တတော့ ပြဿနာအခက်အခဲတွေ ရှိလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီနေ့ကာလဖြစ်နေတဲ့နိုင်ငံရေးပြဿနာက NCA စာချုပ် ချိုးဖောက်မှုကြောင့် ဖြစ်တဲ့ နိုင်ငံရေးပြဿနာမဟုတ်ဘူး။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကနေပြီးတော့ စစ်တပ်ကအာဏာသိမ်းတဲ့နိုင်ငံ ရေးပြဿနာဖြစ်တာကိုး။ အဲ့ဒီနိုင်ငံရေးပြဿနာကနေ နောက်ဆက်တွဲ ပြဿနာတွေတော့ ရှိမှာပဲ။ အဲဒီနောက်ဆက်တွဲပြဿနာတွေကို စာချုပ်ပေါ်မှာအခြေခံပြီးရှင်းနေရင်တော့ လက်တွေ့ဖြစ်စဉ်တွေကနေ ကင်းကွာနေမှာပဲ။ ပထမဆုံး NCA စာချုပ်ချိုးဖောက်မှုသည် စစ်တပ်အာဏာသိမ်း တာကနေစတာပဲ။ နိုင်ငံရေးပြဿ နာတွေကို နိုင်ငံရေးအရပဲရှင်းမယ်၊ ယဉ်ကျေးမှုတွေ အကောင်အထည် ဖော်မယ်။ အာဏာသိမ်းလိုက်ပီဆိုကတည်း က NCA စာချုပ်ကိုချိုးဖောက်လိုက်တာပဲလို့ ကျွန်တော်တို့က ရှုမြင်ထားတယ်။ NCA စာချုပ်ကို ပထမဆုံးချိုးဖောက် လိုက်တဲ့သူက စစ်တပ်ဖြစ်ပါတယ်။ ဖြစ်နေတဲ့ ပြဿနာကို သူ့ကြောင့်၊ ကိုယ်ကြောင့်ဆိုတာထက် မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဖို့လိုပါတယ်။ ဒါကြောင့် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေရ တာပေါ့” ဟု ပြောသည်။

 NCA အခြေခံမူများကို ချိုးဖောက်နေသူမှာ စစ်ကောင်စီသာဖြစ်ပြီး NCA ထဲမှာပါတဲ့ အခန်းအားလုံး ၇ ခန်းလုံးကို လိုက်နာခြင်းမရှိသလို လက်ရှိအနေအထားအရ အာဏာသိမ်းလိုက်ခြင်းမှာ NCA စာချုပ်ပေါ် လေးစား လိုက်နာခြင်း လုံးဝ မရှိကြောင်းကို ပြသလိုက်ရာ ဖြစ်ကြောင်း NCA ထိုးအဖွဲ့ဝင် ကေအဲန်ယူကလည်း ပြောဆိုထားသည်။