• Today is: Thursday, April 25, 2024

ရန်သူရှေးရှု တော်လှန်ရေး

ရန်သူရှေးရှု တော်လှန်ရေး

နွေဦးတော်လှန်ရေး၏ အနှစ်သာရသည် ဘုံရန်သူ စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်ခေါင်းဆောင်ယန္တရားများကို ပထမဆုံးနှင့်အရေးကြီးဆုံးတော်လှန်ရေးအဆင့်အနေနှင့် သတ်မှတ်ပြီး တစိုက်မတ်မတ် တွန်းလှန်ပြီး ပြည်ထောင်စုတစ်ဝန်းလုံးမှ မောင်ဖွားအားလုံးတို့သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်သို့ သူသာကိုယ်နာမတွေးဘဲ အားရှိသလောက် ရုန်းကန်တော်လှန်နေကြသည်မှာ နွေဦးတော်လှန်ရေး၏အမှတ်သင်္ကေတပင် ဖြစ်သည်။

ပင်လုံစာချုပ်မှ မွေးဖွားလာသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် စစ်အာဏာရှင်စနစ်ဒဏ်ကို သုံးဆက်တိုင်တိုင်ခံစားခဲ့ရတာကြောင့် အဘက်ဘက်မှ ရုံးနိမ့်ခဲ့ရသည်မှာ မဖုံးကွယ်နိုင်အောင်ပင် သိသာထင်ရှားလွန်းလှသည်။ မြန်မာနိုင်ငံဟုဆိုရင် အာဏာရှင်နိုင်ငံ၊ ဆင်းရဲမွဲတေပြီး ဖွံ့ဖြိုးရေးနိမ့်ကျတဲ့နိုင်ငံ၊ လွတ်လပ်ခွင့်ဆုံးရှုံးနေသော နိုင်ငံအနေဖြင့် နိုင်ငံတကာအပါအဝင် ပြည်ထောင်စုဖွားလူထုကြီးတစ်ရပ်လုံးက သိရှိနားလည်ထားကြသည်။

စစ်အာဏာရှင်စနစ်သည် သဘာဝအလျောက် ပေါ်ပေါက်ခဲ့ခြင်းမဟုတ်သလို အလိုအလျောက် ပျက်ပယ်သွားမည့်အရာလည်းမဟုတ်ပေ။ ကျွန်တော်တို့ပြည်သူလူထုကြီးတစ်ခုလုံးမှ စစ်အာဏာရှင်စနစ်ဆိုးကြီးကို မုန်းတီးရွံရှာ လုံးဝလက်မခံနိုင်သောစိတ်ဖြင့် ဖျက်ဆီးပြီး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီနစ်ကို အခိုင်အခံ့တည်ဆောက်နိုင်မှသာလျှင် အမိမြေပေါ်၌ စစ်အာဏာရှင်စနစ်ကြီး အပြီးတိုင် ပျောက်ကွယ်သွားနိုင်မည်ဖြစ်သည်။

၁။ စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင် ဆိုတာ ဘာလဲ

စစ်အာဏာရှင်စနစ်ဆိုသည်မှာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တစ်စုမှ တိုင်းပြည်၏ အချုပ်အခြာအာဏာကို နည်းလမ်းပေါင်းစုံအသုံးပြုကာ သိမ်းပိုက်ပြီး တိုင်းပြည်၏ ကဏ္ဍအသီးသီးတွင် ဝင်ရောက်ချယ်လှယ်အုပ်ချုပ်သည့် စနစ်ကို ဆိုလိုသည်။ တနည်းအားဖြင့် စစ်ခေါင်းဆောင်တစ်စုသည် စစ်တပ်ကို အသုံးချကာ ပြည်သူ့ဆန္ဒကို လျစ်လျူရှု ဆန့်ကျင်ပြီး ဥပဒေကဲ့သို့ တည်သောအမိန့်တွေကို စည်းမဲ့ ကမ်းမဲ့ထုတ်ပြီး တိုင်းပြည်ဘဏ္ဍကို တိုင်းပြည်နှင့် ပြည်သူအကျိုးအတွက် အသုံးပြုခြင်း မရှိဘဲ စစ်ခေါင်းဆောင်ကိုယ်ကျိုးစီပွားကို ပြန်လည်တွန်းလှန်ဖျက်ဆီးနိုင်မည့် ပြည်သူများရန်မှ ကာကွယ်ဖို့အတွက် လက်နက်မျိုးစုံနှင့် စစ်အင်အားကို အလွန်အကျွံ တပ်ဆင်ထားသည်။ ပြည်သူ့အခွန်နှင့် ပြည်သူ့ကိုပစ်ရန် ကျည်ကြိုစုထားခြင်းပင်ဖြစ်သည်။

စစ်အာဏာရှင်လူတစ်စုသည် မိမိအကျိုးစီးပွားအလို့ငှာ ပြည်သူတစ်ရပ်လုံး၏ လူ့အခွင့်အရေး၊ တရားမျှတမှု၊ လွတ်လပ်မှု ကို ရိုက်ချိုးလိုက်သည့်အဖြစ် လူသားဖြစ်တည်ခွင့်ကိုပါ သေးကျုံ့သွားစေအောင် တိုက်ရိုက်တသွယ် သွယ်ဝိုက်တဖုံ လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံပိုင်ပစ္စည်များကို မိမိကိုယ်ပိုင်ပစ္စည်းများသဖွယ် သုံးဖြုန်းခဲ့ကြပြီး လက်သင့်ရာ ခရိုနီများနှင့် စီးပွားရေးလောကကြီးတစ်ခုလုံးကို စိုးမိုးစုပ်ယူကာ ပြည့်စည်းစိမ်ကို ဖျက်စီးခဲ့တာကြောင့် လူထုတစ်ရပ်လုံး မွဲတေခဲ့ရသည်။ လူသားဖြစ်ခြင်း၏ သင်္ကေတဖြစ်သော ဆင်ခြင်တုံတရားကို စစ်အာဏာရှင်များက ရည်ရွယ်ချက်ရှိစွာ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဝန်းကျင်နယ်ပယ်များကို သေသပ်စွာ ဖျက်ဆီးခဲ့သည်။

၂၊ စစ်အာဏာရှင်စက်ဝန်းကို ဘယ်လို တည်ဆောက်ထားကြလဲ

စစ်အာဏာရှင်တို့သည် စစ်တပ်အသိုင်းအဝိုင်းကြီး အာဏာစောင့်တပ်များအဖြစ် စနစ်တကျ သိုင်းဝိုင်းတည်ဆောက်ထားကြသည်။ လက်အောက်ငယ်သားနှင့် လက်သင့်သူများကို အရိုးအရင်းများ စွန့်ကြဲပေးကမ်းခြင်းနှင့် မရှိသော ဂုဏ်ရောင်တို့ကို တပ်ဆင်ပေးခြင်းအားဖြင့် စစ်တပ်အင်ပါယာကြီးကို တည်ဆောက်ထားကြသည်။

စစ်တပ်သည် တိုင်းပြည်ကို စောင့်ရှောက်နေရသော အမျိုးကောင်းသားများသဖွယ်၊ စည်းကမ်းပြည့်ဝပြီး ရိုးသားဖြူစင်သော လူကြီးလူကောင်းများသဖွယ် ထင်မြင်ရအောင် ကဏ္ဍမျိုးစုံ၌ အတုအယောင်ပေါင်းများစွာဖြင့် ပုံပေါ်ထားကြသည်။ စင်စစ်မူ စစ်တပ်သည် အိမ်ရှင်လုပ်ချင်သော ခြံစောင့်ခွေးသာဖြစ်ပြီး၊ ကိုယ့်နေရာကိုယ်မသိသောအားဖြင့် စစ်သည်တစ်ယောက်၌ ရှိသင့်ရှိထိုက်သော စိတ်ဓာတ်နှင့် တန်ဖိုးကို ကိုယ်တိုင်ဖျက်ဆီးထားသည်။

မြန်မာစစ်တပ်ကို စစ်ရေးလိုအပ်ချက်နှင့်အညီတည်ဆောက်ထားခြင်းမရှိဘဲ စစ်ခေါင်းဆောင်တစ်စု၏ အလိုကျ တည်ဆောက်ထားသော စစ်တပ်ဖြစ်ပြီး စစ်တပ်တွင်းအာဏာခွဲဝေမှုသည်လည်း ပုဂ္ဂိုလ်စွဲအခြေခံတည်ဆောက်ထားခြင်း ဖြစ်သည်။ စစ်တပ်တစ်ခုလုံးသည် ထိပ်ပိုင်းစစ်ခေါင်းဆောင်များအလိုကျ တရေတည်းသားများကို ပြန်တိုက်ခိုက်ရသည့် ပြည်တွင်းစစ်ကို အသက်ဆက်ပေးနေရခြင်းဖြစ်သည်။ စစ်တပ်သည် ပြည်ပအန္တရာယ်ကာကွယ်ပေးမှုထက် ပြည်သူများကိုသာ တစိုက်မတ်မတ် သတ်ဖြတ်မှုများ၊ မုဒိန်းကျင့်ညှင်းပန်းမှုများသာ ပြုလုပ်ခဲ့ကြသည်။

စစ်တပ်သည် ပြည်သူလူထုအပေါ် မည်သည့်အခါမှ ရိုးသားခြင်းမရှိသည့်အပြင် လက်ရင်းတပည့်ရင်း တပ်သားတွေအပေါ်တွင်လည်း ခေါင်းပုံဖြတ်ခဲ့သည်။ အလွန်တရာ လူစိတ်မရှိသော စစ်တပ်ပင်ဖြစ်သည်။ စစ်အာဏာရှင်တို့သည် ပြည်သူများကို တစိုက်မတ်မတ် လိမ်လည်ခဲ့သလို စစ်သည်တွေအပေါ်တွင်လည်း တစိုက်မတ်မတ် အသုံးချကာ တိုင်းပြည်အပေါ် ဂုတ်သွေးစုပ်ခဲ့ကြသည်။

၃။စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်ကို ဖြိုချရန် နည်းလမ်းများ

စစ်အာဏာရှင်သည် စစ်အာဏာရှင်စနစ်ကို ဖန်တီးခဲ့သလို ထို စစ်အာဏာရှင်စနစ်သည် စစ်အာဏာရှင်လက်သစ်များကို ဆက်လက်မွေးထုတ်ခဲ့သည်။ ကျွန်တော်တို့အနေနဲ့ ထိုကွင်းဆက်ကို ဖြတ်ရန်အလွန်အရေးကြီးသည်။ ပထမဆုံးအဆင့်အနေနှင့် ပြည်သူတစ်ယောက်မကျန် စစ်အာဏာရှင်၊ စစ်အာဏာရှင်စနစ်နှင့် အသုံးချခံစစ်တပ်နှင့် စစ်သားကို ပိုင်းခြားသိမြင်ရန်လိုသည်။ စစ်တပ်ယန္တရားအတွင်းက စစ်သား၊ ရဲသား၊ ပြည်သူ့စစ်၊ မီးသတ်သမား၊ ပြူစောထီးနှင့် အုပ်ချုပ်ရေးဝန်ထမ်းများအနေနှင့် မိမိတို့၏ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်နှင့် အသက်ကို အသုံးချကာ စစ်ထိပ်ပိုင်းခေါင်းဆောင်တို့ စစ်အာဏာရှင်စနစ်ကို တည်ဆောက်အသက်သွင်းပြီး မိမိတို့အပါအဝင် ပြည်သူတစ်ရပ်လုံးကို နှိပ်စက်သတ်ဖြတ်နေသည်ကို ကိုယ်တိုင်နားလည် သိရှိရန် လိုအပ်သည်။ ထိုနွံအိုင်ထဲမှ ရုန်းထွက်ရန် လိုအပ်သည်။

ပြည်သူများအနေနှင့် စစ်အာဏာရှင်နှင့် စစ်အာဏာရှင်စနစ်ကို ရန်သူဟု သတ်မှတ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသက်ရှင်ရပ်တည်ခြင်းဆိုင်ရာကဏ္ဍတွင် လုံးဝမထိစပ်ခြင်း၊ အဆက်အဆံမပြုခြင်းအားဖြင့် စစ်အာဏာရှင်အသိုင်းအဝိုင်းကို မိမိတို့ဝန်းကျင်မှ ဖယ်ထုတ်ဖို့လိုအပ်သည်။ တချိန်တည်းတွင် အာဏာရှင်စနစ်အမြစ်ဖြုတ်နိုင်ရန်အတွက် ကြံစည်ခြင်း၊ ကူညီထောက်ပံ့ပေးခြင်း၊ တိုက်ခိုက်ခြင်းဖြင့် ဖြိုချဖို့ လိုအပ်သည်။

ထို့နောက် ပြည်သူနှင့် တိုင်းပြည်ကို ကာကွယ်ပေးနိုင်သော စစ်မှန်သည့်စစ်တပ်ကို တည်ဆောက်ရန်လိုအပ်သည်။ စစ်အာဏာရှင်နှင့် စစ်အာဏာရှင်စနစ် တဖန်မပေါ်ပေါက်လာအောင် စစ်တပ်ကို အရပ်ဖက်အုပ်ချုပ်မှုနှင့် ပြည်သူ့အာဏာအောက်ထဲတွင် ထားရန် လိုအပ်သည်။ ပြည်ထောင်စုပေါင်းစည်းမှုအတွက် လိုအပ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အချိန်မဆိုင်း ရေးဆွဲတည်ဆောက်ဖို့လိုအပ်သည်။ သတိချပ်ရသည်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်မတည်ထောင်နိုင်ဘဲ စစ်အာဏာရှင်စနစ်ကို အမြစ်မဖြတ်နိုင်ပေ။

၄။ နိဂုံး

မြန်မာပြည်ကြီးသည် လွတ်လပ်သော တိုင်းပြည်ကြီး ဖြစ်သော်လည်း နေ့ညမပြတ် တိုက်ပွဲကြားနေထိုင်ကြရသည်။ မငြိမ်းချမ်းသော တိုင်းပြည်နှင့် ဂျင်းပညာရေးစနစ်၊ ဟန်ပြခရိုနီစီးပွားရေးစနစ်နှင့် ဖျက်ဆီးခံရသော ဗဟုယဉ်ကျေးမှုစနစ်ကြီးသည် တိုင်းပြည်ကို အဘက်ဘက်မှ နစ်မွန်းစေသည်။ စင်စစ်သော်ကား မြန်မာပြည်သည် ပထဝီအနေအထားအရသော်လည်းကောင်း၊ အရင်းအမြစ်သယံဇာတအရသော်လည်းကောင်း၊ လူမှုယဉ်ကျေးမှုအရသော်လည်းကောင်း အလွန်တရာအဖိုးတန်သော် တိုင်းပြည်ကြီးဖြစ်သည်။ အရေးကြီးဆုံးအချက်မှာတိုင်းပြည်ကြီး ငြိမ်းချမ်းပြီး ဖွံ့ဖြိုးရေးနှင့် ကောင်းမွန်သော နိုင်ငံရေးစနစ် အမြစ်တွယ်စေဖို့ ဖြစ်သည်။

ကံ့ကော်ဖြူ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂