• Today is: Monday, January 17, 2022

“အိုင်စီဂျီ အစီရင်ခံစာ”

Federal Journal
January14/ 2022

“အိုင်စီဂျီ အစီရင်ခံစာ”

ယခု တင်ပြမည့် အကြောင်းအရာသည် နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ကြီး International Crisis Group (ICG) မှ ရန်ကုန်၊ ဘန်ကောက် နှင့် ဘရပ်ဆဲလ် ရှိ အဖွဲ့ဝင်များ စုပေါင်း၍ မြန်မာ၏ လက်ရှိ အကျပ်အတည်းကြီး အပေါ် ထဲထဲဝင်ဝင် လေ့လာပြီး ၂၀၂၂ ဇန်နဝါရီ ၁၂ ရက် နေ့တွင် စာမျက်နှာ ၂၃ မျက်နှာ ကျော် ရှည်လျားသည့် အစီရင်ခံစာ ထုတ်ပြန်ထားခြင်း ကို ပြန်လည် တင်ပြခြင်းသာ ဖြစ်သည်။

(၁) နိဒါန်း

(၂) အာဏာသိမ်းပြီးနောက် လူမျိုးစု ပဋိပက္ခများ

(က) ရှေ့သို့ လှမ်းထွက်လာသော KIO နှင့် KNU

(ခ) ချင်း နှင့် ကရင်နီ တိုင်းရင်းသား တို့ စစ်မြေပြင်သို့ ပြန်လည် ရောက်ရှိလာခြင်း

(ဂ) ယာယီ ငြိမ်သက်နေသော ရခိုင်တပ်တော်

(ဃ) ရှမ်းမြောက် စစ်မျက်နှာ တွင် အသံတိတ်နေခြင်း

(၃) ညီညွတ်သော တပ်ဦး ပေါ်ပေါက်လာနိုင်မည့် အလားအလာ

(က) အလှမ်းဝေးနေဆဲ ဖြစ်သော ဖက်ဒရယ် အာမီ

(ခ) ယုံကြည်၍ မရခဲ့သည့် သမိုင်း အစဉ်အလာများ

(ဂ) မတူ ကွဲပြားမှု များ နှင့် သွေးခွဲခံခဲ့ရခြင်းများ

(ဃ) အလွတ်သဘော ဆက်ဆံရေးများ

(င) အကန့်အသတ်ထား၍ ဆက်ဆံလာခြင်း

(၄) တပ်မတော်၏ “ငြိမ်းချမ်းရေး” ပလန်များ

(က) ထောက်ခံမှု ရရန် လုံးပမ်းလာခြင်း

(ခ) ရှင်လျှက်နှင့် သေနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ

(င) အပေးအယူ အသစ်များ ထွက်ပေါ်လာဦးမည်လော

(၅) ပဋိပက္ခ အသစ်များ ကြား ကွေ့ကာ ဝိုက်ကာ ရွက်လွှင့်နေရခြင်း

(၆) နိဂုံး

အဆိုပါ အပိုင်းများကို ကဏ္ဍအလိုက် ခွဲပြီး နေ့စဉ် တင်ပြသွားပါမယ်။

(၁) နိဒါန်း

၂၀၂၁ ဖေဖေါ်ဝါရီလ အာဏာသိမ်းယူခဲ့မှုသည် ၂၀၁၁ ဩဂုတ် လ နောက်ပိုင်း ပဋိပက္ခများ နှင့် ရောပြွမ်းနေပြီး ဖြစ်သော မြန်မာနိုင်ငံရေး မျက်နှာစာ ကို အကြီးအကျယ် ဆွဲကိုင် လှုပ်ရမ်းလိုက်ခြင်းပင် ဖြစ်သည်။ ထိုစဥ်အချိန် ၂၀၁၁ ဩဂုတ်လတွင် သမ္မတ ဖြစ်သူ ဦးသိန်းစိန်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အစပျိုးလာခဲ့ချိန် လည်း ဖြစ်သည်။ စစ်တပ်မှ အာဏာမသိမ်းခဲ့မီ ကာလများတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းပေါင်း နှစ်ဒါဇင်ခန့်အပြင် မြန်မာ စစ်တပ်နှင့် ပုံစံအမျိုးမျိုး ဖြင့် ပတ်သက်နေသော အင်အား အမျိုးမျိုး ရှိနေသည့် လက်နက်ကိုင် ပြည်သူ့စစ် အဖွဲ့ပေါင်း ရာနှင့်ချီ၍ ရှိနေခဲ့ပြီး ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ရရှိရေး အတွက် လက်နက်ကိုင် တော်လှန်နေ ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထဲမှ အများစုသည် ဗဟို အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးနိုင် ရေး အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး Nationwide Ceasefire Agreement (NCA) ကို လက်မှတ်ရေးထိုးခြင်း၊ အချို့ကလည်း စစ်တပ်နှင့် သီးခြား အပစ်အခတ်ရပ်စဲရေး ရရှိရန် ဆွေးနွေးခြင်း များ ပြုလုပ်လာကြ၍ စစ်တပ် နှင့် တိုက်ပွဲများ ဖြစ်ပွားရာ ဒေသဟူ၍ အနည်းငယ်မျှသာ ကျန်ပေတော့သည်။ အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း၊ ကချင် နှင့် ရခိုင် ပြည်နယ်များ ရှိ  ရခိုင် တပ်တော်၊ TNLA နှင့် MNDAA အဖွဲ့များသာ စစ်တပ်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။

ထိုသို့ ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခများ လုံးဝ အဆုံးသတ်သွားနိုင်ရန် ငြိမ်းချမ်းသည့် ဖြေရှင်းချက်မျိုး ထွက်ပေါ်လာနိုင်သည့် အလားအလာသည် လွန်စွာ နည်းပါးနေခဲ့သည်။ မြန်မာ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များသည် အာဏာမသိမ်းမီ နှစ်အတန်ကြာကပင် ဖုတ်လှိုက် ဖုတ်လှိုက် ဖြင့် ရပ်တည်နေခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် ဆယ်ဖွဲ့သာ NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ အဖွဲ့များနှင့် ဖက်ဒရယ် နိုင်ငံရေး စနစ် တည်ထောင်ရန် ရည်ရွယ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးနေမှု များသည် ရှေ့မတိုးနိုင် ဖြစ်လာရသည်။

အာဏာသိမ်းလိုက်ခြင်းသည် အဆိုပါ ရည်မှန်းချက် အကောင်အထည် ပေါ်လာနိုင်သည် ဆိုသော အနည်းငယ် မျှသာ ကျန်ရှိတော့သည့် မျှော်လင့်ချက်များကို အပြီးအပိုင် ဖျက်ဆီးလိုက်ခြင်းလည်း ဖြစ်ပေသည်။ သို့သော် အာဏာသိမ်း အဖွဲ့ နှင့် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက NCA အကြောင်းကို လူသိရှင်ကြား ထုတ်ပြန်သော ကြေညာချက်များ တွင် ရံဖါရံခါ ဆိုသလို ထည့်သွင်း ဖေါ်ပြ သည်များတော့ ရှိခဲ့သည်။ ၎င်းတို့ အဓိက ပြောလိုသည်က လက်ရှိတွင် မည်မျှပင် အလားအလာ နည်းပါး နေသည် ဆိုငြားလည်း ထိုကဲ့သို့ သော သဘောတူညီချက်မျိုး ရရှိမည် ဆိုက နိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို အပြီးအပိုင် ဖြေရှင်းနိုင်စွမ်း ရှိလိမ့်မည်ဟူ၍ ဖြစ်သည်။

သို့သော် တပ်မတော်သည် ထိုကဲ့သို့သော သဘောတူညီချက်မျိုး ရရှိရန် မည်သည့် အခါမျှ နိုင်ငံရေး အရ အလျော့ပေးခဲ့ခြင်းမျိုး မရှိပေ။ ၎င်းတို့ အဖို့က ထိုသို့ ဆွေးနွေးလိုသည့် တိုင်းရင်းသား လက်နက်ကိုင် များ အဖို့ အဖွဲ့ကို ဖျက်သိမ်းပြီး လက်နက်အပ်ရန်ကိုသာ ဦးစားပေး ပြောဆိုခဲ့ကြသည်။

အာဏာသိမ်းပြီး ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များက စစ်ကောင်စီ နှင့် ပြုလုပ်နေသော နိုင်ငံရေး ဆွေးနွေးပွဲများကို ရပ်ဆိုင်းပြစ်လိုက်ပြီး မကြာမီမှာပင် စစ်တပ် ကို စတင် တိုက်ခိုက်လာကြသည်။ ဤကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် စတင်လာဖို့ အရေးသည် အခွင့်အလမ်း လွန်စွာ နည်းပါးသွားခဲ့ရပြီ ဖြစ်သည်။ လက်မှတ်ရေးထိုးထားသော အဖွဲ့များက စစ်ပွဲ အတွက် ပြင်ဆင်လာကြလေသည်။ ထိုအထဲတွင် စစ်ကောင်စီ နှင့် ဆက်လက် ဆွေးနွေးလိုစိတ် ရှိနေသေးသည့် အဖွဲ့များပင် ၎င်းတို့ ဒေသခံများက လူကြိုက် နည်းလာနေပြီ ဖြစ်သည့် စစ်ကောင်စီ နှင့် မပတ်သက်ရန် ဖိအားပေးခြင်း ခံလာကြရသည်။

အာဏာသိမ်းခဲ့မှု နှင့် နောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် နှိပ်ကွပ်လာခဲ့ပြီး နောက်တွင်တော့ ပဋိပက္ခ ဖြစ်ပွားခဲ့သည့် မျက်နှာစာသည် အမျိုးမျိုး အဖုံဖုံ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ ထိုဖြစ်စဉ်များတွင် မြေပြန့်နေ ဗမာ အများစု ပါဝင်သည့် လက်နက်ကိုင် အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ရသည်။ မြေပြန့်ဒေသများသည် ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် လက်နက်ကိုင် ပဋိပက္ခများ ကင်းရှင်းရာ ဒေသများ ဖြစ်ခဲ့သော်လည်း အနှစ်နှစ် အလလ မျိုသိပ်ထားမှုများ အား ပြန်၍ မီးမွှေးပေးလိုက်သလို ဖြစ်ခဲ့ရသည်။

အသစ် ပေါ်ပေါက်လာသော လက်နက်ကိုင် အဖွဲ့များတွင် စစ်သားများကို ချုံခို တိုက်ခိုက်နေကြသည့် ကျေးလက် ပြည်သူတို၏ လက်နက်ကိုင် တပ်ဖွဲ့များမှသည် အာဏာသိမ်း အဖွဲ့ တွင် ပါဝင်နေသည့် အရာရှိများနှင့် ရုံးဌာန များကို ပြစ်မှတ်ထား တိုက်ခိုက်သည့် မြေအောက် လှုပ်ရှားမှု ကွန်ယက်များ အထိ တပြိုင်တည်းလို ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့များသည် သီးခြားစီ ရပ်တည် လှုပ်ရှားနေကြသော်လည်း ထိုအဖွဲ့များ၏ တခု တည်းသော ရပ်တည်ချက်သည် စစ်အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင်ရေးပင် ဖြစ်သည်။ (သို့သော် ပြူစောထီး ခေါ်သည့် စစ်တပ်ကို အထောက်အကူ ပေးနေသော လက်နက်ကိုင် အဖွဲ့များ မပါဝင်ပေ)

၂၀၂၁ မေလ မှ စ၍ အမျိုးသား ညီညွတ်ရေး အစိုးရ National Unity Government (NUG) သည် ပြည်သူ ခုခံ တွန်းလှန်စစ်ကို ဆင်နွဲနိုင်ရန် People’s Defense Force (PDF) ကို စတင် ဖွဲ့စည်းလာခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံ အနှံ့အပြားတွင် မိမိတို့ အစီအစဉ်ဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည့် အဖွဲ့များသည်လည်း NUG နှင့် အတူ ရပ်တည်ကြောင်း ပြသသည့် အနေဖြင့် PDF များ အဖြစ် ပြောင်းလဲ ခေါ်ဝေါ်လာခဲ့ကြသည်။ လက်တွေ့ တွင်မူ NUG သည် အဆိုပါ အဖွဲ့များကို ထိန်းချုပ်နိုင်စွမ်း မရှိသေးဘဲ လက်နက် နှင့် အခြား ထောက်ပံ့ရေး ပစ္စည်း များကို မဆိုသလောက်သာ ပံ့ပိုးပေးနိုင်ခဲ့သည်။

ယခု တင်ပြမည့် အစီရင်ခံစာသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အာဏာသိမ်းမှု ကို မည်သို့မည်ပုံ တုန့်ပြန်ခဲ့သည် ဆိုသည်နှင့် ယင်းမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များ သည် မည်သည့် အကြောင်းခြင်းရာ များကို အခြေခံလာသည်များ အပေါ် စီစစ် သုံးသပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် NUG ၊ စစ်တပ် တို့မှ ၎င်းတို့ နှင့် ထိတွေ့ဆက်ဆံနိုင်ရန် ကြိုးပမ်းခဲ့ကြပုံများ၊ ထိုသို့ ကြိုးပမ်းမှုများသည် အနာဂတ်တွင် နိုင်ငံ နှင့် တိုင်းရင်းသား ပြည်သူများ အပေါ် မည်သို့ မည်ပုံ သက်ရောက်မှု ရှိလာနိုင်သည့် အလားအလာများကိုလည်း သုံးသပ်သွားမည် ဖြစ်သည်။

ဤအစီရင်ခံစာသည် ၂၀၂၁ ဇွန်လ နှင့် နိုဝင်ဘာလ အတွင်း သုတေသန ပြုလုပ်၍ စုဆောင်းရရှိခဲ့သည့် အချက် အလက်များနှင့် မြန်မာ အရေး အပေါ် ICG ၏ နှစ်ပေါင်းကြာမြင့်စွာ ကွင်းဆင်း လေ့လာနေခဲ့မှုများ ကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်သည်။ ကိုဗစ် ကပ်ရောဂါ နှင့် စစ်တပ်၏ အာဏာသိမ်းခဲ့မှုများ ကြောင့် ခရီးသွားလာ မှုကို တွင်တွင်ကျယ်ကျယ် မပြုလုပ်နိုင်တော့ဘဲ မိမိတို့ အရင်က ရှိခဲ့ပြီးသော ကွန်ယက်များ နှင့် အဝေးကသာ ဆက်သွယ်ပြီး အချက်အလက်များ စုဆောင်း ပြုစုခဲ့ရခြင်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ ထိုအထဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ NUG၊ မြို့ပြ အဖွဲ့အစည်းများ၊ သုတေသီများ၊ အဓိက နေရာမှ လှုပ်ရှား နေကြသည့် လူပုဂ္ဂိုလ်များလည်း ပါဝင်သည်။

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၄၊ ၂၀၂၂