• Today is: Saturday, April 20, 2024

တနှစ်ပြည့်ပြီ

တနှစ်ပြည့်ပြီ

သည်နှစ်ဆောင်းက မနှစ်ကဆောင်းထက် ပိုအေးသလား မစဉ်းစားမိသော်လည်း မနှစ်က သည်ရက်ထဲ နံနက် မိုးလင်းသည်နှင့် မြို့ထဲချီတက်ဖို့ပြင်ကြသည်ကို ပြန်သတိရမိသည်။ မနှစ်က ဖေဖော်ဝါရီ ၆ ရက်နေ့ အင်းစိန်လမ်းမကြီးပေါ်မှာ အိသဉ္ဇာမောင် ဦးဆောင်၍ ဆန္ဒပြကြသည်။ ရန်ကုန် နွေဦးတော်လှန်ရေး၏ အစဟုဆိုရမည်။

နောက်ရက်များတွင် ဆူးလေမှာ၊ လှည်းတန်မှာ၊ မြေနီကုန်းမှာ လူပင်လယ်ကြီးဖြစ်သွားသည်။ လမ်းမပေါ်တွင် ခွပ်‌ဒေါင်းအလ့နီတွေ တလူလူလွှင့်ခဲ့ကြသည်။ အလှူရှင်များက ဆန္ဒပြသူများကို ရေဗူးနှင့်အစားအစာတွေ ဝေငှကြသည်။ မိန့်ခွန်းချွေသူကချွေသည်။ ကဗျာရွတ်သူကရွတ်သည်။ သီချင်းဆိုသည်။ အားလုံးတော်လှန်ရေးနှင့် မလွတ်သော အမှုအရာတွေသာဖြစ်သည်။

ရန်ကုန်ဆင်ခြေဖုံ မြို့တွေက လမ်းတွေမှာ အနီရောင်အလံလေးတွေတလူလူလွှင့်နေကြသည်။ ဆန္ဒပြပြီးသည်နှင့် လူထုက ကိုယ့်အမှိုက်ကိုယ်သိမ်းကြသည်။ စည်းကမ်းရှိရှိ စုဝေးကာ၊ စည်းကမ်းရှိရှိ ပြန်လည်ထွက်ခွာသွားကြသည်။ ၈၈ အရေးတော်ပုံတုန်းကလို မီးပွိုင့်ကို ခဲဖြင့်မထု၊ ရဲကားကို မီးမရှို့ကြတော့ ထိုကဲ့သို့ ဖြစ်လာမည်ဟုတွေးထင်ထားသူတွေ အံ့သြကုန်ကြသည်။

ဆန္ဒပြသူတွေခမြာ အိမ်ပြန်ရောက်သော်လည်း မမောနိုင်မပန်းနိုင် သံပုန်းတီး သပိတ်ကို ဆင်နွဲကြသေးသည်။ ည ၈ နာရီထိုးပေနှင့် ရန်ကုန်က ပြည်သူတွေ တိုက်ခန်းရှေ့ ဝရံတာဆီသို့ သံပုန်းလေးတွေကိုင်ပြီး ရောက်လာကြသည်။ သံပုန်းတီးသံတွေပျောက်သွားတော့ သီးချင်းတွေ အော်ဆိုကြပြန်သည်။ ရာဇဝင်တွေလည်းရိုင်းခဲ့ကြပြီအဖိုးရေ့။

မတ်လထဲရောက်သောအခါ ဆန္ဒပြသူတွေ၏ ယူနီဖောင်းပြောင်းလာသည်။ ဖိုက်တာ ဦးထုတ်တွေ၊ ဓါတ်ငွေ့ကာ မျက်နှာဖုံးတွေ၊ ဒိုင်းကာတွေနှင့် ဖြစ်လာသည်။ လမ်းမပေါ်မှာလည်း သဲအိတ်အတားအဆီးတွေ ရှိလာသည်။ ကျော်ပိုးအိတ်လွယ်ထားသော လူငယ်တွေက ရှေ့ဆုံးကတက်ပြီး သဲအိတ်နောက်မှာနေရာယူကြသည်။ မျက်ရည်ယိုဗုံးတွေက သူတို့ဘေးပြုတ်ကြပြီး နာဖြူရောင်မီးခိုးတွေ ရှုးကနဲ ပန်းထွက်သွားသည်။ ကတ္တရာလမ်းပေါ်လဲကျသူလဲရှိသည်။ ပြေးလွှားကြသူလဲရှိသည်။

ဆန္ဒပြသူတွေက ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်းတို့မှာ စုရပ်မလုပ်ကြတော့ဘဲ ကိုယ့်မြို့မှာ စုဝေးဆန္ဒပြကြသကဲ့သို့ အထိုင်သပိတ်တွေလည်း ပေါ်လာသည်။ ဆင်ခြေဖုံးမြို့တွေက ကားတွေပေါ် ဆောင်းဘောက်တွေတင်ကာ သီးချင်းတွေဖွင့်၊ ကကြခုန်ကြသဖြင့် ထိုကဲ့သို့ မပြုမူရန် မေတ္တာရပ်ခ့ကြသည်။ တချို့အစုအဖွဲ့တွေကလည်း နိုင်ငံတကာသံရုံးများရှေ့တွင် သွားရောက်ဆန္ဒပြကြသည်။ တချို့ သံရုံးအား ကန့်ကွက်သည့် အနေနှင့် ဆန္ဒပြပြီး တချို့ သံရုံးအား အကူအညီရလိုသည့် သဘောဖြင့် ဆန္ဒပြကြသည်။

မတ်လ ထဲမှာ ဆန္ဒပြမှုများစွာ အဖြိုအခွင့်ခံရသည်။ အင်းစိန်လမ်းမပေါ်က လှိုင်သပိတ်ကို ဖြိုခွင့်းသည်။ မြောက်ဥက္ကလာ ကန်သာယာ သပိတ်ကိုလည်း အင်အားသုံးဖြိုခွင့်သည်။ အောင်ဇေယျတံတားအဆင်း လှိုင်သာယာ သပိတ်ကိုလည်း သာလွန်အင်အားဖြင့် ဖြိုခွင်းခဲ့သည်။

လှိုင်သာယာမှာ ခိုနားနေကြသည့် ဧရာဝတီတိုင်းက လူတွေ အထုပ်အပိုးတွေနှင့် အိမ်ပြန်ကြသည်။ ရန်ကုန်မှ ‌ညောင်တုန်းသို့အထွက်တွင် ကားတန်းရှည်ကြီးဖြစ်နေသည်။ အဝတ်အစားထုတ်နှင့် အိမ်ထောင် ပရိဘောဂများကြားတွင် ခွေးလေးတွေ၊ ကြောင်လေးတွေပါလာတတ်သည်။ တချို့ကမော်တော်ကားဖြင့် မဟုတ်ဘဲ ဆိုင်ကယ်ပေါ်အထုပ်အပိုးတွေတင်ပြီး ပြန်လာကြသည်။ တချိန်က ဝင်ငွေကောင်းသော ရန်ကုန်၊ အစားအသောက် အဝတ်အထည်ပေါများသော ရန်ကုန်၊ ပျော်စရာ ရွှင်စရာကောင်းသော ရန်ကုန် ယခုတော့ မီးခိုးတလူလူဖြင့် ကျန်ရစ်တော့ဟူ၍ထားခဲ့ကြသည်။

တနှစ်ကြာသွားပြဖြစ်၏။

ဆူးလေက မဟာဗန္ဓုလပန်းခြံ မြက်ခင်းစိမ်းများပေါ်တွင် ပြေးလွှားဆော့ကစားနေသော ကလေးငယ်များကို မတွေ့ရတာကြာသွားပြီဖြစ်၏။ ရွှေဘုံသာလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ဖရေဒဂ က‌‌ဈေးဆိုင်တွေရှေ့ ပလက်ဖောင်းပေါ်မှာ မီးစက်သံတွေ ဆူညံလာသည်။ ထိုမီးစက်များကို ရှောင်ရှားရင်း လမ်းလျှောက်လာသူ လူငယ်တစ်ယောက်က မားဗီးယပ် စီးကရက်ကို ခဲထားသည်။ သူလိုက်ရှာနေသည်က ကျားတံဆိပ် ဘီယာရောင်းသောဆိုင်ဖြစ်၏။

ကလေးတွေက အိမ်တွင်းအောင်းကာ ဖုန်းတစ်လုံးဖြင့် အချိန်ကုန်နေသဖြင့် မိဘတွေကစိုးရိမ်လာကြသည်။ အမှန်က သူတို့ ဂိမ်းဆော့နေခြင်းမဟုတ် အွန်လိုင်းကလပ်တစ်ခု တက်ရောက်နေခြင်းဖြစ်သည်။ ယူကျူ့ကြည့် တာ အချိန်ဖြုန်းတာဟူသော သတင်းစာပါ ဆောင်းပါးတစ်ပုဒ်ကို ကလေးတွေက ဖတ်ပြီး ရယ်နေကြသည်။

ရန်ကုန် ဆင်ခြေဖုံနေ တဲအိမ်ကလေးတစ်လုံးအတွင်းမှ မိသားစုက ဒပလျူအက်ဖ်ပီ တံဆိပ်ပါ ဆန်အိတ်တွေလာရောက် ဝေငှမည့်နေ့ကို မျှော်နေသည်။ တက္ကစီကား ဆရာက ဆီဆိုင်ရှေ့က နိူင်တီတူး ဆီဈေး နတ်ပြည်ရောက်သွားသည်ကို မျှော်ကြည့်နေသည်။ အိမ်ရှင်မက ဟင်းခွက်ထဲက ခဲနေသော ဆီခဲကိုကြည့်ကာ သက်ပြင်းငွေ့ငွေ့ချသည်။ ရံဖန်ရံခါကား ဘီး‌ပေါက်သံကဲ့သို့ အသံများကြားရသော်လည်း ကြားရဖန်များတော့ ရန်ကုန် လူထုက ရိုးအီလာပြန်သည်။ ‌‌ဪ နွေဦးကံ့ကော်များ ဟူ၍သာ ။       ။

မောက်ဂ္ဂလိ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂