• Today is: Friday, March 29, 2024

မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နေရာပြောင်း ကျင်းပသွားမည်

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၁၁၊ ၂၀၂၂

 

လာမယ့် ဖေဖာ်ဝါရီ ၁၆ ရက်နေ့မှာ ကျရောက်မယ့် ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နေရာပြောင်းကျင်းပသွားမယ်လို့ အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို)က ထုတ်ပြန်ပါတယ်။

 

မွန်အမျိုးသားနေ့ကို ကနဦးက ပြည်နယ်ခန်းမမှာ ကျင်းပသွားဖို့ စီစဉ်ထားပေမယ့် အခုအခါမှာတော့ မော်လမြိုင်မြို့ရှိ ရာမညရဌ ဗုဒ္ဓတက္ကသိုလ်မှာ ပြောင်းလဲကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

 

မွန်အမျိုးသားနေ့ကို အနှစ်သာရရှိရှိနဲ့ ပိုမိုကျယ်ပြန့်စွာ ကျင်းပနိုင်ဖို့ အပါအဝင် ကော်မတီအနေနဲ့ စီမံခန့်ခွဲမှုဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူစေဖို့ နေရာပြောင်းပြီး ကျင်းပရတာ ဖြစ်တယ်လို့ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဗဟို ဒုဥက္ကဌ (၁) မင်းအောင်ထူးက ပြောပါတယ်။

 

ဒီနှစ်မှာ ကျရောက်မယ့် ၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာတော့ ပြီးခဲ့တဲ့နှစ်တွေ နည်းတူ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနဲ့ သဝဏ်လွှာအသီးသီးကို ဖတ်ကြားသွားဖို့ စီစဉ်ထားသလို အဆို ၊အက၊အတီးတွေကလည်း ထည့်သွင်းကျင်းပသွားဖို့ ရှိနေတာပါ။

 

ဟံသာဝတီပြည်ကို တည်ထောက်ခဲ့တဲ့ နေ့ကိုအစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ မွန်အမျိုးသားနေ့ကို မွန်လူမျိုးတွေ နေထိုင်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ကျေးရွာအဆင့်၊မြို့နယ်အဆင့်၊ဗဟိုအဆင့်တို့ဖြင့် နှစ်စဉ်ကျင်းပလာကြတာ ဖြစ်ပါတယ်။

 

၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မော်လမြိုင်မြို့က မွန်ဓမ္မာရုံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်