• Today is: Thursday, March 28, 2024

သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ

သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ

ဖီလာဒဲလ်ဖီးယား ရှိ ဗီလာနိုဗာ တက္ကသိုလ်ကြီး ၏ သမိုင်းဌာန တွဲဖက် ပါမောက္ခ Lynne Ann Hartnett ပို့ချသော “The Great Revolutions of Modern History” စစ်တမ်းမှ ပြန်လည် ကောက်နှုတ် တင်ပြသည်။
နိဒါန်း
ပေါ်ပေါက်လာခဲ့သည့် တော်လှန်‌ရေးများကို မိမိတို့ လိုရာဆွဲ၍ အမွှန်းတင်ရသည်မှာ လွယ်ကူလှသည်။ လူထု သည် လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့် နှင့်အတူ ၎င်းတို့အား အစဉ်တဆက် ဖိနှိပ်အုပ်ချုပ်လာမှုများမှ လွတ် မြောက်ရာ လွတ်မြောက်ကြောင်း အတွက် မတရားမှုများကို တော်လှန်ခဲ့ကြသည် ဆိုသော အယူအဆနှင့် တော်လှန်ရေးများကို မိမိတို့ ဆက်စပ်ရှုမြင်လေ့ရှိစမြဲပင် ဖြစ်သည်။ နိုင်ငံအတော်များများ သည် မိမိတို့အား ကျွန်ဘဝမှ လွတ်မြောက်စေခဲ့ပြီး အချုပ်အခြာ အာဏာပိုင်စိုးမှုကို လက်ဝယ်သို့ အရောက်ထည့်ပေးခဲ့သည့် တော်လှန်ရေးများကို နိုင်ငံ တည်ထောင်ခဲ့မှု အဖြစ် အမှတ်သညာ ပြုခဲ့ကြသည်။
တော်လှန်ရေး ဆိုသည်က ငြိမ်းချမ်းသော နည်းလမ်းဖြင့် မိမိတို့ လိုလားချက်အား တောင်းဆိုရမည့် အရေး အတွက် လမ်းဆုံးသွားသည့် အခါမျိုးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပျက်သုံးသွားသည့် အခါမျိုးတွင် ပေါ်ပေါက် လာရစမြဲ ဖြစ်သည်။ ထို့သို့သော အခါမျိုးတွင် အခြေအနေများ ရှုပ်ထွေးလာနေပြီး ရှည်ကြာ လာသည်နှင့် အမျှ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာသည်။ တော်လှန်ရေးသည် ပိုမိုကောင်းမွန်သော လူ့အဖွဲ့ အစည်းများ နှင့် ပို၍ တန်းတူညီမျှ စွာ ဆက်ဆံခံရမှုမျိုး ကို ဖေါ်ဆောင်ပေးခဲ့သည်။ သို့သော် တော်လှန်ရေး ဆိုသည်ကား လွယ်လင့်တကူ ဖြစ်ပေါ်လာခဲ့ခြင်းမျိုး တော့ မဟုတ်ပေ။
တော်လှန်သော နည်းဖြင့် သစ်လွင်ပြီး တိုးတက်ကောင်းမွန်သော လူ့ဘောင်လောက တည်ဆောက်ရခြင်းမျိုး ဖြစ်၍ စနစ်ဟောင်းကို ရုတ်ခြည်းဆိုသလို အကြမ်းပတမ်း ဖျက်ဆီးပြစ်လိုက်ခြင်း မျိုးသည် ရှောင်လွှဲ၍ မရဘဲ ပေါ်ပေါက် လာရစမြဲလည်း ဖြစ်သည်။
တော်လှန်ရေး သည် လက်ရှိ လူ့အဖွဲ့အစည်းတခု ကို ခြုံလွှမ်းထားသော ဝတ်ရုံကြီးကို ဆွဲခါချ လိုက်ချခြင်း နှင့်အတူ လူတို့၏ အစဉ်တစိုက် ခံယူလာခဲ့မှုများကို မှောက်လှန်ပြစ်လိုက်ခြင်းမျိုးလည်း ဖြစ်သည်။ ထိုအခါ အခွင့်ထူးခံ လူတစုကသာ ကြီးစိုး ချယ်လှယ်နေခဲ့ရသည့် အဖြစ်မှ လွတ်မြောက်လာခဲ့သည် မှန်သော်လည်း အဖိနှိပ်ခံ လူတန်းစား တို့ ၏ နိုင်ငံရေး အရ ဦးစားပေး ဆောင်ရွက်လိုမှုများ နှင့် မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့် အဖြစ်မျိုးထိ ရောက်ခဲ့သည်က ရှားပါးလှသည် ဟု ဆိုရမည်ဖြစ်သည်။
အမြဲလို ပါးစပ်ပိတ် နှုတ်ဆိတ်နေခဲ့ကြရသော လူထု ကြီး ၏ အော်မြည်သံများကို ကျယ်လောင်စွာ ကြားလာ ကြရသည်။ တော်လှန်ရေးကြီးသာ မဖြစ်ခဲ့ပါက နှုတ်ဆိတ်နေခဲ့ကြရသဖြင့် အမျိုးသား၊ အမျိုးသမီးများ၏ မျှော်လင့်ချက်များ၊ အကြောက်တရားများကို သိမြင်နားလည်ခွင့်လည်း ရခဲ့ကြမည် မဟုတ်သည့်အပြင်် သမိုင်း တွင် ကျန်ရစ်ခြင်းလည်း ရှိတော့မည် မဟုတ်ပေ။
သမိုင်းတလျှောက် လူသားတို့သည် မိမိတို့အား အမြဲလို ဖိနှိပ်အုပ်ချုပ်လာသူများကို ဆက်လက်၍ သည်းခံနိုင် စွမ်း မရှိတော့သည့် အခါမျိုးတွင် ပုန်ကန်လာကြစမြဲဖြစ်သည်။ သို့သော် ယခင်ကာလများက ပုန်ကန် မှုများသည် ချက်ချင်း လက်ငင်းဆိုသလို မတရားမှုများကို တုန့်ပြန်လာခဲ့ကြရမှ ဖြစ်ပေါ်လာသော်လည်း ခေတ်သစ်တော် လှန်ရေးများက မူ ထိုသို့ မဟုတ်ပေ။
ဥရောပ ပြန်လည် ဆန်းသစ်ရေးခေတ်၊ ခရစ်ယာန် သာသနာ ပြုပြင်ပြောင်းလဲရေး ခေတ်၊ သိပ္ပံနည်းပညာများ အရှိန်အဟုန်နှင့် ပေါ်ထွန်းလာခြင်း၊၁၇ နှင့် ၁၈ ရာစုများ အတွင်း ပညာတတ် လူတန်းစားများ၏ အစဉ်အလာ တရားများ မှ ခွဲထွက်လာနိုင်ခဲ့မှုကြောင့် အသိဉာဏ်ပညာများ ထွန်းကားလာခြင်း အစရှိသည့် အကြောင်း တရားများ အောက်တွင် ပေါ်ပေါက်လာသော ကျိုးကြောင်းဆင်ခြင် သုံးသပ်မှုများစွာထဲမှ လူသားတို့၏ ကံ ကြမ္မာကို နတ်ဘုရားများက စေစားနေခြင်း မဟုတ်၊ မိမိတို့ဖာသာ ဖန်တီးရမည်ဆိုသော လူသား ဗဟိုပြု ဝါဒ၊လူသား တဦးချင်းစီ၏ လွတ်လပ်ခွင့်သည် လူအဖွဲ့အစည်း တရပ်လုံး၏ လွတ်လပ်မှုထက် ပိုမို အရေး ပါသည် ဆို‌သော အယူအဆများ နှင့် လူသားတို့၏ အတွေးအခေါ်များသည် နောက်ဘဝ ဆိုသည်ထက် လက်ရှိ ဘဝကို မည်သို့ အာရုံထားရမည် ဆိုသည်တို့ ထွက်ပေါ်လာသည်။
ရလဒ်အဖြစ် လက်ရှိ အဖြစ်သနစ်များကို မည်သို့ သည်းခံ နေထိုင်သွားရမည် ဆိုသော အစဉ်အလာ ခံယူခဲ့သည် များထက် ဖြစ်နိုင်ခြေများကို အဘယ်ကဲ့သို့ ဖန်တီးယူရမည် ဆိုသည့် အတွေးအခေါ်များ အနောက်တိုင်း လူအဖွဲ့ အစည်း အတွင်း ခေတ်စားလာခဲ့သည်။ ထိုမှတဆင့် တော်လှန်ရေးသည် နောက်မှ တဆက်တည်း လိုက်ပါလာ ခဲ့ပေတော့သည်။
မည်သည့် တော်လှန်ရေး မဆို လူသား တို့သည် ဖိနှိပ် အုပ်ချုပ်နေသူများ၏ လက်အောက်တွင် မသေရုံတမယ် ဘဝဖြင့် နှုတ်ဆိတ်နေ၍ မဖြစ်တော့ဟု ယူဆလာရာမှ ဖြစ်ပေါ်လာခဲ့ခြင်းမျိုး ပင် ဖြစ်သည်။ လက်ရှိ ဘဝအတိုင်း နေထိုင်သွားရမည့် အရေးကို ခါးခါးသီးသီး ငြင်းပယ်လာကြသည်။ ၎င်းတို့ အစဉ်အလာအတိုင်း ခံယူခဲ့သည့် အတွေး အခေါ်များ၏ နယ်နမိတ်ကို ကျော်လွန်ပြီး လူ့ဘောင်လောက ၏ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု အဆောက်အအုံသစ်များ တည်ဆောက် နိုင်ရန် မိုးကုပ်စက်ဝိုင်း အထိ ဆန့်ထုတ် တွေးခေါ်လာ ကြသည်။
အဖိနှိပ် အအုပ်စိုးခံ လူတန်းစားများသည် မိမိတို့၏ တိုးတက်ရာ တိုးတက်ကြောင်း နှင့် ဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း များ အား လက်တဆုပ်စာ အုပ်စိုးသူ လူတန်းစားများက တားဆီး ပိတ်ဆို့နေကြသည်ကို သိမြင် လာကြပြီး ထိုအရာတို့ကို ဥပဒေ ပြင်ပမှသော်၎င်း၊ အကြမ်းဖက်သည့် နည်းလမ်းများဖြင့် သော်၎င်း ဖယ်ရှားရန် လက်မနှေး ကြတော့ပေ။
တော်လှန်ရေး တခု အောင်မြင်သွားသည့် အခါတိုင်း နောက်လာ လတံ့သော တော်လှန်ရေးများ အတွက် လမ်းပြ တိုင်များ စိုက်ထူ ပေးသွားခဲ့ကြစမြဲပင် ဖြစ်သည်။ လက်ရှိ ခေတ်သစ် ကမ္ဘာကြီးတွင် ဆက်သွယ်ရေး နှင့် သယ်ယူ ပို့ဆောင်ရေး ကွန်ယက်ကြီး များ တဟုန်တိုး လျှင်မြန်စွာ ဖြစ်ပေါ်လာနေသည်နှင့် အမျှ ကမ္ဘာကြီးသည် ရွာကြီး တရွာ အဆင့် ရောက်ရှိလာပြီ ဖြစ်၍ တော်လှန်ရေးသည် ပို့ကုန်တခု သဖွယ် ဖြစ်လာပြီး လျှင်မြန်စွာ ကူးစက်လာ နိုင်ပေသည်။ ဆိုလိုသည်က လူများ နှင့် အစိုးရ ဖွဲ့စည်းတည်ဆောက်ပုံ ရှိသည့် နေရာတိုင်းလိုလို တွင် တော်လှန် ရေးဆိုသည့် ပုဂ္ဂိုလ် သည် အလွယ်တကူ တည်းခိုရာ ရှာ၍ရသည့် သဘောပင် ဖြစ်သည်။
တော်လှန်ရေး ဆိုသည့် ဇာတ်ထုတ်တိုင်းလိုလို တွင် လူသည် အဓိက ဇာတ်ကောင် အဖြစ် ပါဝင်ခဲ့ရစမြဲ ဖြစ် သည်။ သို့သော် ပြင်းထန်စွာ ဖြစ်ပေါ်လာသော အချို့တော်လှန်ရေး များတွင် လူတို့သည် လှုံ့ဆော် ခံရ၍ ပါဝင်လာခဲ့ရခြင်းမျိုး ဖြစ်ပြီး တိုက်ရိုက် သူ့အလိုအလျှောက် ဆင်နွှဲလာခဲ့ခြင်းမျိုး မဟုတ်ဆိုသည်ကို တော့ သတိမူရမည် ဖြစ်သည်။
တော်လှန်ရေး တိုင်းကို ဆန်းစစ်ကြည့်မည်ဆိုလျှင် လူ့အဖွဲ့အစည်းများ၊ ယဉ်ကျေးမှု နှင့် နိုင်ငံများဟူ၍ ဖွင့်ဆို ပြဋ္ဌာန်းရန် အထောက်အကူ ပြုလာသည့် မတူ ကွဲပြားမှုများကို တွေ့ရှိလာမည် ဖြစ်သည်။ ထိုအခါတွင် တူညီသော လူ့သဘာဝ နှင့် အတွေ့အကြုံများကိုလည်း တွေ့ရမည် ဖြစ်သည်။ ပထဝီ အနေအထား နှင့် အချိန် ကာလ ကွာခြားမှု ရှိခဲ့သော်လည်း တော်လှန်ရေး တိုင်းသည် လူ့ဂုဏ်သိက္ခာတရားများအား အလေးမထားဘဲ မခံမရပ်နိုင်လောက် အောင် စော်ကားမော်ကား ဆက်ဆံခံလာကြ၍ ဖြစ်သည်ဆိုသော အကြောင်းတရား တူညီမှုကို တွေ့ကြရမည် ဖြစ်သည်။
လူ့အစည်းအရုံးဝင်များသည် ဖိနှိပ်သူ တို့ ခြေဖဝါးအောက်တွင် ရေငုံနှုတ်ပိတ် ခေါင်းငုံ့ခံ မနေကြတော့ဘဲ အနာဂတ် သစ်ကို ဖန်တီးရန် ဆိုသည့် စိတ်ကူးစိတ်သန်းများ အကြားမှ ပေါ်ပေါက်လာသည့် ကြီးမားသော မျှော်လင့်ချက်များ၊ အသက် အန္တရာယ် ကို မမှုဘဲ တွန်းထိုး ရုန်းကန်လာခဲ့မှုများကို ပါ တွေ့ကြရမည် ဖြစ်သည်။
လက်ရှိ စစ်တမ်းသည် ကမ္ဘာတဝှမ်းတွင် လွန်ခဲ့သော နှစ်ပေါင်း သုံးရာ အတွင်း ဖြစ်ပွားခဲ့သည့် တော်လှန်ရေးကြီး များ၏ အကျိုး အပြစ်များကို ဆန်းစစ်သွားမည် ဖြစ်သည်။ ဥရောပ မှသည် မြောက်အမေရိက၊ တောင်အမေရိက မှသည် အာရှ တခွင် ဖြစ်ပွားခဲ့သော တော်လှန်ရေးကြီးများ ထဲတွင် မည်သည့်နည်းက ရေရှည်တည်တံ့မှု ရှိသည် ကိုပါ ဆန်းစစ်သွားမည် ဖြစ်သည့်အတွက် အောင်ပွဲခံနိုင်ခဲ့သူများ နှင့် ကျရှုံးသွားခဲ့ရသူများ၏ စစ်တမ်းသည် မပါမဖြစ် ပါရှိလာရမည်သာ ဖြစ်သည်။

Hla Soe wai (လှစိုးဝေ)
ဖက်ဒရယ်ဂျာနယ်
မတ် ၆၊ ၂၀၂၂