• Today is: Friday, August 12, 2022

နွေဉီးတော်လှန်ရေးနှင့် တိုင်းရင်းသားပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေများ

နွေဉီးတော်လှန်ရေးနှင့် တိုင်းရင်းသားပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေများ

(၂၀၂၁ခုနှစ်-နိုဝင်ဘာလ မှ ၂၀၂၂ခုနှစ်-ဇန်နဝါရီလအထိ)

အာဏာရှင်စနစ်ဆန့်ကျင်မှု နွေဉီးတော်လှန်ရေးကာလအတွင်း အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် လှုပ်ရှားမှုများကို မိမိတို့ ဖက်ဒရယ်ဂျာနယ်က သုံးလ တစ်ကြိမ်ဖြင့် လေ့လာပြုစု၍ ထုတ်ပြန်လေ့ရှိပါသည်။ ဤတစ်ကြိမ်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်း တိုင်းရင်းသား ဒေသများတွင် ဖြစ်ပေါ်ပြောင်းလဲ နေသည့် အခြေအနေများ  –

  • မြို့နယ်/နွယ်စု အခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု၊
  • စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ဒဏ်ရာရမှု၊ သေဆုံးမှု၊ စစ်ဘေးရှောင်နှင့် အိုးအိမ်ပျက်ဆီးမှု၊
  • ပြည်နယ်/လူမျိုးအလိုက် ညှိနှိုင်းတိုင်ပင်ရေးကောင်စီများ ဖွဲ့စည်းမှုနှင့် လှုပ်ရှားမှုများ၊

စသည်တို့ကို အကျဉ်းချုံး စုစည်းတင်ပြထားပါသည်။

အပိုင်း (၁)

မြို့နယ်/မျိုးနွယ်စု အခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ

(၁) ကချင်ပြည်နယ်

၂၀၂၁ နိုဝင်ဘာလ မှ ၂၀၂၂ ဇန်နဝါရီလ အတွင်း စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့ကြား တိုက်ပွဲပေါင်း (၂၃) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား အနည်းဆုံး (၉) ကြိမ်ထက်မက ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်လေကြောင်းမှ ပစ်ခတ်မှု (၅)ကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက် ခဲ့သည်။ တိုက်ပွဲအများဆုံး ဖြစ်ပွားသည့် မြို့နယ်များသည် ပူတာအို၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ဖားကန့်၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမောက် စသည့် နေရာဒေသများဖြစ်သည်။

(၂) ကရင်နီ(ကယား)ပြည် ကာကွယ်ရေးတပ်ဖွဲ့များ

ကရင်နီပြည်၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယား (၉၀)ရာခိုင်နှုန်းခန့် ရပ်တန့်သည်ဟု ဒေသခံဘက်က ထုတ်ပြန်ခဲ့သည်။ ကရင်နီပြည်တွင် ကျေးရွာပေါင်း (၇၀၀)ကျော်ရှိသည့်အနက် (၄၀၀)ခန့်တွင် စာသင်ကျောင်းများနှင့် ဆေးပေးခန်းများကို ပြည်သူလူထုက ကိုယ်ထူကိုယ်ထဖြင့် စီမံအုပ်ချုပ်နိုင်ခဲ့ပြီဟုလည်း သိရှိရသည်။ ကရင်နီပြည် ရဲဌာနချုပ်အောက်တွင် တပ်ဖွဲ့အင်အား (၂၅၀)ဦးဖြင့် ဖွဲ့စည်းထားသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ် တို့ကို စုစည်းထားသည့် ကရင်နီပြည်ပြည်သူ့ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တို့ကြား တိုက်ပွဲပေါင်း (၅၆)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးလအတွင်း လေကြောင်းဖြင့် (၃၁)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ KNDF တပ်ဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် တပ်ရင်းပေါင်း (၁၈)ရင်း၊ တပ်ဖွဲ့အင်အားပေါင်း (၆၂၇၇)ဦးရှိပြီး စတင်ဖွဲ့စည်းသည့် အချိန်မှစ၍ ယနေ့အထိတွင် တိုက်ပွဲ့ပေါင်း (၁၆၀)ထက်မနည်း ဖြစ်ပွားပြီး KNDF ဘက်မှ (၈၀) ဦးခန့် ထိခိုက်ကျဆုံးပြီး စစ်ကောင်စီဘက်မှ (၇၀၀) ကျော် သေဆုံးမှုရှိသည်။

() ကရင်ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

၂၀၂၁ နိုဝင်ဘာလမှ ၂၀၂၂ ဇန်နဝါရီလအတွင်း ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)နှင့် ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော် KNDO တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ (၄၀)ကြိမ်ထက်မနည်း​ ဖြစ်ပွားခဲ့သည်။ သုံးလတာ ကာလအတွင်း စစ်ကောင်စီတပ်သည် KNU နှင့် တိုက်ပွဲအတွင်း လေကြောင်းဖြင့် တိုက်ခိုက်မှုများကို (၁၀)ကြိမ်ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

() ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသား တပ်မတော် (CNF)တို့ကြား (၁၀) ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားပြီး ချင်းလန်း ပူးပေါင်းကာကွယ်ရေးကော်မတီ(CJDC)နှင့် တိုက်ပွဲ (၄၇)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်မှု (၅)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

          လက်ရှိတွင် CNF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် CJDC တို့သည် ချင်းပြည်အတွင်း ပှုးပေါင်းစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိသည်။ CJDC အထူးကွန်မန်ဒို တပ်ဖွဲ့ကို အင်အား (၂၀၀)ခန့်ဖြင့် ဖွဲ့စည်းပြီး NUG နှင့် EAOs များ ပူးပေါင်း ဖွဲ့စည်းသည့် C3C ၏ အမှတ်(၁) စစ်ဆင်ရေးအတွက် တပ်သား (၅၀၀) ပေးထားသည်ဟု သိရသည်။ CJDC အနေဖြင့် လက်ရှိတွင် ချင်းပြည်နယ်ရှိ  (၆၀) ရာခိုင်နှုန်းခန့် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန် ထား သည်။

CJDC တပ်ဖွဲ့ဝင်အင်အား (၁၃,၀၀၀) ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ တစ်နှစ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ချင်းတပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း (၂၀၀) ကျော်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား (၁၂၀၀) ခန့် သေဆုံးပြီဖြစ်ကြောင်းသိရသည်။  

 () မွန်ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်နှင့် ကေအဲန်ယူ တပ်ဖွဲ့နှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်တပ်ဖွဲ့ ပူးပေါင်း၍ တိုက်ပွဲပေါင်း (၁၆)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ တဖန် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) တို့ကြား တိုက်ပွဲပေါင်း (၁၇)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့် ဒေသများသည် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ရေး စသည့်မြို့နယ် တို့တွင် ဖြစ်ပွားခဲ့သည်။ 

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက်(G-Z) လူငယ်၊ ကျောင်သား၊ ပြည်သူ၊ ဝန်ထမ်း၊ နည်းပညာ တက္ကသိုလ်၊ မြို့ခံ ရပ်မိ/ရပ်ဖများ စုစည်း၍ မွန်ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (National Guard Force) နာမည်ဖြင့် မြို့နယ်အသီးသီးတွင် ဖွဲ့စည်းသည်ဟု သိရသည်။ မြို့နယ်ကာကွယ်ရေးတပ်များကို ကျိုက်ထို၊ သထုံ၊ ‌မော်လမြိုင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ဘီးလင်း၊ ‌‌ပေါင်၊ ကျိုက်မရော၊ မုဒုံ၊ ရေး နှင့် သိမ်ဇရပ် စသည့် မြို့နယ်များတွင် (၁၃)ဖွဲ့ခန့် ဖွဲ့စည်းထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် အခမ်းအနားကို မွန်ပြည်ကာကွယ်ရေးတပ် – MSDF (မြောက်ပိုင်းဒေသ ဦးစီးကော်မတီ) ဦးဆောင်ကာ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းပြီး တော်လှန်ရေး နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

 (၆) ရှမ်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း (၅၄)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ အများဆုံး ထိတွေ့မှု ရှိနေသည်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကိုးကန့်(MNDAA) နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်သည်။ တဖန် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း (၁၉)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်သည် လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် မုံးကိုး (မိုင်းယော်) နှင့် အခြား ဒေသတွင် တိုက်လေယာဥ်ဖြင့် (၅) ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အခြားတဘက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုလည်းရှိနေသည်။

 () ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၄ မှ ၇ အထိ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၇ ဉီး၊ AA ဘက်မှ ၁ ဉီးနှင့် အရပ်သား ၂ ဉီးသေဆုံးခဲ့သည့်။ နိုဝင်ဘာလ ၉ ရက်တွင်လည်း စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် (AA)စစ်သည် အင်အား သုံးသောင်းကျော်ရှိနေပြီဖြစ်ပြီး အင်အား (၆၀၀၀) ခန့်ကိုမူ မဟာမိတ်နယ်မြေများတွင် တပ်ဖြန့်ထားသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထား သည်။ လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်မြောက်ပိုင်း (၆၀) ရာခိုင်နှုန်းခန့် ထိန်းချုပ်ထားသည်ဟု သိရသည်။

အပိုင်း(၂)

ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု၊ အိုးအိမ် ဖျက်ဆီးခံရမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှု

(၁) ကချင်ပြည်နယ်

၂၀၂၁ နိုဝင်ဘာ မှ ၂၀၂၂ ဇန်နဝါရီလအတွင်း တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် အရပ်သား ပြည်သူ(၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၄)ဦး ထက်မနည်း ရှိကြောင်းသိရသည်။ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကချင်ပြည်နယ်တွင်း ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သူ အရေအတွက် (၁၂,၄၅၀)ကျော် ရှိသည်။

(၂) ကယား(ကရင်နီ)ပြည်နယ်

၂၀၂၁ နိုဝင်ဘာ မှ ၂၀၂၂ ဇန်နဝါရီလအတွင်း တိုက်ပွဲများကြောင့် အရပ်သားပြည်သူ(၁၀၀)ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၆၅)ဦး ထက်မနည်း ရှိကြောင်း သိရသည်။ ထိုပြင် ဒေသခံ ပြည်သူများ၏ နေအိမ်များ (၁၆၀) ထက်မနည်း ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ ဖမ်းဆီးခံခဲ့ ရသည့် အရပ်သားပြည်သူ(၄၀)ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တိုက်ပွဲများကြောင့် ကရင်နီ ပြည်နယ် အတွင်းရှိ လူဦးရေ ၏ ထပ်ဝက်မျှ ဖြစ်သော (၁၅၀၀၀၀)ကျော် ခန့်သည် စစ်ဘေးရှောင်များအဖြစ် နေရပ်စွန့်ခွာကြရသည်။

(၃) ကရင်ပြည်နယ်

၂၀၂၁ နိုဝင်ဘာ မှ ၂၀၂၂ ဇန်နဝါရီလအတွင်း တိုက်ပွဲများကြောင့် ဒေသခံ ကရင် စစ်ဘေးရှောင် ပြည်သူများ ၁၈၀၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ လက်ရှိမှာတော့ KNU ထိန်းချုပ်နယ်မြေတွေအတွင်းမှ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ (၇၀၀၀၀) ကျော် ရှိနေပြီး ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့၊ ကော့ကရိတ်နဲ့ ဖာပွန်မြို့နယ်အပြင် မြဝတီမြို့နယ်ထဲမှာတော့ စစ်ဘေးရှောင် (၉၀၂၂၀)ကျော် ဟာ တောတွင်းနေရာတွေမှာ ရွှေ့ပြောင်းနေထိုင်ကြရသည်။

 (၄) ချင်းပြည်နယ်

          ချင်းပြည်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၂၀၀ ခန့်ရှိခဲ့ပြီး ယင်းအထဲ တွင် အရပ်သား ၄၆ ဉီးခန့် သေဆုံးခဲ့သည်။ ကန်ပက်လက် မြို့နယ်မှာ ပြည်သူ ၅‌ ယောက်၊ တီးတိန်မြို့နယ်မှာ ၃ ယောက်၊ ထန်တလန်မြို့နယ်မှာ ၄ ယောက်၊ ပလက်ဝ မြို့နယ်မှာ ၁၀ ယောက်ထက်မနည်း၊ ဖလမ်းမြို့နယ်မှာ ၅ ယောက်၊ မင်းတပ်မြို့နယ်မှာ ၄ ယောက်၊ မတူပီမြို့နယ်မှာ ၁၂ ယောက်၊ ဟားခါးမြို့နယ်မှာ ၃ ယောက် ဖြစ်သည်။   

          စစ်ကောင်စီတပ်က ထန်တလန်မြို့ပေါ်ရှိ အိမ်ခြေ ၈၁၃ လုံး မီးရှုဖျက်ဆီးသည့်ပြင် ဖလမ်းမြို့၊ မတူပီနှင့် မင်းတပ်မြို့တို့တွင်လည် အရပ်သားပြည်သူ၏ နေအိမ်များကို မီးရှုဖျက် ဆီးခဲ့သည်။ ဘာသာရေး အဆောက်အဉီး ၂၈ ခုလည်း ဖျက်ဆီးမီးရှုခဲ့သည်။ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ချင်းပြည်သူများ (၇၀၀၀၀) သောင်းထက်မနည်း နေရပ်စွန့်ခွါရပြီး အများစု သည် အိန္ဒိယနိုင်ငံသို့ ခိုလှုံလျက်ရှိကြသည်။

(၅) မွန်ပြည်နယ်

၂၀၂၁ နိုဝင်ဘာလ မှ ၂၀၂၂ ဇန်နဝါရီလ အတွင်း တိုက်ပွဲများကြောင့် မွန်ပြည်နယ်ရှိ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ထဲမှာ စစ်ဘေးရှောင် (၃၉၀၀)ကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရသည်။ လဂွန်းအိမ်၏ မွန်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့အထိ ကောက်ယူရရှိထားသော စာရင်းများအရ အဖမ်းအဆီးခံ အရပ်သား (၂၅၈) ဦး ကျန်ရှိနေသေးပြီး အာဏာသိမ်းမှု ရက်ပေါင်း (၃၅၉) ရက်အတွင်း အကြမ်းဖက်နှိမ်နင်းမှုများကြောင့် မွန်ပြည်နယ် အတွင်း သေဆုံးသူ (၁၈) ဦး ရှိခဲ့သည်။

(၆) ရှမ်းပြည်နယ်

၂၀၂၁ နိုဝင်ဘာ မှ ၂၀၂၂ ဇန်နဝါရီလအတွင်း တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်တွင် အရပ်သား ပြည်သူများ (၆)ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၀)ဦးနှင့် ဖမ်းဆီးခံရသူ (၁၀)ဦး ထက်မနည်း ရှိကြောင်း သိရသည်။ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ (၃၄,၂၉၁) ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

အပိုင်း(၃)

ပြည်နယ်/လူမျိုးအလိုက် ညှိနှိုင်းတိုင်ပင်ရေးကောင်စီများ

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပအိုဝ်းအမျိူးသားဖက်ဒရယ်ကောင်စီ (PNFC) ဖွဲ့စည်းကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည့်အတွက် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းသော တိုင်းရင်းသား ပြည်နယ်/လူမျိုး အလိုက် ဖွဲ့စည်းသည့် ညှိနှိုင်းတိုင်ပြင်ရေးကောင်စီ (၆)ခု ရှိပြီးဖြစ်ပါသည်။ ၎င်းတို့မှာ ICNCC (ချင်း)၊ KPICT (ကချင်)၊ KSCC(ကရင်နီ)၊ MSICC(မွန်)၊ TPCC(တအာင်း-ပလောင်)နှင့် PNFC(ပအိုဝ်း) တို့ဖြစ်သည်။  

၎င်းတို့ထဲမှာ ချင်း(ICNCC)နှင့် ကရင်နီ(KSCC)တို့သည် ချာတာ/ဖွဲ့စည်းပုံ အခြေခံဉပဒေများ ကို အသီးသီးရေးနေဆဲဖြစ်ပြီး အတည်ပြုပြီးသည့်အခါ ပြည်နယ်အဆင့်အစိုးရများကို အသီးသီး ဖွဲ့စည်းရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။ ထိုသို့အစိုးရဖွဲ့စည်းမှုကို လာမည့်နွေရာသီအတွင်း အသီးသီး ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ခန့်မှန်းရပါသည်။ KSCC အနေဖြင့် ကရင်နီပြည်နယ် ပုံမှန် ဖွဲ့စည်းပုံ အခြေခံဉပဒေကို စတုထ္ထ အကြိမ်မူကြမ်း အဆင့်ထိ ပြီးစီးထားပြီး ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီကိုလည်း ဖွဲ့စည်းထားနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ ICNCC အနေဖြင့် ချင်းလဲန်းချာတာကို ပထမ မူကြမ်း အဆင့် ပြီးစီးပြီး အချောသတ်နိုင်ရန်အဆင့်သို့ ရောက် ရှိနေပြီဟု သိရသည်။

ကိုးကားချက်များ

၁) တိုင်းရင်း သတင်းမီဒီယာများ

၂) တိုင်းရင်း လူ့အခွင့်အရေးအဖွဲ့များ

၃) ကာကွယ်ရေးဝန်ကြီးဌာန (NUG)

၄) ISP Myanmar

၅) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ (MSICC, KSCC, KPICT, ICNCC, TPCC, PNFC)

၆) ဖက်ဒရယ်ဂျာနယ် သီးသန့် အင်တာဗျူးများ

ဖက်ဒရယ်ဂျာနယ် စုစည်းတင်ဆက်သည်။

—၀၀၀—

Spring-Revolution-in-Ethnic-Areas-2021-Nov-2022-Jan