• Today is: Saturday, April 20, 2024

စင်္ကာပူ ဝန်ကြီးချူပ် ၏ ပြတ်သားစွာ ရပ်တည်ချက် နှင့် PDF တို့၏ 3D-Printed Gun

“စင်္ကာပူ ဝန်ကြီးချူပ် ၏ ပြတ်သားစွာ ရပ်တည်ချက် နှင့် PDF တို့၏ 3D-Printed Gun”

အာဆီယံ အဖွဲ့၏ မူ ငါးချက် အား အကောင်အထည် ဖေါ်ရေးတွင် မည်သို့သော တိုးတက်မှု တစုံတရာမျှပင် မရှိဟု စင်္ကာပူ ဝန်ကြီးချုပ် လီရှင်လုံး က ဟွန်ဆန်အား အွန်လိုင်းမှ တဆင့် ဆွေးနွေးခဲ့စဉ် အတွင်း မှတ်ချက်ချသွားခဲ့သည်။

အာဆီယံ၏ မူ ငါးချက် ဆိုသည်က…

(၁) နိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ခြင်း လက်ငင်း ရပ်ဆိုင်းရေး နှင့် သက်ဆိုင်သူများ အားလုံးမှ အစွမ်းကုန် ချုပ်တည်းရေး

(၂) မြန်မာ ပြည်သူများ၏ အကျိုးကို ရှေးရှု၍ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ကြရန် ပါဝင် ပတ်သက်နေသူများ အကြား ဆွေးနွေး ညှိနှိုင်းကြရန်

(၃) ထိုသို့ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး အတွက် အာဆီယံ ဥက္ကဌ ၏ အထူး သံတမန်မှ ကြားဝင် ဖြန်ဖြေ ညှိနှိုင်းပေးရန်

(၄) လူသားချင်း စာနာထောက်ထားသော အကူအညီများ အား အာဆီယံ၏ AHA မှ တဆင့် ပေးအပ်သွားရန်

(၅) အထူး သံတမန် နှင့် အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ပြီး သက်ဆိုင်သူ အားလုံး နှင့် တွေ့ဆုံရန်

တို့ ဖြစ်သည်။

ထိုအချက်များ အကောင်အထည် ဖေါ်ရေး တွင် သိသာသော တိုးတက်မှု များ မရှိသရွေ့ ၃၈ ကြိမ် နှင့် ၃၉ ကြိမ် အာဆီယံ ထိပ်သီး တွေ့ဆုံပွဲအား မြန်မာ မှ နိုင်ငံရေး နှင့် မပတ်သက်သူကိုသာ ဖိတ်ကြားသင့်သည် ဆိုသည့် ၎င်း၏ အမြင်အား လီရှန်လုံး မှ ထပ်လောင်း ပြောဆိုခဲ့သည်။

အာဆီယံ ခေါင်းဆောင်များ၏ ဆုံးဖြတ်ထားချက်ကို ပြင်ဆင်ရန် ဆွေးနွေးမှု မှန်သမျှသည် အချက်အလက် အသစ်များ အပေါ်တွင်သာ မူတည်သင့်ပြီး အာဆီယံ ဥက္ကဌ ဖြစ်သူ အနေဖြင့် တပ်မတော် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် နှင့် ပါ ထိတွေ့ ဆက်သွယ်ရန် လိုအပ်သည် ဟု အလေးအနက် ထောက်ပြသွားခဲ့သည်။

တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အပစ်ရပ်ရေး ကို အဆိုပြုထားသော်လည်း မူ ငါးချက်တွင် ရည်ညွှန်းထားသည်က တပ်မတော်၏ နိုင်ငံရေး အတိုက်အခံများ နှင့် အရပ်သားများ အပေါ် ကျုးလွန်နေသော အကြမ်းဖက်မှု များ ရပ်တန့်ရန် ကို အဓိက ရည်ညွန်းထားခြင်း ဖြစ်သည်။

ဟွန်ဆန် ၏ ခရီးစဉ် အပြီး ရက်အနည်းငယ် အတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်များ ထပ်မံ ချမှတ်လာခြင်း နှင့် တပ်မတော်မှ ၎င်းတို့ ကို ဆန့်ကျင်နေသူများအား ထပ်မံ တိုက်ခိုက်လာခြင်း များ ပြုလုပ်လာခဲ့သည်ကို တွေ့ရသည်ဟု လည်း လီရှင်လုံးက ဆိုသည်။

ဟွန်ဆန်က ကမ္ဘောဒီယား အနေဖြင့် အပစ်အခတ် ရပ်စဲရေး ကို မည်သို့ မည်ပုံ ဝင်ရောက် ညှိနှိုင်းပေးမည် ဆိုသည်နှင့်  လူသားချင်း စာနာသော အကူအညီများ ပေးရေးတို အတွက် အဆိုပြု ခဲ့ကြောင်း ပြောလာသည်ကို လီ က အာဆီယံ အနေဖြင့် သက်ဆိုင်သည့် အဖွဲ့များနှင့် ထိတွေ့ခွင့်ပင် မရသေးပဲနှင့် မည်သို့မည်ပုံ ဆောင်ရွက်မည် ဆိုသည်ကို နားမလည် ဟု ပြန်လည် ပြောဆိုခဲ့ပြန်သည်။ သို့သော်လည်း အကြမ်းဖက်မှု များ ရပ်တန့်သွားမည် ဆိုက ကမ္ဘောဒီယား၏ လုပ်ဆောင်ချက်ကို မူအား ဖြင့် ကန့်ကွက်ရန် မရှိဟုလည်း ပြောခဲ့သည်။

ကမ္ဘောဒီယား အနေဖြင့် သူ၏ အမြင် နှင့် အခြား ခေါင်းဆောင်များ၏ အမြင်ကိုပါ ထည့်သွင်းစဉ်းစားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောခဲ့သည်။

ဟွန်ဆန်သည် တဦးတည်း သဘောဖြင့် လူတတ်ကြီး လုပ်ကာ မင်းအောင်လှိုင်နှင့် သွားရောက် တွေ့ဆုံခဲ့မှုသည် ၎င်းအတွက် တဖြေးဖြေး နှင့် အရှက်ကွဲဖို့ ဖြစ်လာခဲ့ရသည်သာ အဖတ်တင်သွားခဲ့သည်။ ဟွန်ဆန်၏ လုပ်ရပ်သည် အာဆီယံ အဖွဲ့ဝင် ရှစ်နိုင်ငံ၏ အခိုင်အမာ ရပ်တည်ချက်ကို မင်းအောင်လှိုင် အကျိုး အတွက် ဖျက်လို ဖျက်ဆီး ဝင်လုပ်ပေးခဲ့ခြင်းသာ ဖြစ်၍ ၎င်း၏ အမျှော်အမြင် နည်းပါးမှုကိုလည်း အဖွဲ့ဝင် ရှစ်နိုင်ငံ အကြား အခမဲ့ ချပြလိုက်သလို ဖြစ်သွားခဲ့ရရှာသည်။

ဟွန်ဆန်သည် အာဆီယံ ဥက္ကဌ ရာထူး ရရှိသွားသည်ကိုလည်း ခေါင်းဆောင်ကြီး ခန့်အပ်ခံရသလို အဓိပွါယ် ကောက်ယူခဲ့သူ ဖြစ်ပြီး ရှေ့လျောက်လည်း ၎င်းအကျိုးရှိရာ ရှိကြောင်းအတွက် ဆက်လက် အသုံးချသွားဦးမည်လည်း ဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတော် အတိုင်ပင်ခံအား ကြားရသူ အပေါင်း တစွန်းတစမျှပင် ယုံကြည်ခြင်း ရှိမည်မဟုတ်သည့် လုပ်ကြံဖန်တီးဖန်တီးမှုများဖြင့် ထောင်ဒဏ် နှစ်ပေါင်း ၁၆၀ အထိပင် ချ၍ ရသော ပြစ်မှုများဖြင့် စွဲချက်တင်နေဆဲပင် ဖြစ်သည်။

ဒီထက် ပို၍ အံ့ဩစရာ ကောင်းသည်က ကရင်နီတပ်တော်နှင့် ၎င်းတို့၏ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် PDF များသည် ကယားပြည်နယ် အတွင်း ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှု များ ကျုးလွန်လျက် ရှိနေကြသည်ဟု ကင်ပွန်းတပ်လာခြင်းပင် ဖြစ်သည်။

KNPP နှင့် PDF များသည် ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ နှင့် လူနေရပ်ကွက်များ အား အကာအကွယ်ယူခြင်း၊ အရပ်သားများကို လူသား ဒိုင်း အဖြစ် အသုံးချခြင်း နှင့် လက်နက်ကြီးများ ဖြင့် လွိုင်ကော် အကျဉ်းထောင်အား ပစ်ခတ်ခြင်း တို့ ကျုးလွန်ခဲ့ကြသည် ဟု အရှက်မရှိ မျက်နှာပြောင်တိုက်ကာ ပြောဆိုလာခဲ့ကြသည်။

ခရစ်စမတ် အကြို ဒီဇင်ဘာ ၂၄ ရက်တွင် ကား ခုနှစ်စီးတိုက် မီးရှို့ သတ်ဖြတ်ခံရသူ ၃၅ ဦးသည် PDF များ ဖြစ်သည်ဟု ပြောပြန်သည်၊ တိုက်ပွဲ ဖြစ်ပွားနေစဉ် ကားတစီး မီးစွဲလောင်ပြီး အနီးအနားရှိ ကားများသို့ ကူးစက်လောင်ကျွမ်းသွားခြင်းဟု ဆိုသည်၊ သို့သော် ဓါတ်ပုံများထဲတွင် ကားများသည် တစီးနှင့် တစီး အဝေးကြီး ရှိနေသည်ကို အထင်အရှား မြင်တွေ့ခဲ့ကြရပြီး ဖြစ်သည်၊ ထို့ပြင် ကားပေါ်ပါ ဆယ်နှစ် အရွယ်ပင် မရှိသေးသော ကလေးသူငယ်များသည် အဘယ်ကြောင့် PDF များ ဖြစ်နေရသနည်း ဆိုသည်ကိုမူ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပြန်ပေ။

စစ်ကောင်စီ သည် ၎င်းတို့ ကျုးလွန်နေမှုများ က လူမဆန် အောင် ဖြစ်လာနေမှုကြောင့် စစ်ရာဇဝတ်ကောင် များ အဖြစ် ခုံရုံးတင်ခံရတော့မည့် အရေးကို စိုးရွံလာ၍၎င်း၊ နောက်နောင်တွင် လုပ်ချင်တာ လုပ်ပြီး PDF များ အပေါ် အလွယ်တကူ လွှဲချမည်ဆိုသော အစဉ်အလာ တရပ် တည်ဆောက်နိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် ယခုလို လိမ်ညာ ပြောဆိုလာခြင်း ပင် ဖြစ်သည်။

ယခုအခါ PDF များသည် ၎င်းတို့ထက် လက်နက်အင်အား အဆမတန် သာလွန်နေသော စစ်ကောင်စီတပ်များကို ယှဉ်နိုင်ရန် အတွက် 3D printer ဖြင့် ၉ မမ ကျည်ထဲ့ပြစ်၍ ရသည့် FGC-9 အမျိုးအစား ဆီမီး အော်တိုမက်တစ် ကာဘိုင် သေနတ် များကို စတင် ထုတ်လုပ်နေကြပြီ ဖြစ်သည်ဟု The National Interest စာစောင် တွင် ဖေါ်ပြထားသည်။ သို့သော်လည်း ရေရှည် မခံပဲ ကျည် အတောင့် ၁,၀၀၀ အထိသာ ပစ်ခတ်နိုင်သည်၊ လက်ရှိတွင် အကူအညီများ ရောက်မလာမခြင်း အဆိုပါ 3D printed ကာဘိုင်များကို အသုံးပြုသွားမည်ဟု သိရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှ စစ်ကောင်စီသည် ကျေးလက်ဒေသ အတော်များများ ကို လက်လွှတ်နေရပြီး မိမိတို့မှ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့များ တည်ထောင်နေသည်ဟု ဘီဘီစီ နှင့် ပြုလုပ်‌သော သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၆၊ ၂၀၂၂