• Today is: Saturday, April 20, 2024

“ကမ္ဘောဒီယား သို့ အစည်းအဝေး တက်ရန် လာမည့်သူ မရှိတော့”

“ကမ္ဘောဒီယား သို့ အစည်းအဝေး တက်ရန် လာမည့်သူ မရှိတော့”

ကမ္ဘောဒီယား ရှိ ဆီရမ်ယိ အပန်းဖြေ စခန်း တွင် ဇန်နဝါရီ ၁၈-၁၉ ၌ စီစဉ်ထားသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံပွဲ ကို နိုင်ငံအချို့ မှ တက်ရောက်ရန် “အခက်အခဲ” များ ရှိနေ၍ ဟု ဆိုကာ ရွှေ့ဆိုင်းပေးလိုက် ရပြီ ဖြစ်သည်။

ခရီးသွားလာရန် အခက်အခဲများ ရှိနေ၍ ရွှေ့ဆိုင်းပေးလိုက်ရသည် ဆိုသည့် စကားက ကြောင်းကျိုး ဆီလျှော် သည်ဟု ယူဆရဖွယ် ရှိသော်လည်း မည်သည့် နိုင်ငံက ထိုသို့ ပြောသည် ဆိုသည်ကို ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်မှ ထုတ်ဖေါ် ပြောဆိုရန် ငြင်းဆန်သွားသည်ကပင် သာမန် သွေးရိုးသားရိုး ဖြစ်ဖွယ် မရှိဟု ယုံကြည်ရဖို့ ဖြစ်လာရပေသည်။

ဟွန်ဆန် အနေနှင့် မရှိသလောက် ဖြစ်နေသည့် ဂုဏ်သိက္ခာ ကို အရင်းပြုကာ မင်းအောင်လှိုင်နှင့် အဖွဲ့အား စင်ပေါ် အတင်းဆွဲတင်ရန် ကြိုးပမ်းမှုသည် မအောင်မြင် ဖြစ်သွားခဲ့ရပြီး အာဆီယံ ဥက္ကဌ ဖြစ်လာပြီး လပိုင်း အတွင်းမှာပင် အစည်းအဝေး တခုကို အောင်မြင်စွာ ခေါ်ယူ နိုင်မှု မရှိခြင်း နှင့် အစပြုလာခဲ့ရသည်။

အာဆီယံ အမာခံ အဖွဲ့ဝင် နိုင်ငံများကမူ အခြား ခေါင်းစဉ် တခုဖြင့် ၎င်းတို့ဖာသာ စည်းဝေးနိုင်မည့် နည်းလမ်း များကို စဉ်းစားနေလောက်ပြီ ဖြစ်သည်။

တရုတ်ရင်ခွင်ထဲသို့ တိုးဝင်နေသူ မှန်သမျှ ကို နောက်က အမြဲလို အမြီးလိုက်ဆွဲ တတ်သည့် ဂျပန်ကမူ ဟွန်ဆန် ၏ မြန်မာ ခရီးစဉ်အပေါ် ချီးကျူးကြောင်း နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာဆာ ဟာရာရှီက ပြောဆိုခဲ့ပြန်သည်။

Tragic joke ဟုပင် ဆိုရတော့မည်လား မသိ၊ မင်းအောင်လှိုင်ကမူ ၇၅ နှစ်မြောက်  ပြည်ထောင်စု နေ့တွင် ဗိုလ်ရှုခံ ပွဲကြီး ကျင်းပကာ တပ်ပေါင်းစုံ၏ အလေး ပြုမှု ခံယူရန် စီစဉ်နေပြီ ဖြစ်သည်ဟု ကြားသိရသည်။

ဗိုလ်ရှုခံပွဲသည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အရပ်သား ဖြစ်သူ နိုင်ငံတော် သမ္မတ အား ကြည်းရေလေ တပ်ပေါင်းစု ၏ အလေးပြုမှုကို ခံယူရသည့် ပွဲဖြစ်သည်။

ဦးသိန်းစိန် လက်ထက် ၂၀၁၅ တွင် ရွေးကောက်ပွဲ အတွက် အင်အား ပြသည့် အနေဖြင့် ထိုသို့သော အခမ်း အနားကို ကျပ်ငွေ ဘီလီယံ ပေါင်း ၆၀ ခန့် အကုန်အကျ ခံကာ ပြုလုပ်ခဲ့သော်လည်း အာဏာသိမ်း စစ်ခေါင်း ဆောင် နှစ်ဦး ဖြစ်သည့် ဗိုလ်နေဝင်း နှင့် ဗိုလ်သန်းရွှေ တို့ လက်ထက်တွင် ပြုလုပ်ခဲ့ခြင်း မရှိပေ။

မင်းအောင်လှိုင်သည် အခွင့်အရေး ရခိုက် တသက်တွင် တခါ ဆိုကာ ၎င်းအား နိုင်ငံတော် သမ္မတ အဖြစ် အတင်း ပုံဖေါ်ယူလို၍  ပြုလုပ်ခြင်း ဖြစ်သည်။

သို့သော် ကိုဗစ် ကပ်ရောဂါ ဆိုးကြီး နှင့် တိုင်းပြည်စီးပွားရေး ကျပ်တည်းလာနေချိန်တွင် ထိုသို့ ကျပ်ငွေ ဘီလီယံ ပေါင်း များစွာ အကုန်အကျ ခံကာ ပြုလုပ်ခြင်းသည် ရူးသွပ်ခြင်း သက်သက် သာ ဖြစ်သည်ဟု ဝေဖန်နေကြ ကြောင်း ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။

နောက်တကြောင်းမှာ တပ်တွင်း တွင်လည်း ထိပ်တန်း ဗိုလ်ချုပ်ကြီးများကို အတင်းအကျပ် အနားပေးကာ အပြောင်းအလဲများ ပြုလုပ်လာသဖြင့် တပ်တွင်း အက်ကြောင်းက ကြီးမားလာနေပြီ ဖြစ်သည်။ ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များကို လေကြောင်းမှသာ စစ်ဆင်နိုင်တော့သည့် အဖြစ်အား ရေရှည် ဆင်နွှဲသွား၍ မရဟု ကန့်ကွက်ခဲ့၍ လော၊ ဆေးရုံပင် မကျန်အောင် ဗုံးကြဲတိုက်ခိုက်လာနေကြပြီ ဖြစ်၍ ၎င်းကိုယ်တိုင် စစ်ရာဇဝတ် ကောင်အဖြစ် ခုံရုံးတင်ခံရမည်ကို စိုးရိမ်၍ ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းလော၊ မည်သို့ပင် ဆိုစေ ၎င်း အတွက် ငွေရပေါက် ရလမ်း ရှာဖွေ ပေးခဲ့သည့် လေတပ် ဦးစီးချုပ် မောင်မောင်ကျော်အား တပ်တွင်း အမှိုက်ပုံး အဖြစ် ခေါ်ဝေါ်နေကြသည့် အရန်အင်အားထဲသို့ ပြစ်ထည့်လိုက်ပြီ ဖြစ်သည်။

ယခုအခါ မင်းအောင်လှိုင်၏ ညွှန်ကြားမှု ဖြင့် လွိုင်ကော် အား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပြီး လျှပ်စစ် မီး ပါ ဖြတ်တောက်ခံ နေရလေသည်။ လူ ၆၀,၀၀၀ ခန့်  ဘေးလွတ်ရာ သို့ ထွက်ပြေးနေကြရပြီ ဖြစ်၍ PDF တပ်ဖွဲ့ဝင်များက ကူညီ ရွှေ့ပြောင်းပေးလျှက် ရှိသည်။

စစ်ကောင်စီ ပြောခွင့်ရကမူ ခရီးသည်များ နှင့် ကိုဗစ် ကာကွယ်ဆေးများ သယ်ဆောင်လာသည့် လေယာဉ်ကို လွိုင်ကော် လေဆိပ်တွင် တိုက်ခိုက်လာသည့် အတွက် ယခုလို လက်တုန့်ပြန်ရခြင်း ဖြစ်သည်ဟု RFA ကို ပြောဆိုခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ကြီး International Crisis Group (ICG) က မြန်မာ အရေး ပေါ် အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး ထိုအထဲတွင် ယခုအခါ နိုင်ငံတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုံးဝ ပျက်ပြားသွားပြီ ဖြစ်၍ ထိုအရေး အောင်မြင်ရန် ငွေကြေး ပံ့ပိုး ပေးနေသည့် အလှူရှင် နိုင်ငံများ အဖို့ စစ်ဘေး ဒဏ်ခံနေရသည့် ဒေသများမှ လူထုကို ပြောင်း၍ ကူညီပေးသင့်သည်ဟု အကြံပြုလာခဲ့သည်။ စစ်တပ်၏ ယခုနှစ်ကုန်အထိ အပြစ်ရပ်မည် ဆိုသည်ကလည်း မည်သို့မျှ ထူးခြားလာမည် မဟုတ်ဟုလည်း ပါရှိခဲ့သည်။

နိုင်ငံတကာ ရှိ မြန်မာ အရေးကို ဖြေရှင်းပေးလိုသူများ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ တည်ဆောက်ထားပြီး ဖြစ်သည့် ပူးတွဲ လုပ်ငန်းစဉ် ယန္တရား ဘောင် အတွင်းမှ အလုပ်ဖြစ်အောင် ကြိုးစားသင့်သည်ဟု လည်း ထောက်ပြခဲ့သည်။

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၄၊ ၂၀၂၂