• Today is: Friday, March 29, 2024

အာဆီယံ ကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်မည့် မူရှိဟု PPST ပြော

ဖက်ဒရယ်ဂျာနယ်
မတ် ၁၊ ၂၀၂၂

အာဆီယံကိုယ်စားလှယ် ရောက်လာရင် PPST ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်လို့ PPST ပြောခွင့်ရ ရဲဘော်မျိူးဝင်းက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းတဲ့နေရာမှာ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးဖို့ အာဆီယံ အပါအဝင် ကုလသမဂ္ဂ အပါအဝင် ပေါ့နော် အားလုံးကျွန်တော်တို့ စာရေးတောင်းဆိုခဲ့တယ်လို့ PPST ပြောခွင့်ရ ရဲဘော်မျိူးဝင်းက ပြောသည်။

ရဲဘော်မျိုးဝင်းက “နဂိုကတည်းက ကျွန်တော်တို့ပြောတာကတော့ ဗမာပြည်နိုင်ငံရေးပြဿနာကို အဖြေရှာတဲ့ နေရာမှာ နိုင်ငံတကာရဲ့ ပံ့ပိုးမှုကလည်းပဲ ဝန်းရံဖို့လည်း လိုတယ်ဆိုတာ ကျွန်တော်တို့က မူအားဖြင့် တောင်းဆိုခဲ့ တာပေါ့နော်။ ဒါကလည်း အာဆီယံကိုယ်စားလှယ်မှမဟုတ်ပါဘူး။ ကျွန်တော်တို့ ကုလသမဂ္ဂရဲ့ အထူး ကိုယ်စားလှယ် ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်ပါ။ အဓိကအရေးကြီးတာက PPST ကတောင်းဆိုနေတာက အာဆီယံ ကိုယ်စားလှယ်ပဲလာလာ၊ UN ကိုယ်စားလှယ်ပဲလာလာ နိုင်ငံတကာက ဗမာပြည်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အတွက် ကြိုဆိုတယ်။ ဒါကပြည်တွင်း ပြည်ပမှာရော ဗမာပြည်နိုင်ငံရေးရဲ့ လက်ရှိလိုအပ်ချက် ဖြစ်တယ်။ တန်းတူညီတူရှိရမယ်ဆိုတာက PPST ရဲ့ မူဖြစ်တယ်။ ဗမာပြည်ရဲ့လက်တွေ့နိုင်ငံရေးအခြေအနေ အနေအထား မျိူး ပေါ်မှာ ကျွန်တော်တို့သဘောထားတွေ တင်ပြနိုင်ဖို့အတွက်တော့ ဒီ NCA လက်မှတ်ရေးထိုး ပြီးတော့မှ ပါဝင်ခဲ့တဲ့ အသိသက်သေနိုင်ငံတွေကို အဓိကစာရေးပြီးတော့မှ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းတဲ့ နေရာမှာ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးဖို့ အာဆီယံအပါအဝင် ကုလသမဂ္ဂ အပါအဝင် ပေါ့နော် အားလုံးကျွန်တော်တို့ စာရေးတောင်းဆိုခဲ့တယ်။ ဒီအကျပ်အတည်းကို အားလုံးဝိုင်းရံ ပါဝင်ပေးဖို့ ဆိုတဲ့နေရာ မှာတော့ နိုင်ငံရေးအရပါဝင်ပေးဖို့။ ဆွေးနွေးအဖြေရှာတဲ့နေရာမှာလည်း အင်အားစု အားလုံးပါဝင် နိုင်ရေးကို ကြိုးပမ်းပြီးတော့ အဲဒီဟာတွေအားလုံးက ကျွန်တော်တို့ တစ်ချိန်လုံး နိုင်ငံတကာကို တောင်းဆိုပြီး တိုက်တွန်း နေတဲ့ တိုက်တွန်းချက်တွေဖြစ်တာပေါ့။ ဒါကြောင့် အာဆီယံကိုယ်စားလှယ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ PPST မှာကတော့ ပူးပေါင်းဆောင်ရွက်ဖို့တော့ရှိပါတယ်လို့” ဟု ပြောသည်။

အပစ်ရပ်(၁၀)ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကို ဖွဲ့စည်းထားပြီး စတုတ္ထအကြိမ် ညီလာခံ (ပထမပိုင်း)ကို ၂၀၁၉ ခုနှစ်၊မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပခဲ့သည်။ PPST ၏ လာမည့် စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း)ကို ၂၀၂၂ ခုနှစ်၊ မတ်လ နှောင်းပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ NCA-S EAO အပစ်ရပ်(၁၀)ဖွဲ့များ –

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)

၂။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

၃။ ချင်းအမျိုးသား တပ်ဦး (CNF)

၄။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)

၅။ ကရင်အမျိုးသားအစည်းအရုံး (KNU)

၆။ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)

၇။ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)

၈။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)

၉။ မွန်ပြည်သစ်ပါတီ (NMSP)

၁၀။ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။