• Today is: Thursday, March 28, 2024

စစ်ကောင်စီက လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ရာထူးမှအနားပေး

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၁၊ ၂၀၂၂

အာဏာသိမ်း စစ်ကောင်စီက ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ကာကွယ်ရေးဦးစီးချုပ် (လေ) ရာထူးတာဝန်မှ ယမန်နေ့က ရာထူးအနားပေးပြီး စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်က လေတပ်ဦးစီးချုပ်ဖြစ်လာကြောင်း စစ်ကောင်စီနှင့်နီးစပ်သော အသိုင်းအဝိုင်းကပြောဆိုမှုအား BBC သတင်း ဌာနဖော်ပြချက်အရသိရသည်။

ကချင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်နှင့် ကရင် ပြည်နယ် ကော့ကရိတ်မြို့နယ်များရှိ တိုက်ပွဲများတွင် တပ်မတော်လေယာဉ်များ ပျက်ကျခြင်း၊ ပစ်ချခံရခြင်း၊ စစ်ကောင်စီတပ်အချင်းချင်းမှားယွင်းဗုံးကြဲမိခြင်း စသည့် လေတပ်ပြသနာများ ဖြစ်ပွားပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို စစ်ကောင်စီက ကာကွယ် ရေးဦးစီးချုပ် (လေ) ရာထူးမှ ဖြုတ်ချကာ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်ကို လေတပ်ဦးစီးချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

”ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ကာကွယ် ရေးဦးစီးချုပ် (လေ) တာဝန်ရော အာဏာသိမ်း စစ်ကောင်စီမှာရော အဖွဲ့ဝင်အဖြစ် ပါနေတဲ့သူဖြစ်တယ်။ အခု မင်းအောင် လှိုင်က မောင်မောင်ကျော်ကို ကာချုပ် (လေ) အဖြစ်က ဖြုတ်လိုက်ပြီဆိုတော့ သူက အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ်တော့ ဆက်ရှိမယ်။ စစ်ရေးဆိုင်ရာ တာဝန်တော့ ဘာမှမလုပ်ရတော့ဘူး။ စစ်ရေးဆိုင်ရာတာဝန် ဘာမှ မပေးတော့တဲ့အခြေအနေ ဖြစ်သွားပြီ”ဟု ဧရာဝတီ တိုင်းမှ တပ်မတော်သားဟောင်းတစ်ဦးက သုံးသပ်ပြော ဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တာဝန်ပေးချက်အရ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်မှာ ရာထူးခန့်အပ်ခံရသည့်နောက် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးပေးထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို စစ်ကောင်စီက လေ တပ်ဆိုင်ရာ စစ်ဘက်တာဝန်များကို ပြန်လည် ရုတ်သိမ်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ် လက်ရှိ ဗိုလ် ချုပ်ကြီးရာထူးဖြင့်ပင် ဆက်လက်ရှိမည် ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ လမ်းစဉ်ပါတီ ခေတ်ကကာကွယ်ရေးဦးစီးချုပ်နဲ့ ဝန်ကြီး ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်ရဲ့ သားအငယ်ဆုံး ဖြစ်ကြောင်း သိရသည်။

သူဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ လေချုပ်ဖြစ်လာပြီး ၄ နှစ်အကြာမှာ ရာထူးကအနားပေးခံရတာလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ သူ့မိသားစုရဲ့ လေတပ်နဲ့နှီးနွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ အကြောင်း ရိုက်တာ သတင်းဌာနက လွန်ခဲ့တဲ့လအနည်းငယ်ကဖွင့်ချခဲ့သည်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလည်း စစ်ဥပဒေချုပ် တာဝန်ကနေ အနားပေးခံရပြီး စစ်ကောင်စီ အတွင်းရေးမှူး တာဝန်တစ်ခုပဲ သီးသန့်ထမ်းဆောင်ရတော့မှာ ဖြစ်သည်။

Ref, BBC, Ayeyarwaddy Times

Lynn Bo Bo / Getty Images