• Today is: Saturday, June 25, 2022

PPST စုဖွဲ့မှုပုံစံသစ် ဖြစ်ပေါ်လာရေးနှင့် စတုတ္ထအကြိမ် ညီလာခံ မတ်လနှောင်းပိုင်းတွင် ကျင်းပမည်

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂ 

နှစ်ရက်တာ ဆွေးနွေးပွဲ အပြီးတွင် PPST စုဖွဲ့မှုပုံစံသစ် ဖြစ်ပေါ်လာရေးနှင့် စတုတ္ထအကြိမ် ညီလာခံ ကို မတ်လနှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားကြောင်း PPST က ထုတ်ပြန် ပြောဆိုထားသည်။

စတုတ္ထအကြိမ် ပြုလုပ်မည့် ညီလာခံနှင့် ပတ်သက်ပြီး သတ်မှတ်ထားတဲ့ရက်အတိုင်းကျင်းပဖို့တော့ ကြိုးပမ်းနေကြောင်း ရောဂါဖြစ်နေတဲ့အခြေအနေနှင့် သတ်မှတ်ရက် ရောက်လာတဲ့ အခြေအနေပေါ် မူတည်၍ အကောင်းဆုံး ဖြစ်အောင် သက်ဆိုင်ရာအစုအဖွဲ့ အလိုက် တာဝန်ပေးပြီး ဆောင်ရွက်နေကြောင်း PPST ပြောရေးဆိုခွင့်ရ ရဲဘော်မျိုးဝင်းက  ဖက်ဒရယ်ဂျာနယ်ကို အခုလို ပြောသည်။

ရဲဘော်မျိုးဝင်းက “အဓိကကတော့ အားလုံးသိတဲ့အတိုင်းပါပဲ PPST ရဲ့ မျက်နှာစုံညီအစည်းအဝေးကျင်းပနိုင်ဖို့ ပြင်ဆင်ခဲ့တာလည်း ကြာလည်းကြာပြီပေါ့နော်။ အခြေနေ အကြောင်းအမျိူးမျိူးကြောင့် ရွှေ့ဆိုင်းခဲ့ရတာလည်း ရှိတာပေါ့။ ဒါကတော့လုပ်ထုံးလုပ်နည်းအရ မျက်နှာစုံညီအစည်းအဝေးပြုလုပ်ရင်တော့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရတာပေါ့။ အဲဒီအတွက်လည်း သက်ဆိုင်ရင်အစုအဖွဲ့အလိုက် တာဝန်ပေးအပ်ပြီးတော့ပြင်ဆင်ဖို့အတွက်ကို ကျွန်တော်တို့တာဝန်ပေးအပ်တာပေါ့။ အရေးကြီးဆုံးကတော့ နိုင်ငံရေးအရပေါ့ ရှေ့ဆက်သွားမယ့်ခရီးမှာ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးရေချိန်ကိုကြိုတင်ပြင်ဆင်ရမှာတွေရှိတယ်။ တစ်ပြိုင်နက်ထဲမှာပဲ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အားလုံးမတူညီကွဲပြားမူအောက်ကနေ ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံကိုရှာဖွေပြီးတော့ ကျွန်တော်တို့ရှေ့ဆက်ကာလမှာ ဘယ်လိုပုံစံနဲ့ စုဖွဲ့ဆောင်ရွက်သွားမလဲပေါ့။ အဲဒါတွေလည်းပဲ ကျွန်တော်တို့အတွင်းထဲမှာ ပြင်ဆင်ရတာတွေရှိတာပေါ့။ ခရီးသွားလာရေးကအစ အစည်းအဝေး အစီအစဉ်တွေ အဆုံးပေါ့။ အဲဒီအတွက်တော့ သက်ဆိုင်ရာတာဝန်ပေးထားတဲ့ အစုဖွဲ့အသီးသီး ကနေ ကျွန်တော်တို့ တင်ပြတာရှိပါတယ်။ သတ်မှတ်ထားတဲ့ရက်အတိုင်းကျင်းပဖို့တော့ ကြိုးပမ်းနေတာပေါ့နော်။ နောက်ဆုံးရောက်နေတဲ့အခြေအနေပေါ်မူတည်တာပေါ့။ ရောဂါဖြစ်နေတဲ့အခြေအနေဆိုတော့။ အကောင်းဆုံး ဖြစ်အောင်တော့ သက်ဆိုင်ရာအစုအဖွဲ့အလိုက် တာဝန်ပေးပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

PPST စုဖွဲ့မှုပုံစံသစ် ဖြစ်ပေါ်လာရေးနှင့်ပတ်သက်ပြီး PPST အဖွဲ့တွင်း ချမှတ်ထားသည့် ပုံစံမေးမြန်းရာမှာတော့

ရဲဘော်မျိုးဝင်းက “တစ်ခုရှိတာက ပြီးခဲ့တဲ့ကာလမှာကျွန်တော်တို့သွားခဲ့တဲ့ NCA စာချုပ်မှာပါတဲ့ သဘောတူညီတဲ့ အတိုင်း နိုင်ငံရေးမူဘောင်ပေါ့နော်။ အဲဒီအပေါ်အခြေခံပြီး နိုင်ငံရေးမူဘောင်တစ်ရပ်ကျွန်တော်တို့ ရေးဆွဲ ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့အခုအခြေအနေအောက်မှာတော့ အရင်သွားခဲ့တဲ့နိုင်ငံရေးဆွေးနွေးပွဲ အခြေအနေအတိုင်းသွားဖို့ကတော့ တော်တော်လေးခက်ခဲသွားပြီး။ ဒါကတော့ ကျွန်တော်တို့ အကြိမ်ကြိမ်ပြောခဲ့ပြီး သားပေါ့နော်။ လာမယ့်အခြေအနေအောက်မှာတော့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီမယ့်နိုင်ငံရေးဆွေးနွေးပွဲပေါ့။ ဆိုလိုတာက ပါဝင်ရမယ့်အင်အားစုတွေကလည်း အပြောင်းအလဲ တွေရှိတယ်၊ အဲဒီအနေအထားနဲ့ ကိုက်ညီတဲ့ဆွေးနွေးမှုပုံစံပေါ့။ ပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံးပါဝင်မယ်၊ လက်ရှိနိုင်ငံရေးပြဿနာကို အဖြေရှာနိုင်မယ့် နိုင်ငံရေးဆွေးနွေးမှုပုံစံတစ်ခုကို ကျွန်တော်တို့ ပြင်ဆင်နေ တာဖြစ်တဲ့အတွက် ကျွန်တော်တို့ သုံးသပ်မှုတွေ ဆောင်ရွက်နေတယ်။ ပြီးတော့ကျွန်တော်တို့ သက်ဆိုင်ရာ တခြားအင်အားစုတွေနဲ့လည်း ညှိုနှိုင်းတိုင်ပင်ရတာပေါ့နော်။ နိုင်ငံရေးပါတီတွေနဲ့ ကျွန်တော်တို့ စကားပြော တာတွေရှိတယ်။ တခြားသောအဖွဲ့အစည်းတွေနဲ့စကားပြောတာတွေရှိတယ်၊ အဲဒါတွေကတော့ ကျွန်တော်တို့ ပြင်ဆင်နေတာပေါ့နော်။ ယေဘုယျအားဖြင့်တော့ အရင်အတိုင်း တော့သွားလို့မရတော့ဘူး၊ ဒါကို ကျွန်တော် အသေအချာပြောနိုင်တယ်” ဟု ပြောသည်။

အပစ်ရပ်(၁၀)ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကို ဖွဲ့စည်းထားပြီး စတုတ္ထအကြိမ် ညီလာခံ (ပထမပိုင်း)ကို ၂၀၁၉ ခုနှစ်၊မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပခဲ့သည်။ ၎င်းတို့၏ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း)ကို ၂၀၂၂ ခုနှစ်၊ မတ်လ နှောင်းပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ NCA-S EAO အပစ်ရပ်(၁၀)ဖွဲ့ –

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)

၂။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

၃။ ချင်းအမျိုးသား တပ်ဦး (CNF)

၄။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)

၅။ ကရင်အမျိုးသားအစည်းအရုံး (KNU)

၆။ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)

၇။ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)

၈။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)

၉။ မွန်ပြည်သစ်ပါတီ (NMSP)

၁၀။ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)