• Today is: Friday, April 26, 2024

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

▄ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

မနေ့က – “အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးတပ်ဦးလား (သို့တည်းမဟုတ်) စင်ပြိုင်အစိုးရလား” ဆိုတဲ့ ဆွေးနွေးပွဲတစ်ခုမှာ၊ ဝိုင်းဝန်းဆွေးနွေးချက်တွေ နားထောင်ဖြစ်ခဲ့တယ်။ ဒီဆွေးနွေးပွဲမှာ၊ ကြားရတဲ့ သဘောထားတွေနဲ့ ကျနော့် ထင်မြင်ယူဆချက်ကို ပေါင်းစပ်ပြီးတော့ အနီးစပ်ဆုံးထင်ဟပ်နိုင်တဲ့ ပုံတစ်ခုကို ချဆွဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ အခု ဖော်ပြထားတဲ့ပုံ ထွက်လာပါတယ်။ သဘောမညီမှုတွေ ရှိနိုင်သည့်တိုင်၊ တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေသူတွေရဲ့ အများစုထင်မြင်ယူဆချက်ကို ထင်ဟပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

▣ ၁။ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) အနေနဲ့ လက်ရှိမှာ ဘယ်လိုပုံစံ ဖြစ်တည်နေသလဲဆိုတဲ့ အသွင်သဏ္ဍာန်ပိုင်း (Form) နဲ့ ပတ်သက်ပြီး ထင်မြင်ချက်တချို့ တွေ့ရပါတယ်။ “NUG” ဟာ လက်တွေ့မှာ၊ တော်လှန်ရေးတပ်ဦးပုံစံထက် စင်ပြိုင်အစိုးရပုံစံကို ကဲနေတယ်လို့ အများစုက ထင်မြင်ကြတာ တွေ့ရတယ်။ စင်ပြိုင်အစိုးရပုံစံထွက်နေတာကို၊ မူအားဖြင့်သဘောတူတာတွေ ရှိပေမယ့်၊ တော်လှန်ရေးတပ်ဦးပုံစံ ထွက်အောင် အတော်လုပ်ယူရအုံးမယ်လို့ သဘောထား ထင်မြင်ချက် ပေးကြတယ်။

တော်​လှန်ရေးတပ်ဦးပုံစံ (တနည်း) တော်လှန်ရေးအစိုးရပုံစံပေါက်ဖို့ လိုတယ်၊ ယခုက ဇွတ်အတင်း အစိုးရပုံဖမ်းနေတယ်ဆိုတဲ့ သဘောထား ထင်မြင်ချက်တွေကို တွေ့ရတယ်။ လက်ရှိ လုပ်ငန်းတာဝန်ပိုင်း (Function) အရ၊ တော်လှန်ရေးလုပ်နေရတာ ဖြစ်တယ်။ ပုံစံက စင်ပြိုင်အစိုးရပုံစံကို ဇွတ်အတင်းတည်ဆောက်ထားပြီး၊ လက်တွေ့လုပ်ရပ်မှာတော့ တော်လှန်ရေးလုပ်နေရလို့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရမှာ ထပ်တူရှိမနေဘူးလို့ ထင်မြင်ကြတာတွေ့ရတယ်။ ဒါက နံပါတ် (၁) တစ်ချက်။

▣ ၂။ တော်လှန်ရေးကို လူထုက ဦးဆောင်နေတယ်လို့ နိုင်ငံရေးအရ စည်းရုံးရေးဆင်းတဲ့လေသံမျိုး ထွက်တာ ကောင်းပါတယ်။ သို့သော်လည်း စစ်အာဏာသိမ်းမှုအပြီး တစ်လ၊ နှစ်လ၊ သုံးလလောက်အတွင်းမှာ လူထုဟာ ဆန္ဒပြသပိတ်တိုက်ပွဲတွေမှာ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လူထုကို ကိုယ်စားပြုကြောင်း၊ လူထုက mandate ပေးထားပြီးသားဖြစ်တယ်။

ဒီတော့ နိုင်ငံရေးအရ စည်းရုံးရေး စကားပြောတဲ့နေရာမှာ၊ “တော်လှန်ရေးကို လူထုကသာ ဦးဆောင်တာ” လို့ ပြောကောင်း ပြောလို့ ရပေမယ့်၊ လက်တွေ့နိုင်ငံရေးအခန်းကဏ္ဍမှာ “NUG” ဟာ တော်လှန်ရေးကို ဦးဆောင်နေတဲ့ တပ်ဦးဖြစ်တယ်။ ဒါ့ကြောင့် လူထုပါရင် နိုင်မှာ၊ လူထုမပါလို့ မနိုင်တာ ဆိုတဲ့ ဆင်ခြေမျိုး။ လူထုက ပါပေမယ့် အပြည့်အဝ မပါဝင်လို့ ကျရှုံးတာ ဆိုတဲ့ ထိုးဇာတ်မျိုးကို သတိချပ်ဖို့ ကောင်းတယ်။ နိုင်ငံရေးမှာ ယေဘုယျတွေ ပြောတာ ရပေမယ့်၊ တကယ့် စစ်ရေး နဲ့ တော်လှန်ရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ယေဘုယျတွေပြောပြီး ဦးဆောင်လို့ မရဘူးဆိုတာ သတိချပ်စေချင် တယ်။

▣ ၃။ ယခုလက်ရှိဟာ တော်လှန်ရေးကာလအတွင်းမှာသာ ရှိပါသေးတယ်။ တော်လှန်ရေးအလွန် ကာလကိုလည်း မရောက်သေးပါ။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ်ကို အခရာ၊ ဗဟိုချက်ထားတာ ဖြစ်သော်လည်းပဲ အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းနဲ့ လူထုသပိတ်၊ လူထုဆန္ဒပြနည်းနာတွေလည်း ပူးတွဲ ပါဝင်နေပါတယ်။ နိုင်ငံတကာ ဖိအားနဲ့ ပိတ်ဆို့အရေးယူမှုတွေလည်း ပါဝင်နေပါတယ်။

သို့သော်လည်း လက်တွေ့ စစ်ရေးရလဒ်မှာ ဖြစ်ဖြစ်မြောက်မြောက် ရလဒ်ထွက်ဖို့ဟာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဖြစ်လိမ့်မယ်လို့ အများစု က ထင်မြင်ယူဆကြပါတယ်။ ဒါ့ကြောင့် “NUG” အနေနဲ့ တော်လှန်ရေးတပ်ဦးမှာ ပြည်တွင်းက စစ်ရေးအင်အားစု တွေကို စုစည်းနိုင်ဖို့ လိုကြောင်းနဲ့၊ စစ်ရေးအရ အင်အားအသာစီးရနိုင်ဖို့ စစ်ရေးတပ်ပေါင်းစု အနေနဲ့ အသွင်ပြောင်း တည်ဆောက်နိုင်မှ၊ လက်တွေ့ရလဒ်ထွက်မယ်လို့ ယူဆချက်တွေ တွေ့ရပါတယ်။ စစ်ရေးအရ တပ်ပေါင်းစု အသွင်နဲ့ မစုဖွဲ့နိုင်ဘဲ၊ လက်ရှိ “NUG” (စင်ပြိုင်အစိုးရ) ပုံစံ အတိုင်းသာ ဆက်ရှိနေရင်၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ခဲယဉ်းကြောင်း သဘောထားမှတ်ချက်ပေးတာတွေ့ရပါတယ်။

▣ ၄။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ “NUG” အပေါ် အပြုသဘောဆောင် ဝေဖန်မှုတွေ လိုအပ်ကြောင်း၊ တစ်ဖက်မှာလည်း “NUG” ရဲ့ စုစည်းမှုကို ထောက်ခံပေမယ့်၊ လူလဲတာ၊ လူပြောင်းတာတွေကို လုပ်သင့်ကြောင်း သဘောထားတွေ တွေ့နေရပါတယ်။ “NUG” ဟာ အစိုးရပုံစံ ဖွဲ့စည်းထားတာဖြစ်လို့၊ ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ခွဲဝေမှုတွေ ရှိထားပေမယ့် “diffusion of responsibility” လို့ ခေါ်နိုင်တဲ့ တာဝန်ယူမှု ရောထွေးနေတာကို ထင်ထင်ရှားရှားတွေ့နေရတယ်လို့ ဝေဖန်ကြတာတွေ့ရပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင် လမ်းစဉ်သက်သက် မဟုတ်ဘဲ၊ CDM လို့ခေါ်တဲ့ ပြည်သူ့အာဏာဖီဆန်ရေးနည်းလမ်းလည်း ပါဝင်နေတာမို့၊ ဝန်ကြီး ဌာနအလိုက် စုဖွဲ့ပြီး အပိုင်းလိုက် တာဝန်ယူတာတွေ့ရပေမယ့်၊ တချို့သော ဝန်ကြီးဌာနတွေဟာ အသွင်သဏ္ဍာန် အရသာ ဖွဲ့စည်းထားတာဖြစ်ပြီး၊ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ယူလုပ်ဆောင်တာမျိုးကို မတွေ့ရတာကိုလည်း၊ တော်လှန်ရေးထဲထဲဝင်ဝင် လှုပ်ရှားနေသူတွေဟာ သို့လောသို့လော ဖြစ်ရပါတယ်။

▣ ၅။ တော်လှန်ရေးမှာ စစ်ရေးရလဒ် သိသိသာသာ မထွက်သေးရင်၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ကြားကာလဆိုတာ လည်း ရှိသေးမယ်လို့ မထင်ပါ။ တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေးဟန်ပေါက်တဲ့ အစိုးရအဖွဲ့အဖြစ်၊ “NUG” ကို အများစုက မြင်လိုပြီး၊ တော်လှန်ရေးအလွန်ကာလမှာတော့ အုပ်ချုပ်သောအစိုးရပုံစံပေါက်တဲ့ အစိုးရ အသွင်ကို ပိုဆောင်စေချင်ကြတာတွေ့ရတယ်။ အခုတော့ Function နဲ့ Form ဟာ အတော်လွဲနေကြောင်း၊ အများစုက ထင်မြင်ယူဆနေကြပါတယ်။

မင်းသေ့ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂