• Today is: Friday, March 29, 2024

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ပါဝင်ပြီး၊ မဟာလူမျိုးကြီးဝါဒကို တွန်းထုတ်ဖို့ TNLA ဥက္ကဋ္ဌပြော

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ပါဝင်ပြီး၊ မဟာလူမျိုးကြီးဝါဒကို တွန်းထုတ်ဖို့ TNLA ဥက္ကဋ္ဌပြော

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၂၊ ၂၀၂၂

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပပျောက်သွားရန်အတွက်ဖြစ်စေ၊ မဟာလူမျိုးကြီးဝါဒ ဆိတ်သုန်းပျောက်ကွယ် သွားရန် ဖြစ်စေ၊ ထိုလက္ခဏာနှစ်ရပ်စလုံးကို တွန်းလှန်တဲ့နေရာမှာ တစ်ဦးကောင်း တစ်ယောက်ကောင်း အဖွဲ့အစည်းတခုရဲ့ အကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် မရည်ရွယ်ဘဲ ယခုလက်တွဲ ဆောင်ရွက်မှုထက် ပိုမို ကျစ်လစ် ခိုင်မာအောင် နောက်ထပ် နည်းလမ်းကောင်းတွေ သေနင်္ဂဗျူဟာ အခင်းအကျင်းတွေ ပေါ်ပေါက်ပြီး ခိုင်မာစွာ ဆက်လက် ဆောင်ရွက်ဖို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA)၏ ဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

“မိမိတို့ လက်ရှိကြိုးပမ်းနေတဲ့ ကိုယ်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ရေး၊ အမျိုးသား တန်းတူရေးများအပြင် တိုင်းပြည်မှာ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးသည်လည်း မိမိတို့ လက်ထဲမှာ အခွင့်အရေးရှိနေတဲ့ အတွက် မိမိတို့ ကျရာအခန်းကဏ္ဍမှာ ထည်ထည်ဝင်ဝင် စွန့်လွှတ်ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း” တိုက်တွန်း ပြောကြားထားသည်။

“တအာင်းလူမျိုးများအနေဖြင့် စစ်အာဏာရှင်၏ သေနတ်ပြောင်းဝက အမိန့်များကို ကြောက်နေရသလို တစ်ဖက်တွင်လည်း မဟာလူမျိုးကြီးဝါဒကို ကြောက်နေခဲ့ရသည်ဟုလည်း” ဆက်ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက “လွန်ခဲ့တဲ့ ဆယ်စုနှစ်များကို ပြည်လည်ကြည့်လိုက်မယ်ဆိုရင် မိမိတို့ တအာင်းလူမျိုး တွေသည် တစ်ဖက်မှာ စစ်အာဏာရှင်ရဲ့ သေနတ်ပြောင်းဝက အမိန့်တွေ ကြောက်နေရသလို တစ်ဖက်မှာလည်း ဘာသာ စကား၊ ယဉ်ကျေးမှုနဲ့ ခေတ်သစ် ကိုလိုနီနယ်ချဲ့နေတဲ့ မဟာလူမျိုးကြီးဝါဒကိုလည်း ကြောက်နေခဲ့ရတာ သမိုင်းမှာ မေ့ပစ်လို့မ ရခဲ့တဲ့ အခိုက်အတန့်တွေကို မိမိတို့ ကျော်ဖြတ်ခဲ့ဖူးကြတာ အားလုံးအသိပဲဖြစ်တယ်” ဟု ပြောသည်။

လက်ရှိ တိုင်းပြည်အခြေအနေမှာ တိုင်းရင်းသားလူမျိုးများ၏ လိုလားချက်နှင့် ပြည်မက လက်နက်စွဲကိုင် တိုက်ပွဲဝင်ကြသည့် ပြည်သူများ၏ ဘုံအကျိုးစီးပွားမျှော်မှန်းချက် ထပ်တူကျရန်လည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။

TNLA ၏ နိုင်ရေး ရည်မှန်းချက်ပန်းတိုင် အောင်မြင်ရရှိရန်အတွက် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့် ပူးပေါင်းကာ နိုင်ငံရေးအရ အဖြေရှာသွားမည်ဟု ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။

ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ စစ်ရေးပြ အထိမ်းအမှတ်တွင် ပြောကြား ခဲ့သော မိန့်ခွန်းမှာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA)မှ စစ်ရေး၊ နိုင်ငံရေးကို အတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြသော မိမိတို့၏ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် စစ်ရေး၊ နိုင်ငံရေးကိစ္စတို့၌ ဆက်လက်၍ အတူတကွ လက်တွဲဆောင် ရွက် နေကြမည်ဖြစ်ကြောင်း တအာင်း အမျိုး သား တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ညီနောင်မဟာမိတ်အဖွဲ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတ‌သော အမျိုးသား ပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့ဖြင့် ဖွဲ့စည်းထားသည်။